News @ M-Media

Blog

  • မန္တလေးတက္ကသိုလ်ကို ပစ်မထားကြပါနှင့်

    မန္တလေးတက္ကသိုလ်ကို ပစ်မထားကြပါနှင့်

    Mandalay University

    ဆူးငှက်

    တကယ်တော့ မန္တလေးတက္ကသိုလ်ဟာ မြန်မာလူမျိုး များရဲ့ ဝံသာနုစိတ်နဲ့ ဇာတိမာန်သက်သက်ကတစ်ဆင့် အမြော်အမြင်ကြီးစွာ ပေါ်ပေါက် ခဲ့ရတဲ့ မြန်မာတွေ မျိုးစေ့ချ၊ ပျိုးထောင်၊ ပေါင်းသင်၊ ရှင်သန်၊ ကြီးထွား၊ ပွင့်လန်းခဲ့တဲ့ မြန်မာအမျိုးသားတက္ကသိုလ်ကြီး ဖြစ်ပါ တယ်။ အင်္ဂလိပ် အစိုးရရဲ့ တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့ ရန်ကုန်တက္က သိုလ်ကျောင်းသားတွေ စတင် ခဲ့တဲ့ သပိတ်တိုက်ပွဲရဲ့ အသီးအပွင့် လည်းဖြစ်ပါတယ်။ ဒီအသီးအပွင့်ကြောင့် ၁၉၂၅ ခုနှစ်မှာ မန္တလေး မြို့မိမြို့ဖများ အားထုတ်မှုနဲ့ မန္တလေးဥပစာကောလိပ် ဖွင့်လှစ်ခွင့်ရခဲ့တယ်။

    ၁၉၂ဝ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီး စတင် ပေါ်ပေါက် လာခဲ့ပြီးနောက် အမျိုးသားကျောင်း၊ အမျိုး သားကောလိပ်နဲ့ အမျိုးသားပညာရေး တောင်းဆိုမှုတွေနဲ့ အတူ အထက်ဗမာပြည် မန္တလေးမြို့မှာလည်း ဥပစာ ကောလိပ်တစ်ခုဖွင့်လှစ်ပေးဖို့ မန္တလေးမှာရှိကြတဲ့ ဗဟို စည်ဦးဘဦး၊ ကျောက်စာဝန်တော်စိန်ခိုနှင့် ရသေ့ကြီး ဦးခန္တီတို့ ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆိုကြ ပါတယ်။ အကယ်၍ အင်္ဂလိပ်အစိုးရက မလိုက်လျောရင် မန္တလေးမြို့ လူထုအနေနဲ့ ကိုယ့်အလှူငွေနဲ့ကို၊ ကိုယ့်မြို့မှာ ကိုယ့်ကောလိပ် ကိုယ်ကိုယ်တိုင် ဖွင့်ကြ မယ်လို့တင်ပြလာကြတယ်။ နိုင်ငံရေးမျက်နှာစာ မှာလည်း ဂျီစီဘီအေ ဦးချစ်လှိုင်က ဦးဆောင်ပြီး တောင်းဆိုကြ တယ်။ တစ်ဆက်တည်း ဝံသာနုခေါင်းဆောင် ဦးဘဘေ က ဥပဒေပြုကောင်စီမှာ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ဖို့ ဥပဒေအကြမ်း တင်ခဲ့တယ်။ ပထမအဆင့်အနေနဲ့ ၁၉၂၄ ခုနှစ် ဧပြီလမှာ အစိုးရက ဥပဒေကို ပြင်ဆင်ဖို့ အတည်ပြုပေးခဲ့ရတယ်။ ဒါ့အပြင် ၁၉၂၄ ခုနှစ် ပြင်ဆင်ချက် ဥပဒေအရ အထက်ဗမာပြည်မှာ ဥပစာကောလိပ်ကို စတင် ဖွင့်လှစ်ဖို့ ကော်မတီဖွဲ့စည်း နိုင်ခဲ့တယ်။ ဒါကြောင့် အထက်ဗမာပြည် အတွက် ဥပစာ ကောလိပ်ကို မန္တလေးမြို့တောင်ပြင် ဗောဓိကုန်းရပ်ကွက် မှာရှိတဲ့ သိပ္ပံကျောင်းဝင်းထဲက တစ်ထပ်အုတ်တိုက်နီ ကလေးမှာ ၁၉၂၅ ခုနှစ် ဇူလိုင် ၄ ရက်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။

    အခုမန္တလေးတက္ကသိုလ်ဝင်းထဲ အဝင်မုခ်ဦး အကျော်လမ်းအရှေ့ဘက်က အုတ်တိုက်နီလေးပါ။ တက္ကသိုလ်သက်တမ်းတစ်လျှောက်လုံး အင်ဂျင်နီယာ ရုံး အဖြစ် ဖွင့်လှစ်ခဲ့တဲ့နေရာလေးပါပဲ။ အခုလက်ရှိမြင်နေရ တဲ့ မန္တလေး တက္ကသိုလ် ပင်မအဆောက်အအုံကြီးကတော့ ၁၉၂၁ ခုနှစ်မှာ အုတ်မြစ်ချပြီး ၁၉၂၄ ခုနှစ်မှာ စိုက်ပျိုး ရေး သိပ္ပံရုံးအဖြစ် ဖွင့်လှစ်ခဲ့တာပါ။

    မန္တလေးဥပစာကောလိပ် စပြီးဖွင့်လှစ်တော့ ကောလိပ်အုပ်ချုပ်ရေးအဖွဲ့မှာ ကပ္ပတိန်ကျော်ညွန့်က သဘာပတိအဖြစ်ဆောင်ရွက်တယ်။ မစ္စတာ ထင်ဝီ (M.A)က ကျောင်းအုပ်ကြီးနဲ့ အင်္ဂလိပ်ဘာသာကထိက၊ ဦးဖိုးသာ (M.Sc)က ရူပဗေဒနဲ့ ဓာတုဗေဒကထိက၊ ဦးလှပေါ်ဦး (M.A) က သင်္ချာကထိက၊ ဦးဘကျား(B.A)က ပါဠိမြန်မာစာ၊ မစ္စတာအက်စ်ဒါမိုဒါရမ်က သိပ္ပံ ပညာ နည်းပြတို့ ဖြစ်ကြတယ်။ မန္တလေးဥပစာကောလိပ် စဖွင့်တော့ ကျောင်း သူနှစ်ယောက်အပါအဝင် ကျောင်းသား ၃၁ ယောက်ရှိတယ်။ ဖွင့်လို့ တစ်နှစ်အကြာ ၁၉၂၆ ခုနှစ် သြဂုတ်လရောက်တော့ ဥပဒေပြုကောင် စီမှာ ရွှေတောင် ကြားပါတီက မန္တလေးဥပစာကောလိပ်က ကျောင်းသား နည်းလို့ ပိတ်ပါဆိုပြီး အဆိုတင်တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ မန္တလေးဥပစာ ပိတ်ပင်ရေးအစီအစဉ် ကတော့ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲအနေနဲ့ နောက်မဆုတ်ဘူး။ ၁၉၃ဝ ပြည့်နှစ်ရောက်တော့ မန္တလေးဥပစာကောလိပ်ပိတ် ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး မန္တလေးမြို့ မြို့မိမြို့ဖတွေ ကလည်း ကန့်ကွက်ကြတယ်။ အိမ်တော်ရာ ၁၄ ခန်း ဇရပ်မှာလည်း ကျောင်းသားတွေက ရဟန်းပျိုသမဂ္ဂ၊ ဈေးချိုတော်၊ မန္တလေးမြို့ခံတွေနဲ့အတူ ကန့်ကွက်သပိတ် မှောက်ကြတယ်။ ဒါကြောင့် မန္တလေးဥပစာကောလိပ် ပိတ်ရေးကိစ္စဟာ အောင်မြင်မသွားခဲ့ပါဘူး။ အင်္ဂလိပ်အစိုးရ အနေနဲ့ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲကြောင့် အကျပ်အတည်း ကျရောက်နေတာကြောင့်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့စစ်ကြီးဖြစ်ပွားတော့ ဖွင့်လှစ်ဆဲမန္တလေး ဥပစာကောလိပ်ကို ဥပစာကောလိပ်ရဲ့ ကျောင်းသား ဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိဥပစာကောလိပ် ဓာတုဗေဒဆရာဖြစ်သူ ဦးကိုလေး (ဇေယျာမောင်)က စောင့်ရှောက်ရတယ်။ မန္တလေးကိုလည်း စစ်ရောက်ရော ဥပစာကောလိပ်လည်း ပိတ်လိုက်ရတယ်။

    စစ်ကြီးပြီးတော့ မန္တလေးဥပစာကောလိပ်ပြန်ဖွင့်လှစ် နိုင်ရေးကို ဆရာကြီးဦးရာဇတ်နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်)တို့ပဲ ပြန်လည် ဦးဆောင် ဆောင်ရွက်ကြ တယ်။ အင်္ဂလိပ်အစိုးရအနေနဲ့ကတော့ မသိလိုက်မသိ ဘာသာပါပဲ။ စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအစိုးရ ဖွဲ့တော့ ဦးရာဇတ် ဝန်ကြီးတာဝန်အယူ ရန်ကုန်ရောက်စဉ် မန္တလေးဥပစာကောလိပ်ဖွင့်လှစ်နိုင်ရေးကို ဆရာဦးကိုလေးနဲ့ ထပ်မံကြိုးစား ကြပြန်တယ်။ ဒါကြောင့် ၁၉၄၇ ခုနှစ် မေ ၂၉ ရက်မှာပဲ ဆရာဦးကိုလေး (ဇေယျာမောင်)ကို ကျောင်းအုပ်ကြီးအဖြစ်ခန့်အပ်ပြီး မန္တလေး ဥပစာကောလိပ် ပြန်လည်ဖွင့်လှစ်ဖို့ တာဝန်ပေး လိုက်ပါတယ်။

    စစ်ကြီးကြောင့် ပျက်စီးသွားတဲ့ ပရိဘောဂတွေ၊ ကျောင်းဆောင်တွေ ပြန် လည် ရရှိဖို့ အခက်အခဲအမျိုးမျိုးကို ဆရာဦးကိုလေး(ဇေယျာမောင်)ဟာ ကြိုးစားကျော်ဖြတ်ပြီး ၁၉၄၈ ခုနှစ် ဇွန်လရောက်မှ မန္တလေးယူနီဗာ စီတီကောလိပ် အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာပါ။ စိုက်ပျိုးရေးသိပ္ပံရုံး အဖြစ် အသုံးပြုဆဲဖြစ်တဲ့ ပင်မအဆောင်ကြီးကိုလည်း မန္တလေးယူနီဗာ စီတီကောလိပ် ပင်မစာသင်ဆောင်ကြီး အဖြစ် ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ မန္တလေးယူနီဗာ စီတီကောလိပ်ဖွင့်ပွဲကို မန္တလေးမြို့ လူထုကလည်း ဝမ်းပန်းတသာ ပါဝင်ဆင်နွှဲကြတယ်။

    မန္တလေးယူနီဗာစီတီကောလိပ်ဖွင့်လှစ်နိုင်ရေးကို အစွမ်းကုန်ကြိုးစားခဲ့တဲ့ ဆရာကြီး ဦးရာဇတ်ကတော့ ဖွင့်ပွဲမတိုင်ခင် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်ကပဲ မသမာသူတို့ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရှာပြီပေါ့။

    ဒီဥပစာကောလိပ်ကလည်း အတိုက်အခံ အခက် အခဲအမျိုးမျိုးကြားက ရုန်းကန်ပြီး ဆရာကြီးဦးရာဇတ်နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်) တို့ ကျေးဇူးကြောင့် ၁၉၄၈ ခုနှစ် ဇွန်လမှာ မန္တလေးယူနီဗာစီတီကောလိပ် အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခဲ့ပြီးတဲ့နောက် မြို့မိမြို့ဖတွေ ဆက်လက် အားထုတ်ကြိုးပမ်းခဲ့ကြလို့လည်း ၁၉၅၈ ခုနှစ် ဇွန် ၁ ရက်မှာ မန္တလေး တက္ကသိုလ်အဖြစ် သီးခြား ရပ်တည်ခဲ့တယ်။ ပြောင်းလဲလာတဲ့ ပညာရေး စနစ် တွေကြောင့် ၁၉၆၄ ခုနှစ်မှာ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် အသွင်ပြောင်းခဲ့ရတယ်။ ၁၉၈ဝ ပြည့်နှစ်မှာ တော့ မန္တလေးတက္ကသိုလ်ဆိုတဲ့ မူလအမည်နဲ့ တည်ရှိခဲ့ တာပါ။

    မန္တလေးဥပစာကောလိပ်မှသည် မန္တလေးတက္ကသိုလ် ဆိုတဲ့ ဖြတ်သန်းမှု သမိုင်းရှည်ကြီးအတွင်း ဒီတက္ကသိုလ် ကြီးက ဂုဏ်ရောင်ပြောင်တဲ့ နိုင်ငံရေး သမားတွေ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာကြီးတွေ၊ အရပ် ဘက်၊ စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေ၊ ဌာနဆိုင် ရာ ပညာရှင်ကြီးတွေ၊ ပါမောက္ခကြီးတွေ မွေးထုတ်ပေးခဲ့ ရုံမက အနုပညာရှင်ပေါင်းများစွာ၊ အားကစားသမား ပေါင်းများစွာလည်း မွေးထုတ်ပေးခဲ့ပါတယ်။

    အခု… ခေတ်ပြောင်း စနစ်ပြောင်းချိန် ရန်ကုန် တက္ကသိုလ်ကြီးရဲ့ ပြန် လည်မွေးဖွားခြင်း အတိတ်ကောင်း နိမိတ်ကောင်းတွေနဲ့အတူ သမိုင်းအစဉ်အလာကြီးမားတဲ့ မန္တလေးတက္ကသိုလ်ကြီးကလည်း ဒီအချိန်အခါကောင်းမှာ လမ်းကြောင်းမှန်ပေါ် ပြန်လည်နိုးထ ရှင်သန်ဖို့ ကောင်းပါ တယ်။

    တကယ်တော့ ၁၉၂၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ မန္တလေး ဥပစာကောလိပ်ဟာ ၂ဝ၁၆ ခုနှစ်မှာ ၉၁ နှစ်တင်းတင်း ပြည့်ပါပြီ။ ဒါဟာ မန္တလေးအတွက် သာမက တစ်မျိုးသား လုံးအတွက် ကောင်းမွေပါပဲ။

    ပညာရေးကို အထူးဦးစားပေးပြီး ပြုပြင် ပြောင်းလဲကြမယ့် ခေတ်ပြောင်း စနစ်ပြောင်းမှာ သက်တော်ရှည် မန္တလေး တက္ကသိုလ်ကိုလည်း ပစ်မထား ကြပါနှင့်…။ ။

    ၁၉၊၄၊ ၂၀၁၆ ကြေးမုံ သတင်းစာမှ ကူးယူဖော်ပြသည်။

  • ၃ ပွဲဆက်အရှုံးနဲ့ ချန်ပီယံဖြစ်ရေး ဖိအားဝင်လာတဲ့ ဘာကာ

    ၃ ပွဲဆက်အရှုံးနဲ့ ချန်ပီယံဖြစ်ရေး ဖိအားဝင်လာတဲ့ ဘာကာ

    ဧပြီ ၁၉၊ ၂၀၁၆
    M-Media

    laliga

    – ဒီတစ်ပတ်လာလီဂါမှာတော့ ဘာစီလိုနာက ၃ ပွဲဆက်အရှုံးကို ကြုံတွေ့ခဲ့ရပြီး ချန်ပီယံဖြစ်ရေး အိမ်မက်တွေ မှေးမှိန်လာခဲ့ရပါတယ်။

    ရီးယဲလ်နဲ့ ဆိုစီဒက်တို့ကို ၂ ပွဲဆက် ရှုံးထားတာ၊ ချန်ပီယံလိဂ်မှာ အက်သလက်တီကိုကိုရှုံးပြီး ထွက်ခဲ့ရတာတွေကြောင့် ဘာစီလိုနာဟာ အိမ်ကွင်းမှာ ပွဲအစကတည်းက ဖွင့်ကစားခဲ့ပြီး ဗလင်စီယာဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် တစ်ကယ်တမ်းဂိုးရသွားတာကတော့ ဧည့်သည်အသင်းဖြစ်ပြီး ၂၆ မိနစ်မှာ ရာကီတစ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းရဲ့ နောက်ဆုံးမိနစ်တွေမှာ ဘာစီလိုနာဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့တဲ့ ဗလင်စီယာ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဆန်တီမီနာက သွင်းယူပေးခဲ့တာပါ။

    ဒုတိယပိုင်းမှာလည်း တောက်လျှောက်ဖိအားပေးကစားခဲ့တဲ့ ဘာကာတို့ ၆၃ မိနစ်မှာ မက်ဆီရဲ့ ၁ ဂိုးသာ ရခဲ့တဲ့အတွက် အိမ်ကွင်းမှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီး လာလီဂါချန်ပီယံဖြစ်ရေး အခွင့်အလမ်းက မရေရာ ဖြစ်လာခဲ့ရပါပြီ။

    ဒုတိယနေရာက အက်သလက်တီကိုကတော့ တန်းဆင်းဇုန်နားရှိနေတဲ့ ဂရာနာဒါကို ၃ ဂိုးပြတ်နဲ့အနိုင်ယူပြီး ဘာကာနဲ့ အမှတ်တူ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ရီးယဲလ်ကလည်း အဝေးကွင်းမှာ အောက်ဆုံးက ဂီတာဖေးကို ၅ ဂိုး ၁ ဂိုးနဲ့ နိုင်အောင်ကစားနိုင်ခဲ့လို့ ထိပ်ဆုံး ၂ သင်းနဲ့ ၁ မှတ်သာ ကွာတော့ကာ ချန်ပီယံဖြစ်ရေး မျှော်လင့်လာနိုင်ပြီဖြစ်ပါတယ်။

    laliga 2ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၃၃ ရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    လီဗန်တေး ၂-၁ အက်စပန်ညို
    ဂီတာဖေး ၁-၅ ရီးယဲလ်
    လက်စ်ပါးလ်မက်စ် ၁-၁ စပို့တင်းဂီဂျွန်
    အိုက်ဘာ ၂-၁ ရီးယဲလ်ဆိုစီဒက်
    ဆဲလ်တာဗီဂို ၁-၁ ရီးယဲလ်ဘက်တစ်
    မာလာဂါ ၀-၁ ဘီဘာလ်အို
    ဆီဗီးလား ၁-၁ ဒီပို့တီဗို
    အက်သလက်တီကို ၃-၀ မာလာဂါ
    ဗယ်လက်ကာနို ၂-၁ ဗီလာရီးယဲလ်
    ဘာစီလိုနာ ၁-၂ ဗလင်စီယာ

  • ?ဒုက္ခသည်စခန်းမှ ဇွဲသတ္တိရှင်ကျောင်းသား၊သူများ?

    ?ဒုက္ခသည်စခန်းမှ ဇွဲသတ္တိရှင်ကျောင်းသား၊သူများ?

    ဧပြီ ၁၈ ၊ ၂၀၁၆
    Dr-ကိုကိုကြီး ရေးသည်။
    .Kyout Ta Lone
    ဒီနေ့မနက် ၁၀ နာရီလောက်မှာပါ
    ကျွန်တော့်စာရေး စားပွဲပေါ်ကဖုန်းသံမြည်လာလို့
    ကောက်ကိုင်လိုက်ပါတယ်…
    .
    ဟယ်လို…ကျွန်တော်ကိုကိုကြီးပါ
    ဟုတ်ကဲ့….ကျွန်တော် ဆရာဦးမြလွင်ပါ
    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့
    ကျောက်တစ်လုံးတောင် ဒုက္ခသည် စခန်းက
    ကျောင်းအုပ်ဆရာကြီးပါလို့ပြောရင်း….
    .
    ဖုန်းသံတစ်မိနစ်လောက် တိတ်ဆိတ်သွားပါတယ်
    ပြီးမှ ကြေမွအက်ကွဲနေတဲ့ငိုသံနဲ့
    ဆရာတို့ကိုကျေးဇူးတင်စကားလေးပြောချင်လို့ပါ
    ဆရာတို့လိုကူညီခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်
    အရမ်းကို အရမ်းကို ကျေးဇူးတင်ပါတယ်။
    .
    ဆရာတို့အားလုံးရဲ့ ပံ့ပိုးကူညီခဲ့မှုရယ်
    ကလေးတွေအားလုံးရဲ့ ကြိုးစားမှုရယ်
    ကျွန်တော့်ရဲ့ ဆရာ၊ ဆရာမတွေရဲ့ပင်ပန်းခံမှုတွေရဲ့
    အသီးအပွင့်အဖြစ် ဒီနှစ် ဒုက္ခသည် စခန်းမှ
    အဋ္ဌမတန်းဝင်ရောက်ဖြေဆိုသူ၊ ၁၂ ဦးအနက်
    ၁၁ ဦးအောင်မြင်ခဲ့ပါတယ်၊ အောင်ချက် ရာနှုန်း
    အကောင်းဆုံးကျောင်းဖြစ်ခဲ့ပါတယ်ဆရာ။
    ကျန်တဲ့အတန်းတွေက ကျောင်းသား၊ကျောင်းသူ
    တွေလည်း ရာနှုန်းပြည့် နီးပါးအောင်ကြပါတယ်ဆရာ။
    .
    ကျွန်တော်ဝမ်းသာလွန်းလို့ မနက်ကလည်းငိုပါတယ်
    အခုလည်းငိုနေပါတယ်ဆရာ….
    .
    ဆရာဦးမြတ်ဦးမြတ်လွင်ရယ် ဝမ်းသာလွန်းလိုကျတဲ့
    မျက်ရည် ငရဲမီးကိုတောင်ငြိမ်းနိုင်ပါတယ်….ဆရာ
    အခုကျွန်တော်လည်း ဆရာစကားကြောင့်
    ဝမ်းသာ မျက်ရည်ကျနေရပါပြီဆရာ….လို့ဝမ်းနည်း
    ဝမ်းသာပြန်ပြောခဲ့ပါတယ်။
    .
    ၄ နှစ်တာဆိုတဲ့ကာလကို
    ဆန်ကြမ်းနဲ့ပဲကိုစား၊ မြောင်းရေ ကိုသောက်၊
    တဲစုတ်မှာနေ ၊ သူများလှူတာကိုဝတ်ပြီး
    ကလေးတွေကိုဒုက္ခခံပြီး ပညာသင်ကြားပေးခဲ့ကြတဲ့
    ဆရာကြီးနဲ့တကွ ဆရာ၊ဆရာမတွေ
    ကြိုးစားသင်ယူခဲ့ကြတဲ့ကျောင်းသား၊ ကျောင်းသူ ငယ်တွေရဲ့

    ဇွဲကို ကျွန်တော်အလေးအမြတ်ပြုပါ၏။
    သတ္တိကို ကျွန်တော်အလေးအမြတ်ပြုပါ၏။
    သည်းခံနိုင်စွမ်းကို ကျွန်တော်အလေးအမြတ်ပြုပါ၏။
    .
    အို….ကိုယ်တော်အသျှင်မြတ် သူတို့ရဲ့ဘဝနဲ့ဒုက္ခကို
    ပယ်တော်မူပါ။……….အာမိန်း။
    .
    မေတ္တာဖြင့်
    ဒေါက်တာကိုကိုကြီး
    .
    မှတ်ချက်။ ။ ဆရာကြီးဦးမြတ်လွင်ရဲ့ခွင့်ပြုလျက်အရ
    ဒီဂုဏ်ပြု ပို့စ်လေးကို ရေးဖြစ်ပါတယ်။
    =========================
    ရခိုင်ပြည်အနှံအပြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအနက်
    ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့်
    ကျောက်ဖြူမြို့မှ ကမန်တိုင်းရင်းသားများ အပါအဝင် အစ္စလာမ်ဘာသာဝင်များမှာ
    ဒုက္ခသည် စခန်းသို့ ရောက်ရှိခဲ့ရပြီး လူပေါင်း ၁၂၀၀ ကျော်မှာ
    မိမိတို့ နေအိမ်များသို့ ပြန်ခွင့်မရသေးဘဲ ယခု အဆိုပါ ကျောက်တလုံးတောင် ဒုက္ခသည်စခန်းတွင်
    နေထိုင်နေရသည်မှာ ၃ နှစ် ကျော်ရှိပြီ ဖြစ်ပါသည်။

    ===========================
    M-Media သို့ စာမူများပေးပို့လိုလျင် [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

  • တောင်းတင်းသည့်စစ်အင်အားက အီရန်ကို လုံခြုံစေသည်ဟု သမ္မတ ရူဟာနီ ပြော

    တောင်းတင်းသည့်စစ်အင်အားက အီရန်ကို လုံခြုံစေသည်ဟု သမ္မတ ရူဟာနီ ပြော

    ဧပြီ ၁၈၊ ၂၀၁၆
    M-Media

    iran 11

    – အီရန်သမ္မတ ရူဟာနီက တောင့်တင်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ အီရန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား၊ ပထ၀ီဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ စည်းတွေကို လုံခြုံအောင် ကာကွယ်စောင့်ရှောက်မှုပေးနေတယ်လို့ မနေ့က တီဟီရန်မြို့မှာ ကျင်းပခဲ့တဲ့ အီရန်ရဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

    “နိုင်ငံရဲ့ တောင့်တင်းတဲ့ စစ်အင်အားကြောင့် ဒေသတွင်းမှာ သိပ်အစွမ်းထက်လှပါတယ်ဆိုပြီး စိတ်ကြီးဝင်နေတဲ့ နိုင်ငံတွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေက အီရန်အပေါ် မျက်စောင်းတောင်မထိုးရဲပါဘူး”

    နောက်ပြီး ဒေသအတွင်းမှာ အီရန်ဟာ တည်ငြိမ်အေးချမ်းနေတာကလည်း အဲဒီ စစ်အင်အားကြောင့်ဖြစ်ကြောင်း၊ အီရန်နိုင်ငံရဲ့ စွမ်းပကားတွေဟာ ကာကွယ်ရေးရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ မွတ်စလင်ကမ္ဘာက နိုင်ငံတွေကို ဘယ်တော့မှ ပစ်မှတ်ထားမှာမဟုတ်ကြောင်း ရူဟာနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    အီရန်နိုင်ငံဟာ အမျိုးသားအကျိုးစီးပွားတွေကို ထိန်းသိမ်းကာကွယ်ဖို့ သံတမန်နည်းလည်းနဲ့လည်း လုပ်ဆောင်နေပြီး၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ နျူကလီးယားညှိနှိုင်းမှုတွေ ဆွေးနွေးစဉ်အတွင်းမှာလည်း အီရန်သံတမန်တွေဟာ နိုင်ငံရဲ့စစ်အင်အား ကောင်းမွန်တိုးတက်အောင် ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။

    ယမန်နေ့က ကျရောက်တဲ့ အီရန်တပ်မတော်နေ့အခမ်းအနားကို နိုင်ငံ့ဦးသျှောင်ကြီးတစ်ဦး ဖြစ်ခဲ့တဲ့ အီမာမ်ခိုမေနီရဲ့ ရုပ်ကလပ်မြှုပ်နှံထားရာ ပရဝုဏ်အတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ နိုင်ငံရဲ့ နောက်ဆုံးထုတ်လုပ်ထားတဲ့ လက်နက်တွေကိုလည်း ပြသခဲ့ပါတယ်။

    Ref: Presstv

  • ဖာဂူဆန်ကဲ့သို့ နည်းပြမျိုး နှစ် ၁၀၀ တွင် တစ်ယောက်မရှိဟု ဟာနန်ဒက်ဇ်ပြော

    ဖာဂူဆန်ကဲ့သို့ နည်းပြမျိုး နှစ် ၁၀၀ တွင် တစ်ယောက်မရှိဟု ဟာနန်ဒက်ဇ်ပြော

    ဧပြီ ၁၈၊ ၂၀၁၆
    M-Media

    harnendaz

    – မန်ချက်စတာယူနိုက်တက်အသင်းမှာ ဖာဂူဆန်၏နေရာကို အစားထိုးနိုင်မည့် နည်းပြမျိုးကို လာမည့်နှစ် ၁၀၀ အတွင်း ရှာမတွေ့နိုင်ဟု တိုက်စစ်မှူးဟောင်း ဂျာဗီယာ ဟာနန်ဒက်ဇ်က ပြောကြားလိုက်သည်။

    လက်ရှိတွင် မန်ယူမှာ အဆင့် ၄ နေရာနှင့် ၅ မှတ်အကွာ အဆင့် ၅ နေရာတွင် ရှိနေပြီး နည်းပြဗန်ဂါးလ်၏ အနာဂတ်မှာလည်း မရေရာတော့ဟု သတင်းများထွက်ပေါ်နေသည်။ ဗန်ဂါးလ်နေရာကို အစားထိုးရန် ရွိုင်ယန်ဂစ်နှင့် မော်ရင်ဟိုတို့က တစ်ပြေးနေသည်။

    ဖာဂူဆန်ထွက်သွားပြီးနောက်ပိုင်း မန်ယူသို့ ရောက်ရှိလာခဲ့သည့် နည်းပြ မိုယက်စ်နှင့် ဗန်ဂါးလ်တို့မှာ ဖာဂူဆန်၏ ခြေရာကို နင်းနိုင်ခြင်း မရှိပေ။

    “ရိုးရိုးသားသားပြောရရင် ဗန်ဂါးလ်ဟာ နည်းပြကောင်းတစ်ယောက်ပါ။ ကမ္ဘာပေါ်က နည်းပြတွေလိုမျိုး သူ့မှာ ကိုယ်ပိုင် နည်းစနစ်တွေ ရှိပါတယ်။ ဖာဂူဆန်လို ပုဂ္ဂိုလ်မျိုးကို နောက်ထပ် နှစ် ၅၀၊ ၁၀၀ လောက်နေရင်လည်း ရှာတွေ့မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ တစ်မူထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဗန်ဂါးလ်က လုပ်နိုင်စွမ်းရှိသူတစ်ယောက်ပါ။ ဒါပေမယ့် ဘောလုံးမှာ အချိန်နဲ့ရလဒ်တွေက စကားပြောပါတယ်” ဟု ဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။

    ဟာနန်ဒက်ဇ်မှာ ယခုနှစ်ဘောလုံးရာသီအစက မန်ယူမှ လေဗာကူဆင်သို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

    Ref: Goal