News @ M-Media

Blog

  • နီပေါပြည်သူများ၏ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူ (သို့မဟုတ်) မွတ်စလင် ဥပဒေပညာရှင် မိုနာ အန်ဆွာရီ

    နီပေါပြည်သူများ၏ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူ (သို့မဟုတ်) မွတ်စလင် ဥပဒေပညာရှင် မိုနာ အန်ဆွာရီ

    ဧပြီ ၁၆၊ ၂၀၁၆

    M-Media
    nepal
    မိုနာ အန်ဆွာရီသည် သူမ၏မိသားစုအတွင်း ပထမဆုံးဘွဲ့ရပညာတတ်တစ်ဦးဖြစ်လာသလို၊ နီပေါနိုင်ငံ၏ ပထမဆုံးသော ဥပဒေဘွဲ့ရှင် မွတ်စ်လင်မ်တစ်ဦးလည်း ဖြစ်လာခဲ့သည်။ (ဓာတ်ပုံ – Prabhat Jha/Al Jazeera)

    – နီပေါနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ တစ်ဦးတည်းသော အမျိုးသမီးအဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ အန်ဆွာရီသည် ခွဲခြားဆက်ဆံခြင်းများအတွက် တိုက်ပွဲဝင်လျက်ရှိသည်။

    နီပေါဝန်ကြီးချုပ်ရုံးမှ မိုနာ အန်ဆွာရီထံ ဖုန်းဝင်လာသည်။ လူ့အခွင့်အရေးကိစ္စကို အစိုးရနှင့် ပူးပေါင်းအကောင်အထည်ဖော်နေသော နီပေါလူ့အခွင့်အရေးကော်မရှင်အဖွဲ့ NHRC ၌ ပါဝင်ရန် ၎င်းတို့က တောင်းဆိုခဲ့သည်။

    နီပေါနိုင်ငံတောင်ပိုင်းမြို့တော် Nepalgunj ရှိ အခြေခံလူတန်းစားအလွှာ မွတ်စ်လင်မ်မိသားစုဝင် ရှေ့နေ အန်ဆွာရီမှာ မယုံနိုင်လောက်အောင် အံ့အားသင့်သွား၏။

    “ကျွန်မ ဒီနေရာမှာ လုပ်ကိုင်ဆောင်ရွက်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့မိပါဘူး။ ကျွန်မတို့မိသားစုဝင်ထဲ ဘယ်သူမှ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်း မရှိကြဘူးလေ။ ဒါဟာ ၀ီရိယရဲ့အကျိုးရလဒ်ပါပဲ” ဟု ယခုအခါ NHRC တွင် ကော်မရှင်နာတစ်ဦးဖြစ်နေသူ မိုနာ အန်ဆွာရီ (၃၉ နှစ်)က မြို့တော် ခတ္တမန္ဒူ ဟော်တယ်ခန်းမ၌ သိမ်မွေ့စွာထိုင်လျက် ပြောကြားခဲ့သည်။

    သူမ၏ထွန်းတောက်မှုသည် နီပေါနိုင်ငံတွင် ဆယ်နှစ်ကြာ မော်ဝါဒီပုန်ကန်မှုပြီးဆုံးပြီးနောက် ပဒေသရာဇ်စနစ်အဆုံးသတ်ချိန်မှစ၍ ပြောင်းလဲလာသည့် ပုံရိပ်တစ်ခုဟု ဆိုနိုင်ပေသည်။

    လုံခြုံရေးတပ်ဖွဲ့ အလွန်အကျွံ သုံးစွဲမှုနှင့် ခွဲခြားဆက်ဆံမှု စသည့်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေရသော ကော်မရှင်အဖွဲ့ဝင်ငါးဦးအနက် သူမတစ်ဦးတည်းသာ အမျိုးသမီးဖြစ်နေခြင်းကြောင့် လုပ်ငန်းပိုင်းတွင် အလွန်ခက်ခဲစွာ ဖြတ်သန်းရကြောင်း သူမက ဆိုသည်။

    ဖွင့်ထုတ်ပြောဆိုခြင်းနှင့် ဝေဖန်ခံရခြင်း

    အမျိုးသမီးနှင့် တိုင်းရင်းသားအခွင့်အရေးများမှသည် Madhesi လူမျိုးနွယ်၏ အခြေအနေနှင့် မြေငလျင်အလွန် ပြန်လည်တည်ဆောက်ရေးနှောင့်နှေးမှုများအထိ သာမန်နီပေါပြည်သူတို့ ရင်ဆိုင်နေရသော ပြဿနာများအပေါ် အခွင့်ထူးခံ နိုင်ငံရေးအလွှာ၏ဆောင်ရွက်ချက်တို့နှင့်ပတ်သက်ပြီး အန်ဆွာရီက မကြာခဏ ထိပ်တိုက်ဝေဖန်တတ်ရာ သူမသည် ဆိုရှယ်မီဒီယာပေါ်တွင် ထင်ရှား၏။

    “Madhesi လှုပ်ရှားမှုကို စစ်တပ်စေလွှတ်ကိုင်တွယ်မှုအပေါ် ပထမဆုံး ဆန့်ကျင်ခဲ့သူက ကျွန်မ ပါပဲ။ အဲ့ဒါကို ကျွန်မက ပထမဆုံး လူသိရှင်ကြား ရင်ဆိုင်ပြောထုတ်ခဲ့တယ်လေ။ ဝေဖန်မှု အများအပြား ကြုံခဲ့ရတယ်။ ၀ါရင့်ဂျာနယ်လစ်တစ်ဦးဆိုရင် ကျွန်မကို ဆောင်းပါးရေးပြီး ဝေဖန်တဲ့အထိပါပဲ” ဟု မကြာသေးမီက ဖြစ်ပွားခဲ့သော Madhesi လူမျိုးတို့၏ ကန့်ကွက်ဆန္ဒပြမှုများကို သူမက ရည်ညွှန်းပြောဆိုသည်။ Madhesi လူမျိုးတို့သည် နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံထက်မနည်း ရှိသော်လည်း စီးပွားရေးနှင့် နိုင်ငံရေးအရ ကိုယ်စားပြုခွင့် အပြည့်အ၀ မရရှိချေ။ အခြားသတင်းစာတိုက်များကမူ သူမ၏ရပ်တည်ချက်ကို ထောက်ခံအားပေးနေကြသော်လည်း သူမသည် မီဒီယာပေါ် ရပ်မနေဘဲ ရှေ့ထွက်လုပ်သွားရဦးမည်ဟု ဆိုသည်။

    မတ်လလယ်က အန်ဆွာရီသည် Madhesi ဆန္ဒပြသူများကို အင်အားသုံးသည့်ကိစ္စနှင့်စပ်လျဉ်းပြီး ဂျီနီဗာရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံ တင်ပြခဲ့သည်။ ၎င်းနောက် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ၀န်ကြီးချုပ် KP Oli ၏ ရုံးမှ NHRC ဥက္ကဋ္ဌနှင့် အခြားအဖွဲ့ဝင်လေးဦးအား ခေါ်ူတွေ့ဆုံခဲ့၏။

    Madhesi လူမျိုးတို့မှာ သမိုင်းနှင့်ချီပြီး နိုင်ငံကိုယ်စားပြုခွင့်မရရှိခဲ့ခြင်းကို ထပ်မံ အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကြောင့် Tarai ဒေသအတွင်း ကန့်ကွက်ဆန္ဒပြမှုများ ပွင့်ထွက်လာခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ လူအသေအပြောက် အနည်းဆုံး ၅၀ ဦးရှိလာခဲ့ပြီး အများစုမှာ Madhesi လူမျိုးနွယ်များ ဖြစ်ကြသည်။ မည်သို့ဆိုစေ လူ့အခွင့်အရေးအုပ်စုများ၊ လူမှုလှုပ်ရှားသူများက အန်ဆွာရီအား ကျားကန်ပေးထားကြ၏။

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တိုက်ဖျက်ခြင်း

    ယခုသော် အန်ဆွာရီသည် အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်နေပြီဖြစ်သည်။ NHRC အဖွဲ့ဝင် မဖြစ်မီက သူမသည် နိုင်ငံတော်အမျိုးသမီးများကော်မရှင်အဖွဲ့ (NWC) ၌ ကော်မရှင်နာတစ်ဦးအဖြစ် လေးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းမှာ သူမ၏ ပထမဆုံး အစိုးရ၏ လွှဲအပ်ချက်လုပ်ငန်းကြီးဖြစ်၏။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ စီမံကိန်းတစ်ခု ၌ လုပ်ကိုင်နေချိန် ၂၀၁၀ ခုနှစ်တွင် NWC အဖွဲ့ထဲပါဝင်ရန် ဖိတ်ကြားခံရသည်။ ၎င်းမှာ ထိုကဲ့သို့ အဆင့်မြင့်ရာထူးတွင် မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးကို ပထမဦးဆုံး ခန့်အပ်ခြင်းဖြစ်ကြောင်း သူမက ပြောပြသည်။ NWC ၌ အန်ဆွာရီနှင့် ၂ နှစ်နီးပါး အတူလက်တွဲလုပ်ဆောင်ခဲ့သူ Urmila Devi Vishvakarma က သူမအတွက် မိမိတို့ ဂုဏ်ယူကြောင်း ဆိုသည်။

    ၂၀၀၆ ခုနှစ်တွင် မော်ဝါဒီတော်လှန်ရေး အဆုံးသတ်ပြီးသည့်နောက် နီပေါနိုင်ငံတွင် ဒီမိုကရေစီတံခါး ပွင့်လှစ်လာသည်။ သို့ဖြင့် အမျိုးသမီးများ၊ တိုင်းရင်းအုပ်စုကဲ့သို့ ခွဲခြားဖိနှိပ်ခံနေရသူများက မိမိတို့၏ သက်ဆိုင်ရာအခွင့်အရေးများကို ထုတ်ဖော်တောင်းဆိုလာကြသည်။

    “အရေးကိစ္စ အတော်များများကို ကျွန်မ အသံထုတ်ခဲ့တယ်။ အထူးသဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေပါ။ ဒါ့အပြင် လိင်ခွဲခြားမှုကို အဆုံးသတ်စေမယ့် ဥပဒေမူကြမ်းတစ်ရပ်ကိုလည်း တင်သွင်းနိုင်ခဲ့ပါတယ်” ဟု အန်ဆွာရီက ဖွင့်ပြောသည်။

    “သူမဟာ NGO ကျောထောက်နောက်ခံနဲ့ လာခဲ့တာကြောင့် စနစ်ကျပြီး ထက်မြက်တယ်။ နိုင်ငံတကာဥပဒေနဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သူမရဲ့အတွေ့အကြုံက သူမရဲ့လုပ်ငန်းခွင်သစ်အတွက် အထောက်အကူရစေခဲ့ပါတယ်” ဟု NWC ၏ ဥက္ကဋ္ဌဟောင်း Sheikh Chand Tara က သူမ၏ကျွမ်းကျင်မှု၊ အမြင်စူးရှမှုနှင့်ပတ်သက်ပြီး ချီးမွှမ်းစကားဆိုပါသည်။

    နီပေါနိုင်ငံ၏ ပထမဆုံး မွတ်စ်လင်မ်အမျိုးသမီး ဥပဒေဘွဲ့ရှင် ဖြစ်လာခြင်း

    သူမ၏ခရီးလမ်းက ယနေ့တိုင် လွယ်ကူချောမွေ့မှု မရှိသေး၊ အခက်အခဲအတားအဆီးများကို ကျော်ဖြတ်နေရဆဲပင်။ သူမမိသားစု၏၀င်ငွေမှာ ဖခင်ဖြစ်သူ၏ လက်သမားဆိုင်တစ်ခုတည်းမှသာ မှီခိုနေရ၏။ သူမ၏ မိဘများသည် စာပေမတတ်မြောက်ကြ။ ထို့ကြောင့် သူတို့၏ရင်သွင်းများကို ပညာတတ်များ ဖြစ်ကာ ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်စေလိုခဲ့ကြ၏။

    “နီပေါက မွတ်စ်လင်မ်မိဘတွေဟာ များသောအားဖြင့် သူတို့ရဲ့ကလေးတွေကို ခေတ်ပညာရေးကျောင်း မပို့လိုကြဘူး။ ဒါပေမယ့် ကျွန်မကတော့ အစိုးရနဲ့ တွဲဖက်ဖွင့်လှစ်တဲ့ကျောင်းကို တက်ခဲ့ပါတယ်”။

    “သားများကသာ မိသားစုကို ကြည့်ရှုစောင့်ရှောက်မည့်သူများ၊ သမီးများမှာ သူတစ်ပါးထံ သွားမည့်သူများ” ဟူ၍ ၂၇ သန်းသော ပြည်သူများစွာတို့၏အမြင်အတိုင်း သူမသည် မိသားစုအတွင်း ယောက်ျားလေးများနှင့်တန်းတူ အခွင့်အရေး မရရှိသေးပေ။

    “ကျွန်မရဲ့ အစ်ကို/မောင်တွေက အလယ်အလတ်တန်း အင်္ဂလိပ်ဘော်ဒါကျောင်း သွားရတယ်။ ကျွန်မကတော့ အစိုးရကျောင်း သွားတက်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီကနေ ဘာသာရေးပညာသာမက ခေတ်ပညာကိုပါ ရရှိခဲ့တဲ့အတွက် ကျွန်မ ၀မ်းသာပါတယ်” ဟု သူမက ရှင်းပြသည်။

    သို့သော် ကောလိပ်ပညာရေးအတွက် ငွေကြေးအခက်အခဲကြုံတွေ့ရသဖြင့် ပထမနှစ်ပြီးသည့်နောက် ကျောင်းနားခဲ့ရသည်။ ပညာသင်ဆု ရလာပြီးသည့်နောက်မှာမှ နောက်ထပ် သုံးနှစ် ပြန်တက်ခဲ့ရသည်။
    “နောက်ပိုင်းမှာ Nepalgunj က တစ်ခုတည်းသော အစိုးရကောလိပ် Mahendra Multiple College မှာ ဥပဒေဘွဲ့သင်တန်းကို စာရင်းသွင်းတက်ရောက်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်”။

    ပညာသင်ကြားဆဲကာလအတွင်း ကျောင်းငယ်များ၌ စာသင်ကြားပေးခြင်း၊ ပြင်ပနည်းပြဆရာပြုလုပ်ခြင်းဖြင့် ကျောင်းစားရိတ်ကို ကိုယ်တိုင်ရှာဖွေခဲ့ရသည်။ နယ်ခံသတင်းစာများအတွက် အမျိုးသမီးနှင့်ကလေးငယ်တို့၏ ပြဿနာများဆိုင်ရာ ဆောင်းပါးများကိုလည်း အချိန်ပေးရေးသားခဲ့သေးသည်။
    ထို့နောက်ဝယ် သူမသည် မိသားစုအတွင် ပထမဆုံး ဘွဲ့ရရှိသူ၊ ၎င်းအပြင် မွတ်စ်လင်မ်လူ့အဖွဲ့အစည်း၌ ပထမဆုံးသော အမျိုးသမီးဥပဒေဘွဲ့ရှင် ဖြစ်လာခဲ့သည်။ မွတ်စ်လင်မ်တို့သည် နိုင်ငံ့လူဦးရေ၏ ၅ ရာခိုင်နှုန်းပင် မရှိသည့်အပြင် ဆင်းရဲနွမ်းပါးကာ ပညာရေးနိမ့်ပါးနေကြ၏။

    Nepalgunj ကဲ့သို့ မြို့ငယ်လေးတွင် သူမ၏ရှေ့နေအလုပ်မှာ ဘ၀ရပ်တည်ဖို့ ရုန်းကန်ရ၏။ သူမ၏ အမှုသည်အများစုက ဆင်းရဲသူဆင်းရဲသားများနှင့် အဖိနှိပ်ခံမိန်းမသားများ ဖြစ်ခဲ့၏။ မိမိ၏ကျောထောက်နောက်ခံ အနေအထားအရ ခတ္တမန္ဒူတွင် လုပ်ငန်းစတင်လုပ်ဆောင်ရန် အလွန်အမင်း ခက်ခဲလှကြောင်း၊ သို့သော် မိသားစုက တစိုက်မတ်မတ် အားပေးကူညီခဲ့ကြောင်း၊ ၎င်းနောက် နိုင်ငံတကာ NGO များ၌ ဆက်လက် အလုပ်ဝင်ခဲ့ကြောင်း သူမက ပြောပြသည်။

    ဖျန်ဖြေဖြောင်းဖျနှစ်သိမ့်ခြင်းကို ဘယ်တော့မှ မလုပ်

    သူမ၏အလုပ်မှာ တစ်စစနှင့် အသိအမှတ်ပြုခံလာရတော့သည်။ ၂၀၁၂ ခုနှစ်တွင် သမ္မတကိုယ်တိုင် ချီးမြှင့်သော လူထုအကျိုးဆောင်ဆုတံဆိပ် Suprabal Jana Sewa Shree Award ကို ရရှိခဲ့၏။ ထိုနှစ်မှာပင် နီပေါ၏ စံပြအမျိုးသမီးများနှင့် အောင်မြင်သူများကို အသိအမှတ်ပြုသော Nava Devi Award ကို ချီးမြှင့်ခံရပြန်၏။ သို့ဖြင့် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းအတွင်း ဂုဏ်ယူဖွယ်ပန်းတစ်ပွင့် ဖြစ်လာခဲ့ပေသည်။

    “ကောင်းမွန်ထိရောက်တဲ့အလုပ်ကို သူမ လုပ်ဆောင်နေတာပါ။ ပြီးတော့ လူ့အဖွဲ့အစည်းဝင်အများအပြားရဲ့ စံပြပုဂ္ဂိုလ်စာရင်းဝင်လည်း ဖြစ်နေပါတယ်” ဟု Nepalgunj မှ ဒေသခံ မော်ဝါဒီခေါင်းဆောင် Athar Hussain Faruqi က ဆိုသည်။

    အန်ဆွာရီသည် နီပေါနိုင်ငံအနှံ့ခြေဆန့်လျက် အမျိုးသမီးများ၊ ခွဲခြားချိုးနှိမ်ခံလူ့အသိုင်းအ၀ိုင်းများ၏အသံတို့ကို နားဆင်ခဲ့ပြီးဖြစ်သည်။

    “ကျွန်မရဲ့ ကျောထောက်နောက်ခံအနေအထားကနေတဆင့် အမျိုးသမီးအားလုံးကို ကိုယ်စားပြုတဲ့ မူဝါဒပိုင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရမယ့်လူတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ကျွန်မ စဉ်းတောင်မစဉ်းမိခဲ့ဖူးဘူး”။

    မွတ်စ်လင်မ်လူ့အဖွဲ့အစည်းသည် ဖြည်းဖြည်းချင်း ဦးမော့လာမည်ဟု သူမ ယုံကြည်ထားသည်။ “အခြေခံဥပဒေသစ်မှာ မွတ်စ်လင်မ်တွေအတွက် အလုပ်အကိုင်ရေးရာဝေစုတစ်ရပ် ရစေရေး ပြဋ္ဌာန်းပေးလိုက်တဲ့အတွက် မွတ်စ်လင်မ်များအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်တစ်ခု ဖြစ်လာစေပါတယ်”။

    အမျိုးသမီးများအား အစိုးရလုပ်ငန်း၏ ၃၃ ရာခိုင်နှုန်း၌ လျာထားပေးမည့် ဆုံးဖြတ်ချက်ကိုလည်း သူမက ထောက်ခံထားသည်။ ၎င်းအချက်အားဖြင့် လူမှုရေးနှင့် ပညာရေးတွင် အနိမ့်ဆုံးရေချိန်ရောက်နေသည့် မွတ်စ်လင်မ်အမျိုးသမီးများအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု သူမက ယုံကြည်ထားသည်။

    “ကျွန်မက ငြိမ်ခံနောက်တွန့်နေလေ့ရှိသူမျိုး မဟုတ်တဲ့အပြင် တရားမျှတမှုကို ယုံကြည်တဲ့အတွက်ကြောင့် ဖျန်ဖြေဖြောင်းဖျနှစ်သိမ့်ခြင်းကို ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ ခြိမ်းခြောက်မှု အများအပြားကို ရင်ဆိုင်နေရပေမယ့်လည်း ကရုမစိုက်ဘဲ ရှေ့ဆက်သွားပါမယ်”။

    အန်ဆွာရီကတော့ မိမိယုံကြည်ရာအတိုင်း ဆက်လက်တိုက်ပွဲဝင်ပေဦးမည်။

    (Source: Al Jazeera’s “Meet Mohna Ansari: Nepal’s first female Muslim lawyer” written by Saif Khalid.)
    ဘာသာပြန် – မင်းထွဋ်ခေါင်

  • `တိုင်းရင်းသားတိုင်း နိုင်​ငံသားလား´

    `တိုင်းရင်းသားတိုင်း နိုင်​ငံသားလား´

    ဧပြီ ၁၆ ၊ ၂၀၁၆
    M-Media
    မောင်​သာ.K ရေးသည်။
    cht-tribes
    ၂၀၀၈ ခုနှစ်​၊ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပုဒ်​မ-၃၄၅(က)တွင် `ပြည်ထောင်စုသမ္မတမြန်မာနိုင်​ငံ​တော်​၏ တိုင်းရင်းသားမိဘနှစ်​ပါးမှ ​မွေးဖွားသူများသည်​ နိုင်​ငံသားများ ဖြစ်​သည်´ဟု ဆိုထားပါသည်။ တိုင်းရင်းသားဆိုသည့်​ စကားရပ်​မှာ လက်​ရှိတည်​ဆဲ ၁၉၈၂ ခုနှစ်​၊ မြန်မာနိုင်ငံသားဥပဒေနှင့်​ လုပ်ထုံးလုပ်နည်းပါ ပြဌာန်းချက်များအရ တိကျစွာ ခွဲခြားဆုံးဖြတ်​သတ်​မှတ်​ရန်​ အလွန်​ခက်​ခဲပါသည်​။

    မြန်​မာနိုင်​ငံသားဥပ​ဒေပုဒ်​မ-၅တွင် `တိုင်းရင်းသားတိုင်းသည်လည်း​ကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ ​မွေးဖွားသူတိုင်းသည်​လည်း​ကောင်း မွေးရာပါနိုင်ငံသားဖြစ်​သည်​´ဟု ပြဌာန်းထားပြီး၊ ပုဒ်​မ-၃တွင် `နိုင်ငံတော်တွင် ပါဝင်သော နယ်​​မြေတစ်​ခုခု၌ မြန်​မာသက္ကရာဇ်​ ၁၁၈၅ ခုနှစ်​၊ ခရစ်​သက္ကရာဇ်​ ၁၈၂၃ ခုနှစ်​ မတိုင်​မီကာလမှစ၍ ပင်​ရင်းနိုင်​ငံအဖြစ်​ အမြဲ​နေထိုင်​ခဲ့​သော ကချင်​၊ ကယား၊ ကရင်​၊ ချင်း၊ ဗမာ၊ မွန်​၊ ရခိုင်​၊ ရှမ်း စသည့် တိုင်းရင်းသားမျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်´ဟု ပြဌာန်းထားပါသည်​။

    နဝတအစိုးရအဖွဲ့သည်​ နိုင်​ငံ​တော်​​ကောင်​စီ၏ အာဏာကိုကျင့်သုံးပြီး ထင်ရှားသော တိုင်းရင်းသား(၈)မျိုးအပါအဝင်​ တိုင်းရင်းသားမျိုးနွယ်​စု (၁၃၅)မျိုးစာရင်းကို ထုတ်​ပြန်​ပြီး မြန်​မာနိုင်​ငံ၏ တိုင်းရင်းသားများဖြစ်​​ကြောင်း အသိအမှတ်​ပြုခဲ့ပါသည်​။ နောင်​အစိုးရအဆက်​ဆက်​ကလည်း အသိအမှတ်ပြုထားပါသည်​။ ထူးခြားချက်​တစ်​ရပ်​မှာ နဝတအစိုးရက တိုင်းရင်းသား(၁၃၅)မျိုးကို သတ်မှတ်စဉ်က ရှမ်းလူမျိုးတွင်​ `လွယ်​လ´မျိုးနွယ်​စု ပါရှိ​သော်​လည်း နအဖအစိုးရက ထိုမျိုးနွယ်​စုကို ဖြုတ်​ပြီး `၀´မျိုးနွယ်​စုကို အစားထိုးထားသည်​ကို ​တွေ့ရှိရသည်​။

    ၂၀၁၅ ခုနှစ်​၊ ပြည်​​ထောင်​စုလွှတ်​​တော်​ဥပ​ဒေအမှတ်​-၈ ဖြစ်​သည့်​ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်​​စောင့်​​ရှောက်​သည့်​ဥပ​ဒေပုဒ်​မ-၂(က)တွင်​ `တိုင်းရင်းသားလူမျိုးများ ဆိုသည်​မှာ ပြည်ထောင်​စုသမ္မတမြန်​မာနိုင်​ငံ​တော်​ကို ပင်​ရင်းနိုင်​ငံအဖြစ်​ သတ်​မှတ်​၍ စဉ်​ဆက်​မပြတ်​​နေထိုင်​ခဲ့ကြ​သော လူမျိုးများကိုဆိုသည်​။ ယင်းစကားရပ်​တွင်​ နိုင်​ငံသားပြုခွင့်​ရသူများနှင့်​ ဧည့်​နိုင်​ငံသားများ မပါဝင်​´ဟု ပြဌာန်းထားသည်​ကို ​တွေ့ရပါသည်​။

    နိုင်​ငံသားဆိုင်​ရာ လုပ်​ထုံးလုပ်​နည်းများ အပိုဒ်​-၅ အရဆိုပါလျှင်​ ကချင်​၊ ကယား၊ ကရင်​၊ ချင်း၊ ဗမာ၊ မွန်​၊ ရခိုင်​၊ ရှမ်း စသည့်​လူမျိုးများပင်​ ဖြစ်​​စေကာမူ နိုင်ငံတော်တွင် ပင်​ရင်းနိုင်​ငံအဖြစ်​ အမြဲ​နေထိုင်​ခြင်းမရှိဘဲ အခြားနိုင်ငံတွင် ပင်ရင်းနိုင်​ငံအဖြစ်​ အမြဲ​နေထိုင်​ကြသူများသည်​ တိုင်းရင်းသားများမဟုတ်​ပါ။ AD ၁၈၂၃ ခုနှစ်​နောက်​ပိုင်း မြန်​မာနိုင်​ငံအတွင်းသို့ ပြန်​လည်​ဝင်​​ရောက်​​နေထိုင်​ကြ​သော အမည်​တူမျိုးနွယ်​စုများသည်​လည်း တိုင်းရင်းသား မဟုတ်​သည့်​အပြင်​ ​မွေးရာပါနိုင်ငံသားများလည်း မဟုတ်​ပါ။ အခြားနိုင်​ငံတစ်​ခု၏ နိုင်ငံသားအဖြစ်ကို ခံယူထား​သော တိုင်းရင်းသားသည်​လည်း​ကောင်း၊ ထိုသို့ တိုင်းရင်းသားမိဘနှစ်​ပါးမှ ​မွေးဖွားသူများသည်​လည်း​ကောင်း မြန်​မာနိုင်​ငံသားများမဟုတ်​ပါဟု ​ဖော်ပြထားသည်​ကို ​တွေ့ရှိရပါသည်​။

    ဤသို့ဆိုလျှင်​ ဗမာလူမျိုးဖြစ်​သည်​ဆိုရုံမျှနှင့်​ မြန်​မာနိုင်​ငံ၏ နိုင်​ငံသား တိုင်းရင်းသားဟု တထစ်​ချ မ​ပြောနိုင်​ပါ။ ဘိုးတော်ဘုရားလက်​ထက်​မှစ၍ ထိုင်းနိုင်​ငံတွင်​ အစဉ်​တစိုက်​ ​နေထိုင်သော ဗမာလူမျိုး၊ ရှမ်းလူမျိုး၊ မွန်​လူမျိုး စသည်​တို့သည်​ ထိုနိုင်​ငံ၏ နိုင်ငံသားများသာ ဖြစ်​ကြပြီး မြန်​မာနိုင်​ငံ၏ နိုင်​ငံသား တိုင်းရင်းသားများ မဟုတ်နိုင်ပါ။

    အလားတူ အိန္ဒိယနိုင်​ငံ မီဇိုရမ်​ပြည်​နယ်​ရှိ မီဇိုလူမျိုးများ၊ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံ စစ်တကောင်း ​တောင်​တန်း​ဒေသရှိ ရခိုင်​မျိုးနွယ်​စုဝင်​ ချက်​မနှင့်​ ​မောက်တိုင်းရင်းသားများသည်​ ​ရှေးဘုရင်​များလက်​ထက်​ကလည်း ၎င်းတို့အစဉ်တစိုက်​ ​နေထိုင်​​သော ယခု အိန္ဒိယနှင့်​ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံတို့၏ ​ကျေးဇူးသစ္စာကိုသာ ခံယူနေကြသူများဖြစ်​၍ မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ မြန်​မာနိုင်​ငံ၏ တိုင်းရင်းသား နိုင်ငံသားများဟု သတ်မှတ်၍ မရနိုင်​ပါ။

    လွတ်​လပ်​​ရေးရရှိပြီး​နောက်​ အသက်​​ဘေး အန္တရာယ်​အရ​သော်​လည်း​ကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ နိုင်​ငံ​ရေးအရ​သော်​လည်း​ကောင်း နည်းအမျိုးမျိုးဖြင့်​ အမိနိုင်​ငံကို စွန့်လွှတ်ထွက်​ခွာသွားပြီး နိုင်​ငံသားဖြစ်​​နေသူများကိုလည်း ၁၉၈၂ ခုနှစ်​၊ မြန်မာနိုင်​ငံသား ဥပ​ဒေပုဒ်​မ-၇၂ (ဤဥပ​ဒေအာဏာတည်​သည့်​နေ့မှစ၍ ဤဥပ​ဒေပါ ပြဌာန်းချက်​တစ်​ရပ်​ရပ်​ အရမှအပ မည်​သည့်နိုင်​ငံခြာသားမျှ နိုင်​ငံသားပြုခွင့်​ရရန်​ ​လျှောက်​ထားခွင့်​မရှိ​စေရ)အရ မြန်​မာနိုင်​ငံသား တိုင်းရင်းသားများဟု သတ်​မှတ်​၍မရနိုင်​ပါ။ ၁၉၈၂ ခုနှစ်​၊ မြန်မာနိုင်​ငံသားဥပ​ဒေအရ ပြုနိုင်​ငံသား အဆင့်​ကိုပင်​ ​လျှောက်​ထားနိုင်​ခွင့်​မရှိပါ။

    ၁၉၈၂ ခုနှစ်​၊ မြန်မာနိုင်​ငံသားဥပ​ဒေပါ အဓိပ္ပါယ်​ဖွင့်​ဆိုချက်​နှင့်​ ထိုဥပ​ဒေဆိုင်​ရာ လုပ်​ထုံးလုပ်​နည်းအပိုဒ်​-၅ တို့အရ မြန်မာနိုင်ငံအတွင်း ​နေထိုင်​သူတစ်​ဦးကို သမ္မတဖြစ်​ခွင့် အရည်အချင်းတစ်​ရပ်​ဖြစ်​သည့်​ တိုင်းရင်းသား ဟုတ်​/မဟုတ်​ စစ်​​ဆေးမည်​ဆိုပါက တိုင်းရင်းသား(၁၃၅)မျိုးတွင်​ အပါအဝင်​ဖြစ်​သည်​ဟု အကြောင်းပြချက်​ကို အ​ခြေပြု၍ တိုင်းရင်းသားဟု သတ်​မှတ်​ခြင်း မပြုနိုင်​ဘဲ ထိုပုဂ္ဂိုလ်​၏ ​ဆွေစဉ်​မျိုးဆက်​များမှာ AD ၁၈၂၃ ခုနှစ်​ မတိုင်​မီက မြန်​မာနိုင်​ငံအတွင်း တစ်ဆက်တည်း ​နေထိုင်​လာခဲ့ခြင်း ဟုတ်​/မဟုတ်​ စစ်ဆေးပြီးမှသာ တိုင်းရင်းသား ဟုတ်​/မဟုတ်​ ဆုံးဖြတ်​ရမည်​ဖြစ်​ပါသည်​။

    မြန်​မာနိုင်​ငံသားဥပ​ဒေကို ပြဌာန်းရန်​နှင့် မည်သည့်အကြောင်းအရာများကို ဥပ​ဒေတွင် တရားဝင် ထည့်သွင်းပြဌာန်းပါဟု အ​သေးစိတ်​ ညွှန်​ကြားခဲ့သည့်​ ဆိုရှယ်​လစ်​လမ်းစဉ်​ပါတီ ဥက္ကဋ္ဌ ဦး​နေဝင်းနှင့် မြန်မာနိုင်ငံသား ဥပ​ဒေကို လက်​မှတ်​​ရေးထိုးထုတ်​ပြန်​ခဲ့သည့်​ နိုင်​ငံ​တော်​​ကောင်​စီ ဥက္ကဋ္ဌ ဦးစန်းယုတို့၏ ကိုယ်ရေးသမိုင်းကိုပင်​ တိုင်းသူပြည်​သားများ မသိရှိနိုင်​​သော အ​ခြေ​အ​နေတွင်​ ၎င်းတို့၏ ဘိုး​ဘေးဘီဘင်​တို့ကို သိရှိနိုင်​​အောင်​ စုံစမ်း​မေးမြန်းရန်ဆိုသည်​မှာ မဖြစ်​နိုင်​သည်​ကို လဝကဝန်​ထမ်းများအား ​ဆောင်​ရွက်​​စေရန် ဥပဒေတွင်​ ထည့်​သွင်းပြဌာန်း တာဝန်​​ပေးရာကျ​ရောက်​​နေပါသည်​။

    AD ၁၈၂၃ ခုနှစ်​မတိုင်​မီကပင်​ မြန်​မာနိုင်​ငံတွင်​ အစဉ်​တစိုက်​ ​နေထိုင်​​သော တိုင်းရင်းသား ၁၃၅မျိုးအနက်​မှ ​မွေးဖွားလာသူဖြစ်​ကြောင်း သက်​​သေထင်​ရှားပြသနိုင်​သူသာလျှင်​ ၂၀၀၈ ခုနှစ်​၊ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပုဒ်​မ-၅၉(ခ)နှင့်​ညီညွတ်​​သော တိုင်းရင်းသားမိဘနှစ်​ပါးမှ ​မွေးဖွား​သော တိုင်းရင်းသားဟု သတ်​မှတ်​နိုင်​မည် ဖြစ်ပါသည်​။

    အစိုးရမှ အသိအမှတ်​ပြုခဲ့ပြီးဖြစ်​​သော တိုင်းရင်းသား(၁၃၅)မျိုးမှာ လူမျိုးနွယ်​စုအမည်​ကိုသာ အသိအမှတ်​ပြုခဲ့ခြင်းဖြစ်​ပြီး၊ မည်​သူမည်​ဝါသည်​ AD ၁၈၂၃ ခုနှစ်​မှစ၍ နိုင်​ငံ​တော်​အတွင်း အစဉ်​တစိုက်​ ​နေထိုင်​ခဲ့​သော တိုင်းရင်းသားမျိုးနွယ်​စုမှ ​ပေါက်​ဖွားလာသူဖြစ်​​ကြောင်း သတ်​မှတ်​ထားခြင်း မဟုတ်​ပါ။

    သို့ရာတွင်​ ထင်​ရှား​သော တိုင်းရင်းသားလူမျိုး(၈)မျိုးတွင်​ အကျုံးဝင်​သက်​ဆိုင်​​သော မျိုးနွယ်​စုငယ်​များအနက်​ အချို့မျိုးနွယ်​စုများမှာ ပြည်​ပတွင်​ ​နေထိုင်​ခြင်းမရှိဘဲ ပြည်​တွင်းတွင်​သာ အစဉ်​တစိုက်​​နေထိုင်​ခြင်းဖြစ်​​ကြောင်း၊ ပြည်​ပတွင်​ အလားတူ မျိုးနွယ်​စု လုံးဝမရှိ​ကြောင်း၊ ပြည်​ပတွင်​​နေထိုင်​​သော နိုင်​ငံသား​ဆွေမျိုးမရှိ​ကြောင်း သက်သေထင်​ရှားပါက ထိုလူတစ်​ဦး၊ လူတစ်​စုတို့ကို တိုင်းရင်းသားမိဘနှစ်​ပါးမှ ​မွေးဖွားလာခဲ့​သော နိုင်ငံသားအဖြစ်​ အသိအမှတ်​ပြုမည်​ဆိုပါကလည်း ထိုလူနည်းစုအတွက်​ပင်​ တိကျ​သော လုပ်​ထုံးလုပ်​နည်းကို အ​သေးစိတ်​​ရေးဆွဲပြီးမှ ​ဆောင်​ရွက်​နိုင်​မည်​ ဖြစ်​ပါသည်​။

    အကယ်​၍ AD ၁၈၂၃ ခုနှစ်​မှစ၍ စဉ်​ဆက်​မပြတ်​​သော ​ဆွေစဉ်​မျိုးဆက်​စာရင်းကို မည်​သူကမျှ တင်​ပြရန် မဖြစ်နိုင်​ပါဟုဆိုလျှင်​ မည်​သူ့အား တိုင်းရင်းသား(​မွေးရာပါနိုင်​ငံသား)ဟု အသိအမှတ်​ပြုမည်​နည်း၊ မည်သူတို့အား တိုင်းရင်းသားမိဘနှစ်​ပါးမှ ​မွေးဖွားသူ(​မွေးရာပါနိုင်​ငံသား)များဟု ဆိုမည်​နည်း။ အ​ဖြေမရှိပါက… ​ဖြေရှင်းစရာ နည်းလမ်းကား အလွယ်​ပင်​၊ မည်​သူမဆို စဉ်းစားနိုင်​ကြ​ပေလိမ့်​မည်​။   ။

  • ပါလက်စတိုင်းရှိ ကလေးကစားကွင်းတစ်ခု အစ္စရေးက ဖျက်ဆီးမှု ဘယ်လ်ဂျီယံ ရှုတ်ချ

    ပါလက်စတိုင်းရှိ ကလေးကစားကွင်းတစ်ခု အစ္စရေးက ဖျက်ဆီးမှု ဘယ်လ်ဂျီယံ ရှုတ်ချ

    ဧပြီ ၁၅၊ ၂၀၁၆
    M-Media

    pal

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက နဘ်လူစ်မြို့မှာ ဘယ်လ်ဂျီယံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တည်ဆောက်ပေးထားတဲ့ ကလေးဥယျာဉ်တစ်ခုကို အစ္စရေးက ဖြိုချဖျက်ဆီးခဲ့မှုအပေါ် ဘယ်လ်ဂျီယံက ရှုတ်ချပြောဆိုလိုက်ပါတယ်။

    အစ္စရေးဟာ အဲဒီဥယျာဉ်ကို အင်္ဂါနေ့မှာ ဖျက်ဆီးလိုက်တာဖြစ်ပြီး ဘယ်လ်ဂျီယံ ဒုတိယ ၀န်ကြီးချုပ်နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး အလက်ဇန္ဒား ဒီ ခရူး၊ နိုင်ငံခြားရေးဝန်ကြီး ဒီဒီယာ ရိန်ဒါးစ်တို့က ရှုတ်ချခဲ့တာပါ။

    ဘယ်လ်ဂျီယံအာဏာပိုင်တွေက ၎င်းတို့အစိုးရအနေနဲ့ ဘရပ်ဆဲလ်မှာရှိတဲ့ အစ္စရေး သံအမတ်၊ အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့မှာ ရှိတဲ့ ဘလ်ဂျီယံသံရုံးတို့ကနေတဆင့် အစ္စရေးအစိုးရဘက်ကို ချက်ချင်း ဖြေရှင်းချက်တောင်းသွားမှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    “မရှိမဖြစ်တဲ့ အခြေခံအဆောက်အအုံတွေအဖြစ် ရည်ရွယ်ဆောက်လုပ်ထားတဲ့ ဒီစီမံကိန်းကို ဖျက်စီးပစ်လိုက်တာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး” လို့ ကြေငြာချက်ကဆိုပြီး ဘယ်လ်ဂျီယံစီမံကိန်းေ
    တွဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေဖြည့်ဆည်းဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက် နု
ိင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအတိုင်း ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: IINA

  • တစ်နေ့လျှင် ဆီးသီးအနည်းငယ် စားပေးခြင်းဖြင့် အရိုးကျန်းမာရေး ကောင်းမွန်နိုင်

    တစ်နေ့လျှင် ဆီးသီးအနည်းငယ် စားပေးခြင်းဖြင့် အရိုးကျန်းမာရေး ကောင်းမွန်နိုင်

    ဧပြီ ၁၅၊ ၂၀၁၆
    M-Media

    bone health

    – တစ်နေ့လျှင် ဆီးသီးခြောက် ၅ လုံး ဒါမှမဟုတ် ၆ လုံးလောက် စားပေးခြင်းက အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ အမေရိကန်ပြည်ထောင်စု ဆန်ဒီယေဂိုတက္ကသိုလ်ရှိ သုတေသီတွေက ပြောကြားလိုက်ပါတယ်။

    သုတေသီတွေဟာ သွေးဆုံးပြီးအမျိုးသမီးတွေမှာ အက်စထရိုဂျင်ပမာဏ နည်းသွားသောကြောင့် အရိုးတွေ အားနည်းလာတဲ့အခါ ဖြည့်စွက်စာအဖြစ် ဆီးသီးခြောက် ၅၀ ဂရမ် (ဆီးသီးခြောက် ငါးခု၊ခြောက်ခုနဲ့ညီမျှ) ကို ခြောက်လကြာ စားသုံးစေခဲ့တာပါ။

    အဲ့ဒီလို ဖြည့်စွက်စာအဖြစ် ဆီးသီးခြောက် စားသုံးတဲ့သူတွေရဲ့ အရိုးဟာ ပိုမိုသန်မာပြီး သိပ်သည်းတဲ့အရိုးတွေ ဖြစ်လာခဲ့တယ်လို့ ဒီလေ့လာမှုအရ သိခဲ့ရပါတယ်။ ဒါဟာ အဲဒီ ဆီးသီးခြောက်တွေမှာ အသက်ရလာတာနဲ့အမျှ အရိုးကျိုးလွယ်မှုကို တားဆီးပေးတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဆီးသီးအစိုကို စားသုံးတဲ့အခါမှာလည်း အလားတူအကျိုးသက်ရောက်မှုမျိုး ရရှိနိုင်တယ်လို့ သုတေသီတွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • အာဖရိကပြည်သူ ၃ သန်းအတွက် သန့်ရှင်းသောရေ ရရှိရေး တူရကီကူညီမည်

    အာဖရိကပြည်သူ ၃ သန်းအတွက် သန့်ရှင်းသောရေ ရရှိရေး တူရကီကူညီမည်

    ဧပြီ ၁၅၊ ၂၀၁၆
    M-Media

    turkey 3

    – အာဖရိကနိုင်ငံတွေမှာ ရေပြတ်လပ်မှုဒဏ်ခံစားနေရတဲ့ လူဦးရေ သုံးသန်းအတွက် သန့်ရှင်းပြီး သောက်သုံးလို့ရတဲ့ ရေအရင်းအမြစ်တွေ ရရှိဖို့ ကူညီမှုတွေ တိုးချဲ့လုပ်ဆောင်သွားမယ်လို့ တူရကီနိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

    “ကျွန်တော်တို့ရဲ့ အတွေ့အကြုံနဲ့ အသိပညာတွေပေါင်းစပ်ပြီး အာဖရိကနိုင်ငံပေါင်း ၉ ခုကျော်ကို အကူအညီပေးဖို့ စီစဉ်နေပါတယ်” လို့ တူရကီရဲ့ သစ်တောနဲ့ သောက်သုံးရေဆိုင်ရာ ၀န်ကြီး ဗေဆဲလ် အီရော့ဂ်လူ က ပြောဆိုခဲ့တာပါ။

    တူရကီက လုပ်ဆောင်ပေးမယ့် စီမံကိန်းတွေထဲမှာ ရေတွင်းတူးပေးတာ၊ ရေရဲ့အရည်အသွေး စောင့်ကြည့်စီမံပေးခြင်း၊ ရေနဲ့ စွန့်ပစ်ရေသန့်စင်ခြင်း နည်းပညာများ၊ စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ခြင်း၊ ဆည်တမံဆောက်လုပ်ပေးခြင်းနဲ့ ရေအရင်းအမြစ်တွေ ထိန်းသိမ်းကာကွယ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ စီမံခန့်ခွဲပေးခြင်းတို့ ပါဝင်မှာဖြစ်ပါတယ်။

    တူရကီ သစ်တောနဲ့ သောက်သုံးရေဆိုင်ရာ ၀န်ကြီးဌာနဟာ လက်ရှိအချိန်မှာ အာဖရိကပြည်သူ ၁.၇ သန်းအတွက် သောက်သုံးရေရရှိအောင် ကူညီပေးထားပြီး ၂၀၁၉ ခုနှစ်မှာ ၃ သန်းအထိ တိုးမြင့်လာမှာ ဖြစ်ပါတယ်။ တူရကီက လတ်တလော ကူညီပေးထားတဲ့ နိုင်ငံတွေထဲမှာ ချဒ်၊ တိုဂို၊ ဘီနင်၊ ဂီနီ၊ ဆီနီဂေါလ်၊ ဂမ်ဘီယာနဲ့ ကင်ညာတို့ပါဝင်ပြီး စောစာပိုင်းက အီသီယိုးပီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဘာကီနာဖာဆို၊ မော်ရီတေးနီးယား၊ နိုင်ဂျာ၊ မာလီနဲ့ ဒီဘောက်တီတို့မှာ သောက်သုံးရေ ရရှိရေး ကူညီပေးထားတာပါ။

    နောက်ပြီး နိုင်ငံတော်ရေလုပ်ငန်းစီမံခန့်ခွဲရေးဌာန၊ တူရကီဝန်ကြီးဌာနပူးပေါင်းဆောင်ရွက်ရေးဌာန (TIKA)၊ အရပ်ဘက်အဖွဲ့အစည်းများမှတဆင့် တူရကီ လူသားချင်းစာနာမှုစီမံကိန်းများကနေ ရေလိုအပ်ချက်ရှိတဲ့ အာဖရိကပြည်သူ အမြောက်အများကို ကူညီပေးလျက် ရှိနေပါတယ်။

    အဲဒီအဖွဲ့အစည်းတွေဟာ အာဖရိကနိုင်ငံတွေမှာ ခက်ခဲကြမ်းတမ်းတဲ့အခြေအနေနဲ့ နေထိုင်အသက်ရှင်နေရတဲ့ လူတွေအတွက် ရေတွင်း ၂၆၀၀ လောက် တူးပေးပြီး လတ်ဆတ်တဲ့ သောက်သုံးရေနဲ့အတူ လူ ၉ သန်းလောက်ကို ကူညီပေးပြီး ဖြစ်ပါတယ်။

    Ref: IINA