News @ M-Media

Blog

  • သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထပ်မံဖြည့်စွက်

    သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထပ်မံဖြည့်စွက်

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    U Aung Ko

    – မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အား သာသနာရေးဝန်ကြီးဌာနက ၎င်းတို့၏ ၀ဘ်ဆိုက်မှနေ၍ ပြန်လည် ဖြည့်စွက်ပြင်ဆင်ခဲ့သည်ဟု သိရသည်။

    ဧပြီလ ၁ ရက်နေ့ က ယဉ်ကျေးမှုဝန်ကြီးဌာနရုံး၌ ပြုလုပ်ခဲ့သည့် VOA သတင်းဌာနနှင့် အင်တာဗျူးတွင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်မဟုတ်သူများ စစ်အစိုးရလက်ထက်နှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဖိနှိပ်ခံရမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၀န်ကြီး သူရဦးအောင်ကိုက “ဧည့်နိုင်ငံသားတွေ အများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအ၀င် အခြားဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

    ထိုသို့ဖြေကြားမှုများမှာ လူနည်းစုဖြစ်ပြီး မြန်မာနိုင်ငံတွင် သမိုင်းအခိုင်အမာရှိနေသည့် အစ္စလာမ်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များအား စော်ကားပြောဆိုသည့်သဘော သက်ရောက်နေသောကြောင့် ပြည်သူများက အင်တာနက်စာမျက်နှာများတွင် သူရဦးအောင်ကိုအား ဝေဖန်ရှုတ်ချမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ယနေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၀ဘ်ဆိုက်၌ ပို့စ်တစ်ခု လွှင့်တင်ခဲ့ပြီး ထိုပို့စ်တွင် သူရဦးအောင်ကို၏ “ဧည့်နိုင်ငံသားတွေ အများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအ၀င် အခြား ဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” ဟုသော ပြောကြားချက်အစား

    “နိုင်ငံသားအချို့နှင့် ဧည့်နိုင်ငံသားများကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအ၀င် အခြား ဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” ဟု ထပ်မံဖြည့်စွက်ကြောင်း ဖော်ပြခဲ့သည်။

    သို့သော်လည်း နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်းတစ်ခုကို ထိခိုက်နစ်နာစေသည့် ထိုအငြင်းပွားဖွယ်မှတ်ချက်ကို ပြောဆိုခဲ့မှုအတွက် ၀န်ကြီး သူရဦးအောင်ကိုက မည်ကဲ့သို့ တာဝန်ယူမည်ဆိုသည်ကို သိရှိရခြင်းမရှိသေးပေ။

     

    Ref: သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀ဘ်ဆိုက်

  • ယူအေအီး လခြမ်းနီအဖွဲ့က လစ်ဗျားသို့ ထောက်ပံ့ရေးလေယာဉ်တစ်စီးစေလွှတ်

    ယူအေအီး လခြမ်းနီအဖွဲ့က လစ်ဗျားသို့ ထောက်ပံ့ရေးလေယာဉ်တစ်စီးစေလွှတ်

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    UAE

    – အာရဗ်စော်ဘွားများပြည်ထောင်စု လခြမ်းနီအဖွဲ့(ERC) က စားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ ဆေးအကူအညီများနဲ့ အခြားသော အထောက်အပံ့များပါဝင်တဲ့ လေယာဉ်တစ်စီးကို လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ကို စေလွှတ်လိုက်တယ်လို့ သိရပါတယ်။

    ဒါဟာ ယူအေအီးကနေ လစ်ဗျားပြည်သူတွေဆီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ပို့ဆာင်ပေးတဲ့ လေယာဉ်ကိုးစီးအနက် ပထမဆုံးတစ်စီးလည်း ဖြစ်ပါတယ်။

    ယခုအချိန်မှာ လစ်ဗျားပြည်သူတွေဟာ အဓိကထောက်ပံ့ရေးပစ္စည်းတွေ ပြတ်လပ်သွားတဲ့အတွက် အလွန်စိတ်ပျက်ဝမ်းနည်းဖွယ်ရာ အခြေအနေတွေနဲ့ တွေ့ကြုံနေရတာပါ။ ဒါဟာ မြောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ လစ်ဗျားမှာ လွန်ခဲ့တဲ့ငါးနှစ်က ဆိုက်ရောက်ခဲ့တဲ့ ကြပ်တည်းမှုအပြီး ယူအေအီး-လစ်ဗျားအကြား ဒုတိယအကြိမ် လေကြောင်းအကူအညီလည်း ဖြစ်ပါတယ်။

    သတင်းစာရှင်းလင်းပွဲမှာ ERC အထွေထွေအတွင်းရေးမှူး ဒေါက်တာ မိုဟာမက် အလ်-ဖာလာဟီက “ဒီအကူအညီဟာ မိတ်ဆွေညီအစ်ကိုတွေ အခက်အခဲတွေ့ချိန်မှာ ကူညီပေးရမယ်ဆိုတဲ့ ယူအေအီးမူဝါဒကို ဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ယူအေအီးက အနီးကပ်ကူညီနေတယ်ဆိုတာကိုလည်း ထင်ရှားစေပါတယ်။ လစ်ဗျားပြည်သူတွေရဲ့ အခြေအနေတွေဟာ လအနည်းငယ်အတွင်းမှာ တဖြည်းဖြည်း ဆုတ်ယုတ်ပျက်ဆီးလာပြီး အခုအချိန် မစောတော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • လီဗာပူးလ်နှင့်ပွဲတွင် ၂ မှတ်ဆုံးရှုံးခဲ့သည်ဟု စပါးနည်းပြ ပြော

    လီဗာပူးလ်နှင့်ပွဲတွင် ၂ မှတ်ဆုံးရှုံးခဲ့သည်ဟု စပါးနည်းပြ ပြော

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    spur 3

    – လီဗာပူးလ်အသင်းနှင့်ပွဲတွင် မိမိတို့မှာ ကစားပုံကောင်းခဲ့ပြီး အမှတ် ၂ မှတ် ဆုံးရှုံးခဲ့ရသည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

    ယမန်နေ့ကကစားခဲ့သည့် အဆိုပါပွဲတွင် ဖိလစ်ကော်တင်ဟိုက လီဗာပူးလ်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး နောက်ပိုင်းတွင် ဟယ်ရီကိန်းက စပါးအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုသရေရလဒ်က ထိပ်ဆုံးမှ လက်စတာကို အမှီလိုက်နေသည့် စပါးအတွက် အထိနာခဲ့ပြီး လက်စတာက ယနေ့ကစားမည့် ဆောက်သက်တမ်နှင့်ပွဲတွင် အနိုင်ရပါက ၇ မှတ် ကွာဟမည်ဖြစ်သည်။

    ပိုချက်တီနိုကမူ ထိုရလဒ်အတွက် စိတ်ပျက်နေသည်။

    “ပွဲအပြီးမှာတော့ ကျွန်တော်တို့ ၂ မှတ် ဆုံးရှုံးခဲ့တယ်လို့ ခံစားရပါတယ်။ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့တော့ ကျွန်တော် တော်တော်လေး ပျော်ရွှင်ကျေနပ်မိပါတယ်။ ပထမပိုင်းမှာ သူမသာကိုယ်မသာ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ကစားပုံက တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းတယ်။ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ လီဗာပူးလ်လည်း အခွင့်အရေးတွေ ရပါတယ်။ ဒါပေမယ့် ကျွန်တော် ပျော်ပါတယ်။ တော်တော်ခက်ခဲတဲ့ပွဲပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပြသခဲ့ပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

    Ref: Goal

  • နိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ ၀န်ကြီး သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြော

    နိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ ၀န်ကြီး သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြော

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    ppt

    – ဧပြီလ ၂ ရက်နေ့က VOA နဲ့အင်တာဗျူးမှာ သမိုင်းအခိုင်အမာရှိနေတဲ့ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေကို ဧည့်နိုင်ငံသားတွေအဖြစ် သတ်မှတ်ပြောဆိုသွားတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုရဲ့ မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ မင်္ဂလာတောင်ညွှန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုစားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနောင်သိန်းရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ရပ်ကွက်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ အောင်မြင်ပြီးမြောက်မှု ရှိ၊ မရှိ လာရောက်ကြည့်ရှုစဉ်မှာ ဒေါ်ဖြူဖြူသင်းက အခုလို ပြောကြားခဲ့တာဖြစ်ပြီး မိမိမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဘာသာဝင်အသီးသီးရဲ့ အခြေအနေ အခက်အခဲတွေကို စာနာ လက်ခံ နားလည်ပေးနိုင်တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

    နောက်ပြီး သူရဦးအောင်ကိုရဲ့ အငြင်းပွားဖွယ်မှတ်ချက်အတွက် တင်ပြဆွေးနွေးသွားဖို့ စီစဉ်ဆောင်ရွက်ထားတယ်ဆိုတဲ့အကြောင်းလည်း ဒေါ်ဖြူဖြူသင်းက ရှင်းပြသွားတယ်လို့ ဦးရဲနောင်သိန်းရဲ့ Facebook စာမျက်မှာဖော်ပြထားပါတယ်။

  • အဇာဘိုင်ဂျန်-အာမေးနီးယားတို့၏ တိုက်ခိုက်မှု သေဆုံးသူ ၃၀ ရှိလာ

    အဇာဘိုင်ဂျန်-အာမေးနီးယားတို့၏ တိုက်ခိုက်မှု သေဆုံးသူ ၃၀ ရှိလာ

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    armenia

    – ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် နာဂေါ်နို-ကာရာဘာ့ခ်ဒေသတွင် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တပ်ဖွဲ့များ၏ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သား အနည်းဆုံး ၃၀ သေဆုံးခဲ့ပြီး ထိုအဖြစ်အပျက်အတွက် အပြန်အလှန် အပြစ်တင်နေကြသည်။

    အဆိုပါတိုက်ခိုက်မှုမှာ သောကြာနေ့ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဇာဘိုင်ဂျန်က ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ အာမေးနီးယားတပ်ဖွဲ့များမှာ ၎င်းတို့၏စစ်သား ၁၂ ဦးကို သတ်ဖြတ်ခဲ့ကာ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့သည်ဟု ဖော်ပြထားသည်။

    အာမေးနီးယားသမ္မတ ဆာ့ဇ် ဆာကီစီယန်ကမူ မိမိတို့၏ စစ်သား ၁၈ ဦး သေဆုံးခဲ့ပြီး ၃၅ ဦး ဒဏ်ရာရရှိသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ထိုသေဆုံးသွားသူများမှာ ကာရာဘာ့ခ်ဒေသရှိ ခွဲထွက်ရေးသမားများလား သို့မဟုတ် အာမေးနီးယားစစ်တပ်မှ ဖြစ်သည်လား ဆိုသည်ကို ဖော်ပြခဲ့ခြင်းမရှိချေ။

    တိုက်ခိုက်မှုများဖြစ်ပွားရခြင်းအတွက် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့က အပြန်အလှန်ပြစ်တင်နေကြပြီး ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်ကမူ နှစ်ဖက်စလုံး တိုက်ခိုက်မှုရပ်ရန် တိုက်တွန်းခဲ့သည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်မှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ နာဂေါ်နို-ကာရာဘာ့ခ်ဒေသမှာ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့၏ စစ်ပွဲပြီးဆုံးသည့် ၁၉၉၄ ခုနှစ်ကတည်းက အာမေးနီးယားစစ်တပ်နှင့် ခွဲထွက်ရေးသမားများ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့ပြီး ပိုင်နက်အငြင်းပွားမှုအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်ခြင်းမရှိပေ။

    Ref : Aljazeera