ဧပြီ ၆၊ ၂၀၁၆
M-Media

– အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ်တွင် အရက်သေစာအားလုံး ရောင်းချမှုကို ချက်ခြင်းအာဏာတည်စေသော အမိန့်ဖြင့် ယမန်နေ့တွင် ပိတ်ပင်လိုက်သည်ဟု သိရသည်။
ထိုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းမှာ ပြည်နယ်ဝန်ကြီးချုပ် နီတစ်ရှ် ကူးမားရ်က ရွေးကောက်ပွဲတွင် ပေးထားသောကတိကို ဖော်ဆောင်ပေးခြင်းလည်း ဖြစ်သည်။
“အရက်သေစာတွေကို အခုအချိန်ကစပြီး ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေမှာ ရောင်းချရတော့မှာ မဟုတ်ပါဘူး။ ပြည်နယ်အတွင်းမှာ အရက်သေစာကို လုံးဝပိတ်ပစ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်” ဟု ကူးမားရ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဘီဟာရ်ပြည်နယ်၏ လူဦးရေမှာ သန်း ၁၀၀ ခန့်ရှိနေပြီး ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး အဘ်ဒူလ် ဘာရီ စီဒီကွီကမူ ၅ ရက်တာ အစမ်းပိတ်ပင်ခဲ့ပြီးနောက် ပြည်သူများ၏ အပြုသဘောဆောင်သည့် တုံ့ပြန်မှုများကို ရရှိခဲ့သောကြောင့် ထိုကဲ့သို့ လုံးဝပိတ်ပင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အရက်သေစာရောင်းချမှု ပိတ်ပင်သည့် ဥပဒေကို ပြီးခဲ့သည့် ကြာသာပတေးနေ့က ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေ၌ အရက်သေစာများကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ထိုအရက်ကြောင့် သေဆုံးခြင်းတို့အတွက် ကြီးလေးသောပြစ်ဒဏ် ချမှတ်ရမည်ဟု ဖော်ပြထားသည်။
Ref: Aljazeera

Leave a Reply
You must be logged in to post a comment.