News @ M-Media

Blog

  • မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းအား ထိခိုက်စေသည့် သူရဦးအောင်ကို၏ မှတ်ချက်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ကန့်ကွက်စာထုတ်ပြန်

    မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းအား ထိခိုက်စေသည့် သူရဦးအောင်ကို၏ မှတ်ချက်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ကန့်ကွက်စာထုတ်ပြန်

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    3

    – VOA နှင့် အင်တာဗျူးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းအား ထိခိုက်နစ်နာစေသည့်၊ စော်ကားသည့် မှတ်ချက်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သာသနာရေးဝန်ကြီးဌာနသို့ ကန့်ကွက်စာနှင့် သမိုင်းအထောက်အထားများ ပေးပို့ခဲ့သည်ဟု သိရသည်။

    ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါအင်တာဗျူးတွင် စစ်အာဏာရှင်လက်ထက်နှင့် စစ်တပ်ကျောထောက်နောက်ခံပြု သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာဝင်များကို ဖိနှိပ်ခြင်း၊ ခွဲခြားခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ၀န်ကြီး သူရဦးအောင်ကိုက “ဧည့်နိုင်ငံသားတွေ အများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအ၀င် အခြား ဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထိုသို့ဖြေကြားမှုမှာ မြန်မာနိုင်ငံတွင်း ရှေးပဝေသဏီကတည်းက နေထိုင်ခဲ့ကြကာ တိုင်းပြည်အတွက် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်ခဲ့သည့် အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းအား ထိခိုက်နစ်နာစေသောကြောင့် အစ္စလာမ်ဘာသာဝင်များနှင့် လူမျိုးဘာသာမခွဲခြားသည့် ပြည်သူများက သူရဦးအောင်ကိုအား ဝေဖန်ရှုတ်ချခဲ့ကြသည်။

    မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းကို ကိုယ်စားပြုသည့် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လိပ်မူ၍ ဧပြီ ၃ ရက်နေ့ (ယနေ့) ရက်စွဲဖြင့် ကန့်ကွက်စာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

    အဆိုပါ ကန့်ကွက်စာတွင် ကမ္ဘာ့ဘာသာကြီးများဖြစ်သော၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့မှာ လွန်လေခဲ့သော နှစ်ပရိစ္ဆေဒရှည်ကြာစွာကပင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း၊ ယနေ့အချိန်အခါမှာ နိုင်ငံအတွင်းရှိ လူမျိုးစုံ၊ ဘာသာစုံပြည်သူများမှာ မိမိတို့ဆန္ဒပြု မဲပေးခဲ့သည့် အစိုးရ ပေါ်ပေါက်လာသည့်အတွက် များစွာ နှစ်ထောင်းအားရ ၀မ်းမြောက်နေကြသည့် အချိန်အခါသမယဖြစ်ကြောင်း ဖော်ပြထားသည်။

    ထို့ပြင် ၀န်ကြီးသူရဦးအောင်ကို၏ ထိုမှတ်ချက်အတွက် ‘မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်ထု တစ်ရပ်လုံးက အလွန်အမင်း စိတ်ထိခိုက်ရပါသည်’ ဟု ဖော်ပြကာ ထိုမှတ်ချက်အား အလေးအနက် ကန့်ကွက်ခဲ့သည်။

    “မြန်မာနိုင်ငံ တိုင်းရင်းသား၊ နိုင်ငံသားများတွင် အစ္စလာမ်ဘာသာ သက်ဝင်ယုံကြည်ကိုးကွယ်သူများ ရှိနေပါလျက် ချန်လှပ်၍ အစ္စလာမ်ဘာသာဝင်များအားလုံးကို ဧည့်နိုင်ငံသားများသဖွယ် ပြောကြားခဲ့ခြင်းကို ဤ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက (လုံးဝ) သဘောမတူကြောင်း အလေးအနက် ကန့်ကွက်တင်ပြအပ်ပါသည်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ ထိုကန့်ကွက်စာတွင် ထပ်လောင်း ဖော်ပြခဲ့သည်။

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၏ ထိုအငြင်းပွားဖွယ်မှတ်ချက်မှာ နိုင်ငံသားပြည်သူများအကြား နားလည်မှုလွဲမှားကာ ၀ိဝါဒ ကွဲပြားစေနိုင်သဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အမှန်အတိုင်း ပြန်လည်ရှင်းလင်းဖော်ပြပေးရန်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ထည့်သွင်းတောင်းဆိုခဲ့သည်။

    ထိုကန့်ကွက်စာနှင့်အတူ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ ခိုင်မာသော သမိုင်းမှတ်တမ်းများ၊ စာအုပ်စာတမ်းများကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တစ်ပါတည်း ပေးပို့ခဲ့သည်။

  • သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထပ်မံဖြည့်စွက်

    သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထပ်မံဖြည့်စွက်

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    U Aung Ko

    – မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အား သာသနာရေးဝန်ကြီးဌာနက ၎င်းတို့၏ ၀ဘ်ဆိုက်မှနေ၍ ပြန်လည် ဖြည့်စွက်ပြင်ဆင်ခဲ့သည်ဟု သိရသည်။

    ဧပြီလ ၁ ရက်နေ့ က ယဉ်ကျေးမှုဝန်ကြီးဌာနရုံး၌ ပြုလုပ်ခဲ့သည့် VOA သတင်းဌာနနှင့် အင်တာဗျူးတွင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်မဟုတ်သူများ စစ်အစိုးရလက်ထက်နှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဖိနှိပ်ခံရမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၀န်ကြီး သူရဦးအောင်ကိုက “ဧည့်နိုင်ငံသားတွေ အများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအ၀င် အခြားဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

    ထိုသို့ဖြေကြားမှုများမှာ လူနည်းစုဖြစ်ပြီး မြန်မာနိုင်ငံတွင် သမိုင်းအခိုင်အမာရှိနေသည့် အစ္စလာမ်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များအား စော်ကားပြောဆိုသည့်သဘော သက်ရောက်နေသောကြောင့် ပြည်သူများက အင်တာနက်စာမျက်နှာများတွင် သူရဦးအောင်ကိုအား ဝေဖန်ရှုတ်ချမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ယနေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၀ဘ်ဆိုက်၌ ပို့စ်တစ်ခု လွှင့်တင်ခဲ့ပြီး ထိုပို့စ်တွင် သူရဦးအောင်ကို၏ “ဧည့်နိုင်ငံသားတွေ အများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအ၀င် အခြား ဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” ဟုသော ပြောကြားချက်အစား

    “နိုင်ငံသားအချို့နှင့် ဧည့်နိုင်ငံသားများကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအ၀င် အခြား ဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” ဟု ထပ်မံဖြည့်စွက်ကြောင်း ဖော်ပြခဲ့သည်။

    သို့သော်လည်း နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်းတစ်ခုကို ထိခိုက်နစ်နာစေသည့် ထိုအငြင်းပွားဖွယ်မှတ်ချက်ကို ပြောဆိုခဲ့မှုအတွက် ၀န်ကြီး သူရဦးအောင်ကိုက မည်ကဲ့သို့ တာဝန်ယူမည်ဆိုသည်ကို သိရှိရခြင်းမရှိသေးပေ။

     

    Ref: သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀ဘ်ဆိုက်

  • ယူအေအီး လခြမ်းနီအဖွဲ့က လစ်ဗျားသို့ ထောက်ပံ့ရေးလေယာဉ်တစ်စီးစေလွှတ်

    ယူအေအီး လခြမ်းနီအဖွဲ့က လစ်ဗျားသို့ ထောက်ပံ့ရေးလေယာဉ်တစ်စီးစေလွှတ်

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    UAE

    – အာရဗ်စော်ဘွားများပြည်ထောင်စု လခြမ်းနီအဖွဲ့(ERC) က စားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ ဆေးအကူအညီများနဲ့ အခြားသော အထောက်အပံ့များပါဝင်တဲ့ လေယာဉ်တစ်စီးကို လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ကို စေလွှတ်လိုက်တယ်လို့ သိရပါတယ်။

    ဒါဟာ ယူအေအီးကနေ လစ်ဗျားပြည်သူတွေဆီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ပို့ဆာင်ပေးတဲ့ လေယာဉ်ကိုးစီးအနက် ပထမဆုံးတစ်စီးလည်း ဖြစ်ပါတယ်။

    ယခုအချိန်မှာ လစ်ဗျားပြည်သူတွေဟာ အဓိကထောက်ပံ့ရေးပစ္စည်းတွေ ပြတ်လပ်သွားတဲ့အတွက် အလွန်စိတ်ပျက်ဝမ်းနည်းဖွယ်ရာ အခြေအနေတွေနဲ့ တွေ့ကြုံနေရတာပါ။ ဒါဟာ မြောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ လစ်ဗျားမှာ လွန်ခဲ့တဲ့ငါးနှစ်က ဆိုက်ရောက်ခဲ့တဲ့ ကြပ်တည်းမှုအပြီး ယူအေအီး-လစ်ဗျားအကြား ဒုတိယအကြိမ် လေကြောင်းအကူအညီလည်း ဖြစ်ပါတယ်။

    သတင်းစာရှင်းလင်းပွဲမှာ ERC အထွေထွေအတွင်းရေးမှူး ဒေါက်တာ မိုဟာမက် အလ်-ဖာလာဟီက “ဒီအကူအညီဟာ မိတ်ဆွေညီအစ်ကိုတွေ အခက်အခဲတွေ့ချိန်မှာ ကူညီပေးရမယ်ဆိုတဲ့ ယူအေအီးမူဝါဒကို ဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ယူအေအီးက အနီးကပ်ကူညီနေတယ်ဆိုတာကိုလည်း ထင်ရှားစေပါတယ်။ လစ်ဗျားပြည်သူတွေရဲ့ အခြေအနေတွေဟာ လအနည်းငယ်အတွင်းမှာ တဖြည်းဖြည်း ဆုတ်ယုတ်ပျက်ဆီးလာပြီး အခုအချိန် မစောတော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • လီဗာပူးလ်နှင့်ပွဲတွင် ၂ မှတ်ဆုံးရှုံးခဲ့သည်ဟု စပါးနည်းပြ ပြော

    လီဗာပူးလ်နှင့်ပွဲတွင် ၂ မှတ်ဆုံးရှုံးခဲ့သည်ဟု စပါးနည်းပြ ပြော

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    spur 3

    – လီဗာပူးလ်အသင်းနှင့်ပွဲတွင် မိမိတို့မှာ ကစားပုံကောင်းခဲ့ပြီး အမှတ် ၂ မှတ် ဆုံးရှုံးခဲ့ရသည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

    ယမန်နေ့ကကစားခဲ့သည့် အဆိုပါပွဲတွင် ဖိလစ်ကော်တင်ဟိုက လီဗာပူးလ်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး နောက်ပိုင်းတွင် ဟယ်ရီကိန်းက စပါးအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုသရေရလဒ်က ထိပ်ဆုံးမှ လက်စတာကို အမှီလိုက်နေသည့် စပါးအတွက် အထိနာခဲ့ပြီး လက်စတာက ယနေ့ကစားမည့် ဆောက်သက်တမ်နှင့်ပွဲတွင် အနိုင်ရပါက ၇ မှတ် ကွာဟမည်ဖြစ်သည်။

    ပိုချက်တီနိုကမူ ထိုရလဒ်အတွက် စိတ်ပျက်နေသည်။

    “ပွဲအပြီးမှာတော့ ကျွန်တော်တို့ ၂ မှတ် ဆုံးရှုံးခဲ့တယ်လို့ ခံစားရပါတယ်။ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့တော့ ကျွန်တော် တော်တော်လေး ပျော်ရွှင်ကျေနပ်မိပါတယ်။ ပထမပိုင်းမှာ သူမသာကိုယ်မသာ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ကစားပုံက တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းတယ်။ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ လီဗာပူးလ်လည်း အခွင့်အရေးတွေ ရပါတယ်။ ဒါပေမယ့် ကျွန်တော် ပျော်ပါတယ်။ တော်တော်ခက်ခဲတဲ့ပွဲပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပြသခဲ့ပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

    Ref: Goal

  • နိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ ၀န်ကြီး သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြော

    နိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ ၀န်ကြီး သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြော

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    ppt

    – ဧပြီလ ၂ ရက်နေ့က VOA နဲ့အင်တာဗျူးမှာ သမိုင်းအခိုင်အမာရှိနေတဲ့ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေကို ဧည့်နိုင်ငံသားတွေအဖြစ် သတ်မှတ်ပြောဆိုသွားတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုရဲ့ မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ မင်္ဂလာတောင်ညွှန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုစားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနောင်သိန်းရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ရပ်ကွက်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ အောင်မြင်ပြီးမြောက်မှု ရှိ၊ မရှိ လာရောက်ကြည့်ရှုစဉ်မှာ ဒေါ်ဖြူဖြူသင်းက အခုလို ပြောကြားခဲ့တာဖြစ်ပြီး မိမိမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဘာသာဝင်အသီးသီးရဲ့ အခြေအနေ အခက်အခဲတွေကို စာနာ လက်ခံ နားလည်ပေးနိုင်တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

    နောက်ပြီး သူရဦးအောင်ကိုရဲ့ အငြင်းပွားဖွယ်မှတ်ချက်အတွက် တင်ပြဆွေးနွေးသွားဖို့ စီစဉ်ဆောင်ရွက်ထားတယ်ဆိုတဲ့အကြောင်းလည်း ဒေါ်ဖြူဖြူသင်းက ရှင်းပြသွားတယ်လို့ ဦးရဲနောင်သိန်းရဲ့ Facebook စာမျက်မှာဖော်ပြထားပါတယ်။