ဧပြီ ၆၊ ၂၀၁၆
M-Media
– ပနာမား ဥပဒေရေးရာ လုပ်ငန်းတစ်ခုက ထုတ်ပြန်ခဲ့သည့် ငွေကြေးမသမာမှု၊ အခွန်ရှောင်မှု ငွေကြေးခ၀ါချမှု မှတ်တမ်းများတွင် ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် အိုက်စလန်ဝန်ကြီးချုပ် ဆစ်ဂ် မန်ဒူရ် ဒေးဗစ် ဂွန် လဂ်ဆန်မှာ ယမန်နေ့က ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။
ဂွန် လဂ်ဆန်မှာ ကမ္ဘာ့ခေါင်းဆောင်အများအပြား ပါဝင်ခဲ့သည့် အဆိုပါမှတ်တမ်းကြောင့် ပထမဆုံး နှုတ်ထွက်ခဲ့သည့် နိုင်ငံ့ခေါင်းဆောင်လည်းဖြစ်သည်။
ပေါက်ကြားခဲ့သည့် စာရွက်စာတမ်းများအရ အိုက်စလန်ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူမှာ အိုက်စလန်ဘဏ်များနှင့် ထဲထဲဝင်ဝင် ပတ်သက်နေသည့် နိုင်ငံရပ်ခြား ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားပြီး နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ထိပ်တိုက်တွေ့မှု ရှိခဲ့သည်ဟု ဖော်ပြထားသည်။
ယခုသတင်းကြောင့် အိုက်စလန်ပြည်သူများမှာ လမ်းမများပေါ်သို့ထွက်၍ ဆန္ဒပြခဲ့ကြပြီး ကြက်ဥများ၊ ငှက်ပျောသီးများဖြင့် ပစ်ပေါက်ကာ ၀န်ကြီးချုပ်အား နှုတ်ထွက်ရန် တောင်းဆိုခဲ့သည်။
ပါလီမန်ကလည်း ၀န်ကြီးချုပ်အား အယုံအကြည်မရှိအဆိုကို တင်သွင်းရန်ရှိနေသည့်အချိန်တွင် ထိုကဲ့သို့ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ထိုမတိုင်ခင် ပါလီမန်ကိုလည်း ဖျက်သိမ်းခဲ့သည်။ အတိုက်အခံပါတီကမူ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကို အလျင်အမြန်ပြုလုပ်စေချင်သည်ဟု ပြောကြားခဲ့သည်။
Ref: Reuters


Leave a Reply
You must be logged in to post a comment.