News @ M-Media

Blog

  • အဇာဘိုင်ဂျန်-အာမေးနီးယားတို့၏ တိုက်ခိုက်မှု သေဆုံးသူ ၃၀ ရှိလာ

    အဇာဘိုင်ဂျန်-အာမေးနီးယားတို့၏ တိုက်ခိုက်မှု သေဆုံးသူ ၃၀ ရှိလာ

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    armenia

    – ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် နာဂေါ်နို-ကာရာဘာ့ခ်ဒေသတွင် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တပ်ဖွဲ့များ၏ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သား အနည်းဆုံး ၃၀ သေဆုံးခဲ့ပြီး ထိုအဖြစ်အပျက်အတွက် အပြန်အလှန် အပြစ်တင်နေကြသည်။

    အဆိုပါတိုက်ခိုက်မှုမှာ သောကြာနေ့ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဇာဘိုင်ဂျန်က ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ အာမေးနီးယားတပ်ဖွဲ့များမှာ ၎င်းတို့၏စစ်သား ၁၂ ဦးကို သတ်ဖြတ်ခဲ့ကာ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့သည်ဟု ဖော်ပြထားသည်။

    အာမေးနီးယားသမ္မတ ဆာ့ဇ် ဆာကီစီယန်ကမူ မိမိတို့၏ စစ်သား ၁၈ ဦး သေဆုံးခဲ့ပြီး ၃၅ ဦး ဒဏ်ရာရရှိသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ထိုသေဆုံးသွားသူများမှာ ကာရာဘာ့ခ်ဒေသရှိ ခွဲထွက်ရေးသမားများလား သို့မဟုတ် အာမေးနီးယားစစ်တပ်မှ ဖြစ်သည်လား ဆိုသည်ကို ဖော်ပြခဲ့ခြင်းမရှိချေ။

    တိုက်ခိုက်မှုများဖြစ်ပွားရခြင်းအတွက် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့က အပြန်အလှန်ပြစ်တင်နေကြပြီး ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်ကမူ နှစ်ဖက်စလုံး တိုက်ခိုက်မှုရပ်ရန် တိုက်တွန်းခဲ့သည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်မှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ နာဂေါ်နို-ကာရာဘာ့ခ်ဒေသမှာ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့၏ စစ်ပွဲပြီးဆုံးသည့် ၁၉၉၄ ခုနှစ်ကတည်းက အာမေးနီးယားစစ်တပ်နှင့် ခွဲထွက်ရေးသမားများ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့ပြီး ပိုင်နက်အငြင်းပွားမှုအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်ခြင်းမရှိပေ။

    Ref : Aljazeera

  • ကနေဒါက ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံ လက်ခံမည်

    ကနေဒါက ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံ လက်ခံမည်

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    canada

    – ကနေဒါရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဂျွန် မက်ကော်လမ်က ပြီးခဲ့တဲ့လမှာ ဒုက္ခသည် ၂၅၀၀၀ ကျော် လက်ခံထားပြီးဖြစ်တဲ့ မိမိတို့နိုင်ငံဟာ နောက်ထပ် ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံလက်ခံသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

    ကနေဒါ အသံလွှင့်ဌာနဖြစ်တဲ့ CBC ကို အခုရက်ပိုင်းအတွင်း ပြောကြားလိုက်တာဖြစ်ပြီး ဆီးရီးယားဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ပေးချင်နေတဲ့ ကနေဒါအဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေကို တုန့်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

    “ဒုက္ခသည်တွေကို ကူညီထောက်ပံ့ချင်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ဆန္ဒကို အလျင်မီအောင် ဖြည့်ဆည်းပေးဖို့ အစွမ်းကုန် ကြိုးစားပြီး လုပ်ဆောင်ပေးနေပါတယ်” လို့ မက်ကောလမ်က ဆိုပါတယ်။

    လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကနေဒါမှာ မတ်လ ၂၈ ရက်အထိ ဆီးရီးယား ဒုက္ခသည် စုစုပေါင်း ၂၆၂၀၀ ကို လက်ခံထားပြီး တရားဝင်ရောက်လာကြခြင်း မရှိသေးပေမယ့် နောက်ထပ် ၁၆၀၀၀ နီးပါးလောက် စီစစ်နေကာ တစ်ချို့ကို အပြီးသတ်ပြီးပြီလို့လည်း သိရပါတယ်။

    မက်ကောလမ်က ၎င်းအနေနဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ချင်တဲ့ အဖွဲ့တွေရဲ့ လျှောက်လွှာတွေကို မတ်လ ၁ ရက်နောက်ဆုံးထား တင်သွင်းဖို့ သတ်မှတ်ထားရာကနေ မတ်လ ၃၁ ရက်နေ့အထိတိုးမြှင့်ပေးဖို့ အဆင့်ဆင့်ညွှန်ကြားထားပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ရီးယဲလ်အရှုံးအတွက် ဆင်ခြေမပေးဟု ဘာကာနည်းပြ ပြော

    ရီးယဲလ်အရှုံးအတွက် ဆင်ခြေမပေးဟု ဘာကာနည်းပြ ပြော

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    barca

    – ခါးသီးသောပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့မှုအတွက် မိမိအနေဖြင့် မည်သည့်ဆင်ခြေမှ ပေးမည်မဟုတ်ဟု ဘာစီလိုနာနည်းပြ လူးဝစ် အန်းရစ်က ပြောကြားလိုက်သည်။

    ယမန်နေ့က နျူးကမ့်တွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ဘာစီလိုနာမှာ ပီကေး၏ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဘန်ဇီမာနှင့် ရော်နယ်ဒိုတို့၏ ဂိုးများကို ခွင့်ပြုခဲ့ရကာ အရှုံးပေးခဲ့ရသည်။ ထိုပွဲတွင် ဘာကာတိုက်စစ်အတွဲဖြစ်သည့် မက်ဆီ၊ ဆွာရက်ဇ်၊ နေးမာတို့အတွဲမှာ ခြေစွမ်းကောင်းများ ပြသနိုင်ခြင်းမရှိဘဲ ၎င်းတို့၏ နိုင်ငံတကာပွဲပမ်းမှုကြောင့် ဖြစ်သည်ဟု ပြောကြားမှုများ ရှိနေသည်။

    သို့သော်လည်း အန်းရစ်ကမူ မိမိအနေဖြင့် အရှုံးအတွက် မည်သည့်အဆင်ခြေမှ မပေးချင်ဟု ဆိုသည်။

    “ရလဒ်မကောင်းတဲ့အခါ ကျွန်တော် ဆင်ခြေဆင်လက်တွေ မပေးချင်ပါဘူး။ ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ရှိနေပြီး သူတို့ဟာ နိုင်ငံတကာပွဲအတွက် ခရီးသွားခဲ့ရပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံရမှာပါ။ ကစားသမားတွေရဲ့ အားထုတ်မှုအတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဒီပွဲမှာ အနိုင်၊ ဒါမှမဟုတ် သရေကျခဲ့ရမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ မက်ဒရစ်ပိုပြီး ထိရောက်တဲ့အသင်း ဖြစ်ခဲ့ပါတယ်။ ရလဒ်အတွက်တော့ ကျွန်တော် စိတ်ချမ်းမသာပါဘူး” ဟု အန်းရစ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မတ်လအတွင်း အီရတ်တွင် တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၁၀၀ ကျော်ရှိ

    မတ်လအတွင်း အီရတ်တွင် တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၁၀၀ ကျော်ရှိ

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    iraq

    – ကုလသမဂ္ဂက နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေအရ အီရတ်နိုင်ငံမှာ မတ်လတစ်ခုတည်းမှာပဲ လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုနဲ့ အဓိကရုဏ်းတွေကြောင့် လူပေါင်း ၁၁၁၉ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅၆၁ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။

    အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကူအညီပေးရေးကိုယ်စားလှယ်အဖွဲ့ (UNAMI) က အဲဒီအထဲမှာ အပြစ်မဲ့ပြည်သူတွေ သေဆုံးတဲ့အရေအတွက်ဟာ ၅၇၅ ယောက်အထိ ရှိခဲ့ပြီး ဒဏ်ရာရသူပေါင်း ၁၁၉၆ ယောက်ရှိတယ်လို့ ဆိုပါတယ်။

    ဘဂ္ဂဒက်မြို့ကတော့ အီရတ်နိုင်ငံရဲ့ သေဆုံးပျက်စီးမှုဒဏ် အခံရဆုံး မြို့တစ်မြို့ဖြစ်ခဲ့ပြီး သေဆုံးသူ ၂၅၉ ယောက်နဲ့ ဒဏ်ရာရရှိသူ ၇၇၀ ယောက် ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ သေဆုံးသူအရပ်သား ၆၇၀ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၂၉၀ ယောက် ရှိခဲ့တဲ့အတွက် မတ်လအတွင်း ထိခိုက်ခံစားရသူ အရေအတွက်က ပိုများလာတာဖြစ်ပါတယ်။

    အီရတ်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျန် ကူးဘစ်က အရှေ့အလယ်ပိုင်းမှာ တာရှည်နေပြီဖြစ်တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေနဲ့ ပက်သက်လို့ စိုးရိမ်မိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

    “အကြမ်းဖက်မှုတွေ၊ အဓိကရုဏ်းတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ အဆက်မပြတ်ဆုံးရှုံးနေရတာနဲ့ပက်သက်လို့ တော်တော်ကို စိုးရိမ်မိပါတယ်။ လုံးဝသည်းမခံနိုင်ဆုံးက အပစ်အခတ်တွေကြားထဲမှာ သာမန်အရပ်သားတွေပါ ထိခိုက်နေတာပဲ ဖြစ်ပါတယ်” လို့ ကူးဘစ်က ပြောပါတယ်။

    နောက်ပြီး အီရတ်ဝန်ကြီးချုပ် ဟိုင်းဒါးအလ်အာဘာဒီ ကတိပြုထားတဲ့ နိုင်ငံရေးဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့အချက်က အီရတ်ကို ပိုကောင်းတဲ့အနာဂတ်ဆီ ခေါ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်မိတဲ့အကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဇန်န၀ါရီလမှာ ကုလကထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ သေဆုံးခဲ့တဲ့ အရပ်သားအရေအတွက်ဟာ ၁၈၈၀၂ ဦးရှိခဲ့ပြီး၊ ၃.၂ သန်းခန့်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

    Ref: Presstv

  • ဧည့်နိုင်ငံသားတွေတဲ့လား သူရဦးအောင်ကိုရာ

    ဧည့်နိုင်ငံသားတွေတဲ့လား သူရဦးအောင်ကိုရာ

    myanmar-muslim-1024x640
    သူရဦးအောင်ကိုဖတ်ရန်

    ဧည့်နိုင်ငံသားတဲ့လာ့း့
    ဟုတ်တယ် ဦရာရှစ်က ပထမဆုံး ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကို တာဝန်ကျေကျေနဲ့ ထမ်းဆောင်ခဲ့တယ်

    ဧည့်နိုင်ငံသားတဲ့လား
    ဟုတ်တယ့့် ဗိုလ်ယာကွတ်က သီပေါမင်းဆုချခဲ့တဲ့ စစ်သူကြီးဝတ်စုံဝတ်ပြီး အင်္ဂလိပ်တို့ကြိုးပေးတာ ရင်ကော့ခံသွားတယ်

    ဧည့်နိုင်ငံသားတဲ့လား
    ဟုတ်တယ် ဗိုလ်ဖိုးကာက သပြေတန်းခံတပ်မှာ အင်္ဂလိပ်ကို လက်နက်မချပဲ ခံတိုက်ခဲ့တယ်

    ဧည့်နိုင်ငံသားတဲ့လား
    ပင်လုံစာချုပ် အကောင်အထည်ပေါ်ဖို့ ဦးဖေခင်က ဘယ်နိုင်ငံက လာလုပ်ပေးတာလဲ

    ဧည့်နိုင်ငံသားတဲ့လား
    သွေးအိုင်ထဲမှာ ဗိုလ်ချုပ်နဲ့အတူ အသက်ပေးခဲ့တဲ့ ဦးရာဇတ်တောင် ခင်ဗျားက အားမနာ

    ဧည့်နိုင်ငံသားတဲ့လား
    မင်းတုန်းမင်းရဲ့ လွှတ်တော်လုံခြုံရေးတပ်ဖွဲ့က ပသီလက်နက်ကိုင်တွေကို ဘယ်သွားထားလိုက်လဲ

    ဧည့်နိုင်ငံသားတဲ့လား
    မန္တလေးရွှေမြို့တော်ကို မဟာမုနိ ရုပ်ရှင်တော်မြတ်ကို သယ်ဆောင်ပေးတုန်းက လိုက်ပါခဲ့တဲ့ ကမန်လေးသည်တော်တွေမှ အားမနာဗျာ

    ဧည့်နိုင်ငံသားတဲ့လား
    စောင်းတီးကောင်းတဲ့ စောင်းမောင်မောင်လတ်ဆိုတာ ကုလားကြီးပေါ့လေ

    ဧည့်နိုင်ငံသားတဲ့လား
    ပထမဆုံးအမျိုးသမီးစွမ်းဆောင်ရှင် ဝဏ္ဍကျော်ထင် ဒေါ်စောရွှေက ဘယ်နိုင်ငံကလဲ

    ဧည့်နိုင်ငံသားတဲ့လား
    နိုင်ငံတကာ အားကစားဆုတံဆိပ်ကို မြန်မာအတွက် ပထမဆုံးယူပေးခဲ့တာ မန္တလေးက ရွှေကျေးဦးဘသိန်းဗျ

    ဧည့်နိုင်ငံသားတဲ့လား
    ဘညိမ်းတစ်ယောက်ရှိလို့သာ ဗမာတွေခေါင်းဖော်နိုင်တော့တယ်လို့ ဂုဏ်ပြုခဲ့တာ မန္တလေးသားပါဗျာ

    ဧည့်နိုင်ငံသားတဲ့လား
    ဧည့်နိုင်ငံသားတဲ့လား
    ဧည့်နိုင်ငံသားတဲ့လားဗျာ့

    ခေတ်အဆက်ဆက်
    စံနစ်အဆက်ဆက်မှာ
    နောက်တစ်ချက်မှ မတွန့်ပဲ
    အာဏာရှင်တွေကို လက်တွဲတွန်းလှန်ခဲ့တဲ့ သူတွေကိုမှ ခင်ဗျားကအားမနာ

    ဧည့်နိုင်ငံသားတွေတဲ့လား သူရဦးအောင်ကိုရာ့

    မင်းမင်းလတ်
    ၃ ဧပြီ ၂၀၁၆