ဧပြီ ၆၊ ၂၀၁၆
M-Media
– ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ဘဏ်လုပ်ငန်းမဟုတ်တဲ့ ဘဏ္ဍာရေးလုပ်ငန်းတန်ဖိုး ဒေါ်လာ ထရီလီယံဒေါ်လာပေါင်းများစွာ ဆုံးရှုံးနစ်နာနိုင်တယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ပိုထိရောက်တဲ့ ထိန်းချုပ်ကန့်သတ်မှုမျိုး လုပ်နိုင်ဖို့ လိုနေပြီလို့ သတိပေးလိုက်ပါတယ်။
အဲဒီလေ့လာမှု ရလဒ်ကို လန်ဒန်စီးပွားရေးတက္ကသိုလ်က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့ဘဏ္ဍာရေးလုပ်ငန်းတွေက ဒ်ါလာ ၂.၅ ထရီလီယံကနေ ၂၄ ထရီလီယံလောက်အထိ ထိခိုက်ဆုံးရှုံးနိုင်ဖွယ်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
မိုးခေါင်ခြောက်သွေ့မှု၊ ရေကြီးမှု၊ အပူလှိုင်းတွေနဲ့ ဆက်နွယ်နေတဲ့ အပူချိန်မြင့်တက်မှု၊ ရာသီဥတုဖောက်ပြန်မှု စတာတွေကြောင့် စတော့ရှယ်ယာနဲ့ ငွေကြေးစာချုပ်တွေကို ထိခိုက်စေပြီး ကမ္ဘာ့စီးပွားရေးကြီးထွားနှုန်းကိုလည်း နှေးကွေးစေတာပါ။
“ဒီတွေ့ရှိချက်က ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လျှော့ချဖို့အရေး အသိတရားရစေတဲ့အပြင် နောက်နောင်ဒီလိုလုပ်ဖို့ နောက်တွန့်သွားစေမှာ ဖြစ်တယ်” လို့ ပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ ပါမောက္ခ ဆိုင်မွန် ဒိုင်းယက်ဇ်က ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာလအတွင်းက ပဲရစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံမှာ လက်ရှိအပူချိန်ကို စက်မှုမထွန်းကားခင်အချိန်ကထက် ၂ ဒီဂရီဆဲလ်စီးယက်စ်လောက် ပိုအောင်သာ ထားရှိဖို့ ရည်မှန်းချက် သတ်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် တကယ်လို့များ ကမ္ဘာ့အပူချိန်မြင့်မားမှုကို ၂၁၀၀ ရောက်တဲ့အချိန် ၂ ဒီဂရီဆဲလ်စီးယက်စ်အထိ ကန့်သတ်ထားမယ်ဆိုရင်တော့ ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးဟာ ကန်ဒေါ်လာ ၁.၇ ထီရီယံ ရှိမှာဖြစ်ပါတယ်။ ၀.၅ ဆဲလ်စီးယက်စ် ဆက်တက်ခဲ့မယ်ဆိုရင်တော့ ဆုံးရှုံးမှုတန်ဖိုးဟာ ၂.၅ ထရီလီယံအထိ မြင့်တက်လာနိုင်ပါတယ်။
Ref: Reuters
Leave a Reply
You must be logged in to post a comment.