News @ M-Media

Blog

  • ထရမ့်မှာ IS အတွက် လူသစ်စုဆောင်းပေးနေသည်ဟု စီအိုင်အေအကြီးအကဲဟောင်း ပြော

    ထရမ့်မှာ IS အတွက် လူသစ်စုဆောင်းပေးနေသည်ဟု စီအိုင်အေအကြီးအကဲဟောင်း ပြော

    မတ် ၃၀၊ ၂၀၁၆
    M-Media

    hedan

    – ရီပက်ဘလစ်ကန်သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသည့် ထရမ့်က မဲဆွယ်မှုများတွင် မွတ်စလင်ဆန့်ကျင်ရေးစကားများ ပြောကြားနေမှုမှာ IS အတွက် လူသစ်စုဆောင်းပေးနေခြင်းသာဖြစ်ကာ အမေရိကန်များကို “လုံခြုံမှု နည်းစေသည်” ဟု စီအိုင်အေ အကြီးအကဲဟောင်း မီခေးလ် ဟေဒင်က ပြောကြားလိုက်သည်။

    ဟေဒင်မှာ သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူ ဘုရှ်လက်ထက်က ထောက်လှမ်းရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ အနောက်ကမ္ဘာနှင့် အစ္စလာမ်အကြား အမုန်းတရားများမှာ ပျောက်ကွယ်မည်မဟုတ်ဆိုသော IS ၏ ၀ါဒဖြန့်မှုကို ထရမ့်၏ ပြောကြားမှုများက အထောက်အပံ့ဖြစ်စေသည်ဟု ဆိုသည်။

    “အမေရိကန်ရဲ့ နိုင်ငံရေးစနစ်မှာ ထင်ရှားသူတစ်ဦးကနေ ဒီလိုစကားမျိုးတွေပြောပြီး သမ္မတဖြစ်လို့ မရပါဘူး။ ဒါမျိုးဆိုရင်တော့ အမေရိကန်တွေကို လုံခြုံမှု နည်းစေမှာပါပဲ” ဟု ဟေဒင်က ပြောကြားခဲ့သည်။

    ထရမ့်မှာ ၎င်း၏ မဲဆွယ်မှုများအတွင်း မွတ်စလင်များအား အမေရိကန်သို့ ၀င်ရောက်ခြင်းကို တားမြစ်ပိတ်ပင်သွားမည်ဟု ပြောကြားထားသည်။ ထို့ပြင် ၎င်းမှာ မက္ကဆီကန်များ၊ လူမည်းများ၊ ရွှေ့ပြောင်းအခြေချသူများနှင့် မသန်စွမ်းသူများကိုလည်း စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

    ထရမ့်ကို IS နှင့် အလ်ကိုင်းဒါးတို့ကဲ့သို့ အဖွဲ့များအတွက် လူသစ်စုဆောင်းပေးသူအဖြစ် သတ်မှတ်၍ရလားဟု မေးမြန်းရာတွင် ဟေဒင်က ‘သတ်မှတ်၍ရသည်’ ဟု ဖြေကြားခဲ့သည်။ ထို့ပြင် မွတ်စလင်များနေထိုင်ရာ ဒေသများကို လှည့်လည်စောင့်ကြည့်မှုများ ပြုလုပ်ရမည်ဟု ပြောကြားခဲ့သည့် အခြားရီပက်ဘလစ်ကန် နိုင်ငံရေးသမား တက်ဒ် ခရုဇ်ကိုလည်း ဟေဒင်က ဝေဖန်ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ရော်နယ်ဒိုကို ရီးယဲလ်ပရိတ်သတ်များ ပိုမိုလေးစားရမည်ဟု ကာကာပြော

    ရော်နယ်ဒိုကို ရီးယဲလ်ပရိတ်သတ်များ ပိုမိုလေးစားရမည်ဟု ကာကာပြော

    မတ် ၃၀၊ ၂၀၁၆
    M-Media

    rnl

    – အသင်း အောင်မြင်မှုများစွာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် တိုက်စစ်မှူးရော်နယ်ဒိုကို ရီးယဲလ်ပရိတ်သတ်များအနေဖြင့် ပိုမိုလေးစားသင့်သည်ဟု ရီးယဲလ်ကစားသမားဟောင်း ကာကာက ပြောကြားလိုက်သည်။

    ၂၀၀၉ ခုနှစ်က မန်ယူမှ ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့သည့် ရော်နယ်ဒိုမှာ အသင်းအတွက် ဂိုးပေါင်း ၃၅၀ ကျော် သွင်းယူပေးထားပြီး ထိုကာလအတွင်း ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါတို့ကို တစ်ကြိမ်စီ ရရှိခဲ့သည်။ သို့သော်လည်း ရော်နယ်ဒိုမှာ ယခုရာသီတွင် အသင်းဖော်များနှင့်အတူ ရီးယဲလ်ပရိသတ်များ၏ ငြိုငြင်မှုကို ခံနေရသည်။

    ရော်နယ်ဒိုနှင့် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အတူကစားဖူးသည့် ကာကာကမူ ရော်နယ်ဒိုကို ပရိတ်သတ်များက ပိုမိုလေးစားရမည်ဟု ဆိုသည်။

    “ခရစ္စတီယာနိုက ကြီးကျယ်တဲ့ ကစားသမားပါ။ သူရဲ့ စွမ်းရည်ကိုသာ ကျွန်တော် ပြောတာမဟုတ်ပါဘူး။ အသင်းအတွက် သူ ကူညီပေးနိုင်တာလည်း ပါပါတယ်။ အသင်းအတွက် သူလုပ်ပေးခဲ့တာတွေအတွက် ပရိတ်သတ်တွေအနေနဲ့ သူ့အပေါ် ပိုပြီး လေးစားတာမျိုး မြင်ချင်ပါတယ်။ တစ်ခါတစ်လေမှာ ရော်နယ်ဒိုကို မကောင်းပြောတာမျိုး ကျွန်တော် ကြားရပါတယ်။ သူလုပ်ပေးခဲ့တာတွေကို အသိအမှတ်ပြုရင် ဒါမျိုး မပြောသင့်ပါဘူး” ဟု ကာကာ က ပြောကြားခဲ့သည်။

    Ref: Goal

  • အိမ်မွေး တိရစ္ဆာန်များ စောင့်ရှောက်ပေးသည့် ရွေ့လျား လုပ်ငန်း တစ်ခုကို ဆော်ဒီ အမျိုးသမီးများ စတင်

    အိမ်မွေး တိရစ္ဆာန်များ စောင့်ရှောက်ပေးသည့် ရွေ့လျား လုပ်ငန်း တစ်ခုကို ဆော်ဒီ အမျိုးသမီးများ စတင်

    မတ် ၃၀၊ ၂၀၁၆
    M-Media

    saudi 2

    – အိမ်မွေးတိရစ္ဆာန်တွေကို ရေချိုးပေးခြင်း၊ လက်သည်းခြေသည်း ညှပ်ပေးခြင်း၊ အမွှေးများညှိပေးခြင်းနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်ပေးခြင်း စတဲ့ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းတစ်ခုကို ဆော်ဒီအမျိုးသမီးလေးဦးက စတင်လိုက်တယ်လို့ သိရပါတယ်။

    အဲဒီ လုပ်ငန်းကို ဟူဒါ ကာဘာနီ၊ ၀ီဒတ် အလ်-တာမီမီ၊ နိုရာ အလ်-အေ၀ါတာနီ၊ အမ်နာ အလီရစ်ဒါတို့က စိတ်ကူးရကာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အစိုးရဆီကလည်း ခွင့်ပြုချက် ရရှိထားတယ်လို့ ဆိုပါတယ်။

    အလ်-ကာဘာနီက ဒေသတွင်းမှာရှိတဲ့ တိရစ္ဆာန်ဆရာဝန်တွေဆီကနေ ညံ့ဖျင်းတဲ့ ၀န်ဆောင်မှုမျိုးကို တွေ့ရပြီး တစ်ခါတစ်လေမှာ တိရစ္ဆာန်တွေဟာ ပိုလို့တောင် ဆိုးသွားလေ့ရှိတဲ့အတွက် ဒီလို ၀န်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

    “တိရစ္ဆာန်လေးတွေကို သူတို့ရဲ့ အမွှေးအမှင်လေးတွေ ဖြတ်တောက်ပေးဖို့၊ သန့်သန့်ရှင်းရှင်းထားဖို့ လိုအပ်ပါတယ်။ လူတွေထင်မြင်နေသလိုမျိုး တိရစ္ဆာန်တွေဟာ သူတို့ကိုယ်တိုင် သန့်ရှင်းရေး မလုပ်တတ်ပါဘူး” လို့ အလ်-အေ၀ါတာနီက ပြောကြားခဲ့ပါတယ်။

    ကာဘာနီကတော့ သူတို့ ၃ ဦးရဲ့ ဒီလုပ်ငန်းဟာ တိရစ္ဆာန်အခွင့်အရေးကို ဖန်တီးပေးရေးအတွက် အသိပညာ ပိုမိုပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

    ဒီ ဆော်ဒီအမျိုးသမီးတွေအားလုံးဟာ ဗြိတိန်မှာ အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်မှုနဲ့ပက်သက်တဲ့ ဘာသာရပ်တွေ သင်ယူတတ်မြောက်ထားကြပြီး အမွှေးအမျှင် သန့်ရှင်းရေးအပါအ၀င် တိရစ္ဆာန်များရဲ့ သဘာဝအလေ့အထကို နားလည်ကြပါတယ်။

    ဒါ့အပြင် သူတို့တွေဟာ တိရစ္ဆာန်နဲ့ပက်သက်တဲ့ စောင့်ရှောက်မှုကို ကလေးငယ်တွေအကြားမှာ အသိပညာပေးသွားမှာဖြစ်ပြီး၊ အိမ်မွေးတိရစ္ဆာန်တွေ ညှင်းပမ်းခံနေရတဲ့ ပြဿနာကို ဖြေရှင်းပေးတဲ့ အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • မန်စီးတီးကွင်းလယ်လူ တိုးရေး အသင်းမှ ထွက်မည်

    မန်စီးတီးကွင်းလယ်လူ တိုးရေး အသင်းမှ ထွက်မည်

    မတ် ၃၀၊ ၂၀၁၆
    M-Media

    toure

    – မန်စီးတီးအသင်း၏ အားထားရသည့် ကွင်းလယ်ကစားသမား ယာယာတိုးရေးမှာ ရာသီကုန်လျှင် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ပြီး လက်ရှိတွင် ဥရောပအသင်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု အေးဂျင့်ဖြစ်သူ ဒီမီထရီ ဆီလက်က ပြောကြားလိုက်သည်။

    တိုးရေး၏ စာချုပ်သက်တမ်းမှာ ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အချိန်မီ သက်တမ်းတိုးရန် မကမ်းလှမ်းပါက အသင်းမှထွက်ခွာမည်ဟု ဆီလက်က စောစောပိုင်းတွင် သတိပေးထားသည်။ တိုးရေးအား ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နှင့် ဂျူ ဗင်တပ်စ်တို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

    “လက်ရှိအချိန်မှာတော့ နွေရာသီမှာ ယာယာထွက်ခွာဖို့အတွက် အသင်းတစ်ချို့နဲ့ ဆွေးနွေးမှုတွေ စတင်နေပါတယ်။ မန်စီးတီးက ခိုင်ခိုင်မာမာ ဘာမှ မလုပ်ပါဘူး။ ယာယာဟာ အသင်းအတွက် အရာအားလုံးကို ပေးဆပ်ခဲ့ပြီး အသင်းရဲ့ ဒီလိုပုံစံမျိုးက ယာယာကို အသင်းမှာဆက်ရှိနေစေချင်တဲ့ ဆန္ဒရှိတယ်လို့ မခံစားရပါဘူး” ဟု အေးဂျင့်ဖြစ်သူက ပြောကြားခဲ့သည်။

    တိုးရေးမှာ ယခုနှစ် ပရီးမီးယားလိဂ်တွင် ၂၆ ပွဲ ပါဝင်ကစားခဲ့ကာ ၆ ဂိုး သွင်းယူပေးထားသည်။

    Ref: Goal

  • ကိုယ်လက်လေ့ကျင့်ခန်းက စိတ်ရောဂါဖြစ်မှုကို လျှော့ချနိုင်

    ကိုယ်လက်လေ့ကျင့်ခန်းက စိတ်ရောဂါဖြစ်မှုကို လျှော့ချနိုင်

    မတ် ၃၀၊ ၂၀၁၆
    M-Media

    exercise

    – ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ သက်ကြီးရွယ်အိုတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ချို့ယွင်းမှုပြဿနာကို နှေးကွေးစေပြီး ၁၀ နှစ်ခန့် နှောင့်နှေးစေတယ်လို့ အမေရိကန်ပြည်ထောင်စု မိုင်ယာမီတက္ကသိုလ် သုတေသီများရဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

    ကိုယ်လက်လေ့ကျင့်ခန်းမရှိတဲ့သူတွေဟာ တက်ကြွလှုပ်ရှားသူတွေထက် စိတ်ရောဂါဖြစ်နိုင်ချေ ပိုများတာကိုလည်း အဲဒီလေ့လာမှုမှာ တွေ့ရှိခဲ့ရပါတယ်။

    “လူထုကျန်းမာရေးမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို လျှော့ချဖို့ကတော့ ကိုယ်လက်လေ့ကျင့်ခန်းဟာ ဆွဲဆောင်မှုအရှိဆုံး ရွေးချယ်စရာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကုန်ကျစရိတ်လည်း သက်သာပြီး ဆေးထိုး၊ ဆေးစားနေရတဲ့ အနှောင့်အယှက်မျိုးလည်း မရှိလို့ပါ” လို့ မိုင်ယာမီတက္ကသိုလ်ရဲ့ အာရုံကြော တွဲဖက်ပါမောက္ခ ဒေါက်တာ ကလင်တန်ရိုက်က ပြောကြားခဲ့ပါတယ်။

    လေ့လာမှုအတွင်းမှာ သုတေသနပညာရှင်တွေဟာ ပျမ်းမျှအသက် ၇၁ နှစ်အရွယ်ရှိတဲ့ သက်ကြီးရွယ်အို ၈၇၆ ဦးကို စိတ်ပိုင်းဆရာ အခြေခံတဲ့ ဆုံးဖြတ်မှုမြန်နှုန်း၊ စကားလုံးမှတ်မိမှု၊ အဖြစ်အပျက်မှတ်မိမှုနဲ့ ဝေဖန်ပိုင်းခြားနိုင်မှု စတာတွေကို ၁၂ နှစ်အတွင်းမှာ ၂ ကြိမ် လေ့လာခဲ့ပါတယ်။

    အဲဒီအထဲက ၉၀ ရာခိုင်နှုန်းကို ပေါ့ပါးတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်စေပြီး ၁၀ ရာခိုင်နှုန်းကတော့ ပုံမှန်ကနေ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ခိုင်းခဲ့ပါတယ်။ အဆုံးသတ်မှာတော့ လေ့ကျင့်ခန်း များများစားစားလုပ်တဲ့ သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ မှတ်ဉာဏ်ဟာ ဆုတ်ယုတ်မှုနှေးကွေးတာကို တွေ့မြင်ရပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနှုန်းဟာ ၁၀ နှစ်လောက် နှေးကွေးတာကိုတောင် တွေ့မြင်ခဲ့ကြရပါတယ်။

    ဒီနှစ်အစောပိုင်းက ဘော့စတွန်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာလည်း အလားတူ ရလဒ်မျိုး ထွက်ပေါ်ခဲ့ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် သွေးလည်ပတ်မှု တိုးလာပြီး ဦးနှောက်ရဲ့ အခြေအနေနဲ့ စွမ်းဆေင်ရည်တွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

    Ref : IINA