News @ M-Media
Blog
  • အီရန်-ပါကစ္စတန် ကုန်သွယ်မှု ကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်မည်
    အီရန်-ပါကစ္စတန် ကုန်သွယ်မှု ကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်မည်
    မတ် ၂၈၊ ၂၀၁၆
    M-Media
    iran
    – အီရန်နဲ့ပါကစ္စတန်တို့ဟာ မရှိမဖြစ်လိုအပ်တဲ့ မဟာဗျုဟာတွေ လက်ခံကျင့်သုံးဖို့နဲ့ နှစ်ဦးနှစ်ဖက်ကုန်သွယ်မှုတန်ဖိုးကို ကန်ဒေါ်လာ ၅ ဘီလီယံထိ တိုးမြင့်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
    ပြီးခဲ့တဲ့သီတင်းပတ်က အီရန်သမ္မတ ရူဟာနီနဲ့အဖွဲ့က ပါကစ္စတန်ကို လာရောက်လည်ပတ်စဉ်အတွင်းမှာ ဒီလို သဘောတူညီခဲ့ကြတာဖြစ်ပြီး လာမယ့်လအနည်းငယ်အတွင်းမှာ အီရန်-ပါကစ္စတန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီရဲ့ အကြိမ် ၂၀ မြောက် အစည်းအဝေးကို ကျင်းပဖို့လည်း ရှိနေပါတယ်။ အီရန်သမ္မတရဲ့ ဒီခရီးစဉ်မှာ စီးပွားရေးလုပ်ငန်းရှင် အယောက် ၆၀ လောက်လည်း ပါဝင်ခဲ့ပါတယ်။
    အီရန်အပေါ် နျူကလီးယားအစီအစဉ်နဲ့ပက်သက်လို့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းလိုက်ခြင်းနဲ့ ဥပဒေဆိုင်ရာ အဟန့်အတားတွေ အထူးသဖြင့် ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဖလှယ်ရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပြီးတဲ့နောက် အီရန်နဲ့ ပါကစ္စတန်ကြား ကုန်သွယ်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအရှိန်မြင့်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပါကစ္စတန်က ပြောကြားခဲ့ပါတယ်။
    ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က ပါကစ္စတန်နဲ့ အီရန်တို့ နှစ်စဉ်ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၁ ခုနှစ်မှာ ကန်ဒေါ်လာ ၅ ဘီလီယံထိ တိုးမြင့်နိုင်ဖို့ သဘောတူလက်မှတ် ရေးထိုးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    ပါကစ္စတန်နဲ့ အီရန်ကြား ကုန်သွယ်မှုမှာ ၂၀၀၈-၀၉ မှာ ကန်ဒေါ်လာ ၁.၃၂ ဘီလီယံ ရှိပြီး ၂၀၁၀-၁၁ မှာ ကန်ဒေါ် ၄၃၂ သန်း ထိကျဆင်းခဲ့တယ်လို့ ပါကစ္စတန် ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။
    ရူဟာနီရဲ့ ဒီခရီးစဉ်မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေက ကုန်သွယ်ရေး၊ စီးပွားရေး၊ အာမခံ၊ ယဉ်ကျေးမှု၊ အဆင့်မြင့်ပညာရေး၊ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ နယ်ပယ်အမျိုးမျိုးနဲ့သက်ဆိုင်တဲ့ သဘောတူစာချုပ် စုစုပေါင်း ၆ ခုမှာ လက်မှတ်ရေးခဲ့ကြပါတယ်။
    Ref: Presstv
  • အင်္ဂလန်ပြတိုက်တစ်ခုတွင် အစ္စလာမ့်အနုပညာလက်ရာများ ခင်းကျင်းပြသ
    အင်္ဂလန်ပြတိုက်တစ်ခုတွင် အစ္စလာမ့်အနုပညာလက်ရာများ ခင်းကျင်းပြသ
    မတ် ၂၈၊ ၂၀၁၆
    M-Media
    uk
    – အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဘက်ကင်ဟမ်ရှိုင်းယားဒေသ အေလက်စ်ဘူရီမြို့က ပြတိုက်တစ်ခုမှာ အစ္စလာမ့်ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ ပြပွဲတစ်ခုကို ခင်းကျင်းပြသနေတယ်လို့ သိရပါတယ်။
    ပြပွဲစီစဉ်သူတွေကတော့ ဒါဟာ ဒီဒေသနဲ့၊ နိုင်ငံအရှေ့တောင်ဘက်တစ်ခြမ်း အစ္စလာမ့်အနုပညာလက်ရာနဲ့ပက်သက်လို့ အကြီးဆုံးပြပွဲတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။
    Islam Festival လို့ခေါ်ပြီး ဘက်ကင်ဟမ်ရှိုင်းယားဒေသ ပြတိုက်အုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ အဲဒီပြပွဲမှာ အာရှတစ်ဝှမ်းက ကော်ဇောတွေ၊ ပန်းချီတွေ၊ ပရိဘောဂပစ္စည်းတွေ၊ သတ္တုပစ္စည်းတွေ၊ ကျောက်မျက်ရတနာများနဲ့ လက်ရေးလက်သားအလှအပတွေ ပါဝင်ပြီး နိုင်ငံတစ်ဝှမ်းမှာ အကြီးဆုံးလို့ သတ်မှတ်လို့ရတဲ့ ကုရ်အာန်ကျမ်းတော်မြတ် ပြခန်းလည်း ပါဝင်မှာဖြစ်ပါတယ်။
    မတ်လ ၂၆ ရက်နေ့ကစတင်တဲ့ အဲဒီပြပွဲကို စက်တင်ဘာ ၂၄ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။ ဒီလို ပြသမှုမျိုးကို ဗလီဝတ်ကျောင်းတော်တွေ၊ စာကြည့်တိုက်တွေ၊ အနုပညာခန်းမတွေနဲ့ ပူးပေါင်းပြီး ဘက်ကင်ဟမ်ရှိုင်းယား ဒေသတစ်ဝှမ်း ပြပွဲပေါင်း နောက်ထပ် ၁၀၀ ကျော်လောက် ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။
    “ဒီလိုပြပွဲမျိုး ခင်းကျင်းပြသရတဲ့အတွက် ကျွန်တော်တို့ဟာ တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ ကျွန်တော်တို့ ကျင်းပခဲ့သမျှထဲမှာ အကြီးဆုံးနဲ့ ရည်ရွယ်ချက်အကြီးမားဆုံး ပြပွဲတစ်ခုဖြစ်ပြီး တကယ့်ကို ကောင်းမွန်တဲ့ အရာတစ်ခုပါပဲ” လို့ ဘက်ကင်ဟမ်ရှိုင်းယားဒေသပြတိုက်ရဲ့ ဒါရိုက်တာဖြစ်သူ ရစ်ချက် ဒီ ပီယာက ပြောကြားခဲ့ပါတယ်။
    အခြားနေရာတွေမှာ ကျင်းပဖို့ရှိနေတဲ့ အစ္စလာမ့်အနုပညာလက်ရာပြပွဲတွေကို အသေးစိတ် ထုတ်ဖော်မပြောဆိုခဲ့ပေမယ့် စာသင်ကျောင်းလှုပ်ရှားမှုတွေ၊ ဆွေးနွေးမှုတွေ၊ ပန်းခြံမှာပြုလုပ်မယ့် လှုပ်ရှားမှုတွေနဲ့ အစ္စလာမ့်ပုံစံ ဖျော်ဖြေမှုတွေ ပါဝင်မှာဖြစ်ပါတယ်။
    Ref: IINA
  • အစိုးရဟက်ကာများ တိုက်ခိုက်မှုအတွက် Google က ပုံစံအသစ်ဖြင့် သတိပေးမည်
    အစိုးရဟက်ကာများ တိုက်ခိုက်မှုအတွက် Google က ပုံစံအသစ်ဖြင့် သတိပေးမည်
    မတ် ၂၈၊ ၂၀၁၆
    M-Media
    google
    – အစိုးရကျောထောက်နောက်ခံပေးထားတဲ့ ဟက်ကာတွေဟာ အသုံးပြုသူတွေရဲ့ ဂျီမေးလ်အကောင့် သို့မဟုတ် ကွန်ပျူတာတွေကို တိုက်ခိုက်မှုပြုလာတဲ့အခါ စာမျက်နှာပြည့် သတိပေးချက်ကို ထုတ်ပြန်သွားမှာဖြစ်တယ်လို့ Google က ကြေငြာလိုက်ပါတယ်။
    ဒါဟာ အကြမ်းဖက်သမားတစ်ဦးရဲ့ အိုင်ဖုန်းကို lock ဖွင့်ပေးရေးကိစ္စနဲ့ပတ်သက်ပြီး Apple ကုမ္ပဏီကို FBI ကနေ ဖိအားပေးပြီးတဲ့နောက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ အဲဒီကိစ္စမှာ Google က Apple ရဲ့ ရပ်တည်ချက်ကို ထောက်ခံခဲ့တာဖြစ်ပါတယ်။
    Google ဟာ အရင်ကလည်း အစိုးရကျောထောက်နောက်ခံပြု  ဟက်ကာတွေဟာ အသုံးပြုသူတွေရဲ့အကောင့်ကို ဖောက်ထွင်းမှုနဲ့ပတ်သက်ပြီး သတိပေးချက်တွေ ပြုလုပ်ခဲ့ကာ အခုတစ်ခါမှာတော့ စာမျက်နှာ တစ်ခုလုံးအပြည့် ဖော်ပြသွားမယ်လို့ ဆိုပါတယ်။
    “ယနေ့မှာတော့ အသုံးပြုသူတွေအနေနဲ့ ဘယ်လို လုံခြုံအောင်ပြုလုပ်ရမလဲဆိုတာနဲ့ ပက်သက်ပြီး ညွှန်ကြားချက်တွေနဲ့အတူ စာမျက်နှာပြည့် သတိပေးချက်အသစ်တစ်ခုကို ထုတ်လွှင့်လိုက်ပါပြီ။ လက်ရှိတွေ့နေရတဲ့ ပုံစံအစား သတိပေးချက် ပုံစံအသစ်တွေကို တွေ့မြင်ရတော့မှာပါ” ဟု G-mail လုံခြုံရေးအင်ဂျင်နီယာ နီကိုလက်စ် လစ်ဒ်ဘောစကီးနဲ့ Jigsaw အင်ဂျင်နီယာ ဂျိုနသန် ပီဗာနက်တို့က ဂူးဂဲလ်လုံခြုံရေးဆိုင်ရာဘလော့ဂ်မှာ ကြာသာပတေးနေ့က ရေးသားခဲ့ပါတယ်။
    အရင်တုန်းကတော့ ဂူးဂဲလ်အသုံးပြုသူတွေအနေနဲ့ ဂျီမေးလ်စာမျက်နှာ အပေါ်ဘက်နားလေးမှာ “အစိုးရထောက်ပံ့ထားတဲ့ တိုက်ခိုက်သူတွေက သင့်ရဲ့အကောင့် သို့မဟုတ် ကွန်ပျူတာကို တိုက်ခိုက်ဖို့ကြိုးစားနေပြီလို့ ကျွန်တော်တို့ယူဆပါတယ်” ဆိုတဲ့ စာကြောင်းနဲ့ သတိပေးခဲ့တာပါ။
    တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ နိုင်ငံရေးသမားတွေဟာ အစိုးရကျောထောက်နောက်ခံပြု ဆိုက်ဘာတိုက်ခိုက်မှုတွေကို အများဆုံး ခံရလေ့ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီလိုတိုက်ခိုက်မှုတွေရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေကတော့ G-mail အသုံးပြုသူတွေရဲ့ ၀.၁ ရာခိုင်နှုန်းသာ ရှိပါတယ်။
    ပြီးခဲ့တဲ့လကတည်းက ဂူးဂဲလ်အနေနဲ့ G-mail အသုံးပြုသူတွေရဲ့ ပေးပို့တဲ့ သို့မဟုတ် လက်ခံတဲ့ မက်ဆေ့ခ်ျတွေမှာ လုံခြုံအောင် encrypt မလုပ်ထားဘူးဆိုရင် တတိယအစုအဖွဲ့တွေက အလွယ်တကူထိုးဖောက်နိုင်တယ်ဆိုတာ အသုံးပြုသူတွေကို သတိပေးချက်တွေ ပြုလုပ်ခဲ့ပါတယ်။
    တကယ်လို့ မက်ဆေ့ခ်ျကို လုံခြုံအောင် encrypt မလုပ်ထားဘူးဆိုရင် အီမေးလိပ်စာမှာ ကျိုးပဲ့နေတဲ့အနီရောင်သော့ခလောက်ပုံလေးကို တွေ့မြင်ရမှာဖြစ်ပြီး ပေးပို့သူရဲ့ ဓာတ်ပုံမှာလည်း မေးခွန်းအမှတ်အသားလေးပေါ်နေမှာ ဖြစ်ပါတယ်။
    Ref: RT
  • ပရီးမီးယားလိဂ်အသင်းများက စိတ်ဝင်စားနေသည်ဟု အီဘရာဟီမိုဗစ် ပြော
    ပရီးမီးယားလိဂ်အသင်းများက စိတ်ဝင်စားနေသည်ဟု အီဘရာဟီမိုဗစ် ပြော
    မတ် ၂၈၊ ၂၀၁၆
    M-Media
    psg
    – ပရီးမီးယားလိဂ်ရှိ အသင်းများမှာ မိမိအား ခေါ်ယူရန် စိတ်ဝင်စားမှုများ ရှိနေပြီး ဆက်သွယ်မှုလည်း ရှိနေသည်ဟု ပီအက်စ်ဂျီတိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်က ပြောကြားလိုက်သည်။
    အီဘရာဟီမိုဗစ်၏ စာချုပ်သက်တမ်းမှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ပရီးမီးယားလိဂ်မှ မန်ယူ၊ အာဆင်နယ်နှင့် ချယ်ဆီးတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
    “စိတ်ဝင်စားတဲ့အသင်းတွေ ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော် အတည်ပြုပါတယ်။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးလိဂ်ပါ။ သတင်းတွေမှာ ဦးစားပေး အဖော်ပြခံရဆုံး လိဂ်ပါ။ ဒါပေမယ့် အချိန်တန်ရင်တော့ ကျွန်တော်က အလိုရှိတာကို ဆုံးဖြတ်သွားမှာပါ။ ဒါက လက်ထပ်မှုလိုပါပဲ။ နှစ်ဖက်စလုံးက ပျော်ရွှင်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
    လက်ရှိအချိန်တွင်မူ ပီအက်စ်ဂျီအတွက်သာ အာရုံစိုက်ထားသော်လည်း ရာသီကုန်တွင် အသင်းမှ ထွက်ခွာမည်မှာ မှန်ကန်ကြောင်းလည်း ၎င်းက အတည်ပြုပြောဆိုခဲ့သည်။
    Ref: Goal
  • ရခိုင်ပြည်နယ် ၀န်ကြီးချူပ်အရေး သူတို့ ဒီလို မြင်ကြတယ်
    ရခိုင်ပြည်နယ် ၀န်ကြီးချူပ်အရေး သူတို့ ဒီလို မြင်ကြတယ်
    PicMonkey Collage1
    စစ်တွေ၊ မတ် ၂၈ ရက် ။             ။ ရခိုင်ပြည်နယ်အတွင်းမှာ မဲအများဆုံး အနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ပြည်နယ် ၀န်ကြီးချူပ်နေရာကို စွန့်လွှတ်ခဲ့ရပြီးတဲ့နောက်မှာ ရခိုင်ပြည်သူလူထုတွေရဲ့ သဘောထားဘာတွေရှိနိုင်မလဲ၊ ဘာတွေ မျှော်လင့်နေကြတာလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး  မဇ္ဈိမက အလွှာစုံ ပြည်သူလူထုတွေကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
    .
    မောင်တင်ဦး (စီးပွားရေးလုပ်ငန်းရှင်တစ်ဦး)
    ——————————————-
    ရခိုင်ပြည်နယ်ဝန်ကြီးချူပ်ကို ရခိုင်ပါတီက ရခိုင်အမျိုးသားကပဲ ဖြစ်စေချင်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ နောက်ပြီးတော့ ရခိုင်လူမျိုးက ၀န်ကြီးချူပ်ဖြစ်လို့ရှိရင် အစစအရာရာပေါ့ လမ်းပန်းဆက်သွယ်ရေးကအစ၊ လူမျိုးရေးကိစ္စတွေကအစ သူ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တခြားသော ပါတီက ဖြစ်မယ်ဆိုရင် သိတဲ့အတိုင်းပဲ အရင်တုန်းကလည်း ကျနော်တို့နိုင်ငံမှာက ပါတီတွေက တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဒါကြောင့် ကိုယ့်အမျိုးသားပါတီက ဖြစ်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမယ်လို့တော့ ထင်ပါတယ်။
    .
    ဇော်လင်းဦး (လင်းစာပေဆိုင် – စစ်တွေမြို့)
    ——————————————-
    ရခိုင်ပြည်နယ် ၀န်ကြီးချူပ်ကို ရခိုင်ပါတီထဲက ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ မဖြစ်ခဲ့တော့ဘူးဆိုရင်လည်း ဘာမှ မတတ်နိုင်ဘူးလေ။ ဒါပေမယ့် ရခိုင်ပြည်နယ်ရဲ့ အကျိုးစီးပွားကို အမှန်တကယ် လုပ်ဆောင်နိုင်မယ့်သူကို ပိုပြီးတော့ ဖြစ်စေချင်တာပါ။
    .
    ဒေါ်ညိုအေး (တက်ကြွလှုပ်ရှားသူ)
    ———————————
    ရခိုင်ပြည်နယ် ၀န်ကြီးချူပ်နေရာကို ရတယ်၊ မရဘူးဆိုတာက အဓိက မကျဘူး။ ကျမတို့ရဲ့ တကယ် အဓိကကျတဲ့ အချက်အလက်တွေကတော့ ကျမတို့ မြန်မာနိုင်ငံမှာပေါ့နော် နိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာအရ ကျမတို့ ပြည်သူလူထုတွေရဲ့ ချွတ်ခြုံကျနေတဲ့ ဘ၀တွေ ဘယ်လိုမြင့်တက်လာအောင် လုပ်ပေးနိုင်မလဲ ဆိုတာကပဲ အဓိက ကျလိမ့်မယ်လို့ ကျမ ယူဆတယ်။ ပြည်နယ်ဝန်ကြီးချူပ် ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ပါတီကပဲဖြစ်ဖြစ် ဖြစ်လာပါစေ။ ခုလောလောဆယ် ကျမတို့ ရခိုင်ပြည်နယ်ရဲ့ ၀န်ကြီးချူပ် ဦးညီပုပေါ့နော်။ အရင်ဦးဆုံး တောင်းဆိုချင်တာကတော့ ကျမတို့ ရခိုင်ပြည်နယ်က သိတဲ့အတိုင်းပဲလေ။ မြန်မာနိုင်ငံထဲမှာဆိုရင် ရခိုင်ပြည်နယ်က တအားလည်းပဲ ချွတ်ခြုံကျနေတယ်။ နောက်ပြီး ပြည်သူလူထုတွေ အားလုံးနီးပါးပဲ ဒုက္ခရောက်နေကြတယ်။ ပြည်ပကို ထွက်ပြီးတော့ အလုပ်လုပ်မှုတွေ မြင့်တက်လာတော့ ပြည်နယ်အတွင်းမှာ လူသားအရင်းအမြစ်ဆုံးရှုံးမှုတွေကလည်း မြင့်တက်လာတယ်။ ဒီလို ဆုံးရှုံးမှုဒဏ်တွေ အကုန်လုံး အဆုံးသတ်ဖို့ လိုအပ်နေတယ်။ ပြီးရင် တရားဥပဒေစိုးမိုးရေးပေါ့။ ဒါကို ရခိုင်ပြည်နယ်မှာ ဘယ်လောက်ထိ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ် လုပ်ဆောင်နိုင်မလဲ ဆိုတာက စပြီး လုပ်စေချင်ပါတယ်။
    .
    ဖြိုးသက်ဝေ (တက်ကြွလှုပ်ရှားသူ)
    ————————————
    ကျမတို့ ရခိုင်ပြည်နယ် ၀န်ကြီးချူပ်ကို ရခိုင်အမျိုးသားကပဲ ရစေချင်ပါတယ်။ ရခိုင်အမျိုးသားပါတီက ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD က ပြည်နယ်ဝန်ကြီးချူပ် ဖြစ်လာတယ်ဆိုပေမယ့်လည်း ရခိုင်လူမျိုးဆိုတော့ ဘာပြောပြော သဘောကျပါတယ်။ ဒါပေမယ့် ပြည်နယ်တွင်း မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ ANP က ဆိုရင်တော့ ပိုကောင်းမှာပေါ့။
    .
    ဦးကျော်လှအောင် (ရိုဟင်ဂျာအရေးလှုပ်ရှားဆောင်ရွက်သူ/နိုင်ငံရေးအကျဉ်းသားဟောင်း)
    ———————
    ကျနော်တို့ ပြည်နယ်က နစ်နာနေတာ ကြာပြီ။ ဒါကြောင့် စည်းစည်းလုံးလုံးနဲ့ လုပ်စေချင်ပါတယ်။ ဒါမှပဲ ပြည်နယ်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို ၀ိုင်းဝန်းလုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အသစ်တက်လာမယ့် ၀န်ကြီးချူပ်အနေနဲ့ အဓိက ဥပဒေစိုးမိုးရေးကို စတင်ဆောင်ရွက်ဖို့ လိုတယ်။ ခွဲခြားဆက်ဆံခြင်း၊ လူမျိုးရေး ခွဲခြားဖိနှိပ်ခြင်းကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဥပဒေအတိုင်းပဲ လုပ်ဆောင်ရမယ်။ ဒါတွေကို မှန်ကန်စွာ လုပ်သွားမယ်ဆိုရင် ပြည်နယ်တိုးတက်ဖို့ လမ်းကြောင်းတွေ အများကြီး ပွင့်လာပါလိမ့်မယ်။ အဲလိုမဟုတ်ဘဲ ခွဲခြားဆက်ဆံမှုတွေကို ယခင် အစိုးရလိုမျိုး ဆက်လက် လုပ်ဆောင်လာမယ်ဆိုရင် ဒီပြည်နယ်ဟာ တိုးတက်ဖို့ လမ်းစ မမြင်ပါဘူး။ အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဘာသာမတူ၊ လူမျိုးမတူသူတွေ အားလုံးက ခွဲခြားမှုမရှိ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ လမ်းကြောင်းကို ဦးတည်မှသာ ကျနော်တို့ ပြည်နယ် တိုးတက်လာလိမ့်မယ်လို့ ကျနော် ၀န်ကြီးချူပ်သစ်ကို အကြံပြုလိုပါတယ်။
    .
    ဦးမောင်မောင် (၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ဆူပူမှု ပဋိပက္ခ တိမ်းရှောင်ဒုက္ခသည်)
    ————————————
    .
    ဇော်ဇော် (ကျောင်းဆရာ – မူဆလင် ဒုက္ခသည်စခန်း/စစ်တွေ)
    —————————————————————-
    ဘယ်အစိုးရပဲတက်တက် ဒီဒေသ ဖွံ့ဖြိုးရေးနဲ့ ပညာရေး လွတ်လပ်ဖို့အတွက် လုပ်ပေးမယ်ဆိုရင် အားလုံးကို ကြိုဆိုပါတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ စပြီးတော့  လက်ရှိအချိန်ထိ လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေပါတယ်။ တက္ကသိုလ်တက်ရောက်ခွင့် မရခဲ့ကြပါဘူး။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးရင် နောက် ထပ် အဆင့်မြင့် ပညာရပ်တွေ သင်ဖို့ သူတို့ စိတ်ဝင်စားရာ ဘာသာရပ်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်နဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ရစေချင်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ နေ့သင် တက္ကသိုလ် တက်ရောက်ခွင့် လုံးဝ မရခဲ့ပါဘူး။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သူတွေကို အဝေးသင်ပညာရပ်နဲ့ပဲ လေ့လာခွင့် ရခဲ့ကြပါတယ်။ ဒါကြောင့် ဒီအစိုးရလက်ထက်ကနေစပြီး မူဆလင်တွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ပြန်လည်ရရှိလာဖို့ တောင်းဆိုပါတယ်။ –
    မဇ္ဈိမ မှ ကူးယူဖော်ပြပါသည်။
    http://mizzimaburmese.com/article/12866f