News @ M-Media

အကြမ်းဖက်အဖွဲ့များ နျူလက်နက်မရစေရန် အိုဘားမား သတိပေး

ဧပြီ ၂၊ ၂၀၁၆
M-Media

obama

– IS ကဲ့သို့အဖွဲ့များ နျူလက်နက်မရရှိရေးအတွက် ကြိုးပမ်းသွားရမည်ဟု အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ကမ္ဘာ့ခေါင်းဆောင်များကို ယမန်နေ့က တိုက်တွန်းပြောကြားလိုက်သည်။

ဝါရှင်တန်ဒီစီတွင်ပြုလုပ်သည့် နျူကလီးယားလုံခြုံရေး ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး နျူ လက်နက်နှင့် တိုက်ခိုက်နိုင်မည့်အန္တရာယ်ကို လျော့ချရာတွင် တိုးတက်မှုများ ရှိနေသော်လည်း ထိုခြိမ်းခြောက်မှုမှာ လုံးဝ အဆုံးသတ်သွားခြင်းမဟုတ်ဟု ဆိုသည်။

လက်ရှိတွင် အကြမ်းဖက်အဖွဲ့အစည်းများက နျူလက်နက်များကို မရရှိသေးသော်လည်း အလ်ကိုင်းဒါးအဖွဲ့မှာ ထိုလက်နက်များ ရရှိရန် အချိန်အတော်ကြာကတည်းက ကြိုးစားနေပြီး IS အဖွဲ့ကလည်း ဆီးရီးယားနှင့် အီရတ်တို့တွင် အဆိပ်ဓာတ်ငွေ့များအပါအ၀င် ဓာတုလက်နက်များကို အသုံးပြုခဲ့သည်ဟု အမေရိကန်သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။

“ဒီ စိတ်မနှံသူတွေလက်ထဲ နျူဗုံး ဒါမှမဟုတ် နျူကလီးယားပစ္စည်းတွေ ရောက်သွားပြီဆိုရင် အပြစ်မဲ့ပြည်သူတွေကို များနိုင်သမျှ များများသတ်မယ်ဆိုတာ အသေအချာပါပဲ။ ကျွန်တော်တို့ ကမ္ဘာကြီးကို ပြောင်းလဲသွားစေမှာပါ”

အဆိုပါထိပ်သီးအစည်းအဝေးသို့ နိုင်ငံပေါင်း ၅၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး အိုဘား၏ စတုတ္ထနှင့် နောက်ဆုံး အစည်းအဝေးဖြစ်သည်။ ထိုအစည်းအဝေးတွင် နျူလက်နက်ဖြင့် တိုက်ခိုက်မှုများ ဖြစ်မလာရေး ကာကွယ်တားဆီးရန် ဆွေးနွေးခဲ့ကြသည်။

Ref: Aljazeera

Comments

Leave a Reply