News @ M-Media

Blog

  • နယူးဇီလန်၏ ထိပ်တန်းနည်းပညာတက္ကသိုလ်မှ ပညာသင်ဆုကို မြန်မာနိုင်ငံဖွားတစ်ဦး ရရှိ

    နယူးဇီလန်၏ ထိပ်တန်းနည်းပညာတက္ကသိုလ်မှ ပညာသင်ဆုကို မြန်မာနိုင်ငံဖွားတစ်ဦး ရရှိ

    မတ် ၂၆၊ ၂၀၁၆
    M-Media

    wintec

    – နယူးဇီလန်၏ ထိပ်တန်း နည်းပညာတက္ကသိုလ် Wintec မှ ချီးမြှင့်သည့် Gordon Chesterman ပညာတော်သင်ဆုကို မြန်မာနိုင်ငံမှ ဒုက္ခသည်အဖြစ် လာရောက်နေထိုင်သည့် ကျောင်းသူတစ်ဦးက ရရှိခဲ့သည်ဟု သိရသည်။

    အသက် ၂၇ နှစ်အရွယ် ဖြူဖြူလွင်ကျော်ဖြစ်ပြီး အသုံးချ သတင်းအချက်အလက် နည်းပညာ ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူ ဖြစ်သည်။ မုဆိုးမဖြစ်သူ မိခင်နှင့် နေထိုင်ရသည့် သူမမှာ ၂၀၀၈ ခုနှစ်က မလေးရှားသို့ ဒုက္ခသည်အဖြစ် ရောက်ရှိခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် နယူးဇီလန်၌ နေရာချထားပေးခြင်း ခံခဲ့ရသည်။

    ထို့နောက် Wintec ၏ အင်္ဂလိပ်ဘာသာစကား သင်ကြားပေးသည့်အစီအစဉ်ကို တက်ရောက်ခဲ့သည်။ သူမမှာ မြန်မာနိုင်ငံတွင် ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်ပြီး Wintec တွင် အသုံးချ သတင်းအချက်အလက်နည်းပညာ အထူးပြုဖြင့် တက်ရောက်ကာ နယူးဇီလန်၌ ထပ်မံဘွဲ့ရခဲ့သည်။

    “ဒီနယ်ပယ်မှာ အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်တယ်ဆိုတာ ကျွန်မသိပါတယ်။ ကွန်ပျူတာနဲ့ပတ်သက်ပြီး ကျွန်မ အခြေခံ တတ်ကျွမ်းထားပြီး ဖြစ်ပေမယ့် မြန်မာနိုင်ငံက ပညာရေးက ဒီမှာနဲ့မတူပါဘူး။ ကျွန်မရဲ့ အိပ်မက်က ၀ဘ်ဆိုက်ဖန်တီးသူတစ်ယာက် ဖြစ်ဖို့ပါ။ ကျွန်မရဲ့ ကျွမ်းကျင်မှုကို အကူအညီဖြစ်စေမယ့် အခွင့်အလမ်း နယူးဇီလန်မှာ ရတဲ့အတွက် ကျေနပ်မိပါတယ်။ အခုတော့ ဒီနေရာကို ကျွန်မရဲ့ ဇာတိလို့ ခံစားရပါပြီ။ ဒီ ပညာတော်သင်ဆုဟာ ကျွန်မရဲ့ဘ၀ကို ပြောင်းလဲပေးမှာပါ။ ဒါက ကျွန်မကို ယုံကြည်မှုမြင့်မားစေတယ်။ ကျွန်မ ရှေ့ဆက်လျှောက်ဖို့၊ ကျွန်မရဲ့ လေ့လာမှုကို အဆုံးသတ်နိုင်ဖို့ လိုအပ်နေတဲ့ အားတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဖြူဖြူလွင်ကျော်က ပြောကြားခဲ့သည်။

    ကန်ဒေါ်လာ ၁၅၀၀၀ တန်ဖိုးရှိ ပညာတော်သင်ဆုအား ဗုဒ္ဓဟူးနေ့က ဂေါ်ဒွန်ချက်စတာမန်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး၊ ဖြူဖြူလွင်ကျော်၏ ပညာရပ်အပေါ် စိတ်ဝင်စားမှု၊ လူ့အဖွဲ့အစည်းအား ကူညီမှု၊ ခေါင်းဆောင်မှုစွမ်းရည် ရှိမှုတို့အတွက် အထင်ကြီး လေးစားခဲ့ရသည်ဟု ချက်စတာမန်က ပြောကြားခဲ့သည်။

    Ref: Wintec

  • ကာဒီနယ်ချားလ်စ်မောင်ဘိုက မွတ်စလင်များ အပါအ၀င် သူဆင်းရဲများကို ခြေဆေးခြင်း အမှုတော် ပြုလုပ်ဆောင်ရွက်

    ကာဒီနယ်ချားလ်စ်မောင်ဘိုက မွတ်စလင်များ အပါအ၀င် သူဆင်းရဲများကို ခြေဆေးခြင်း အမှုတော် ပြုလုပ်ဆောင်ရွက်

    မတ်လ ၂၆ ရက်၊ ၂၀၁၆
    M-Media

    RV14405_Articolo
    ခရစ်ယာန်သာသနာဝင်များ အထွတ်အမြတ်ထားရာ ကြာသပတေး ခြေဆေးအခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ညွှန်ကြားချက်အရ ကာဒီနယ် ချားလ်စ်မောင်ဘိုကလည်း ခရစ်တော်၏ နှိမ်ချကျိုးနွံသော အလုပ်အကျွေးပြုမှုကို အမှတ်ရသောအားဖြင့် ခြေဆေး အခမ်းအနားကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ယင်းအခမ်းအနားတွင် ဘာသာပေါင်းစုံမှ လူတန်းစားအလွှာ အသီးသီး ပါဝင်ရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

    Mass of the Lord’s Supper ဟုတွင်သည့် ယင်းခြေဆေးအခမ်းအနားကို သင်္ကန်းကျွန်းမြို့နယ်ရှိ စိန့်ဂျိုးဇက်ချာခ်ျတွင် ပြီးခဲ့သည့် ကြာသပတေးနေ့က ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကာဒီနယ်ချားလ်စ်မောင်ဘိုက မရှိဆင်းရဲသားထောင် ဂဏန်းခန့်ကို ခြေဆေးခြင်း မင်္ဂလာ ပြုပေးခဲ့သည်။ ထိုမရှိဆင်းရဲသားများထဲတွင် အနှေးယဉ်လုပ်သားများ၊ တနေ့လုပ်မှ တနေ့စားနေရသည့် သူဆင်းရဲမိသားစုများ၊ လမ်းဘေးတစ်ဘက် တစ်ချက်တွင် မုန့်ဆိုင်ကလေးများ ဖွင့်လှစ်ရောင်းချနေသည့် ဈေးသည်များပါဝင်သည်။

    ကာဒီနယ်ချားလ်စ်မောင်ဘိုသည် အစ္စလာမ် ဘာသာဝင်များကိုပါ ခြေဆေးခြင်းပြုလုပ်ပေးခဲ့သည်။ မြန်မာပြည်တွင် မွတ်စလင်များကို မုန်းတီးခြင်းနှင့် ဘာသာရေးကို အခြေခံပြီး ခွဲခြား ဆက်ဆံခြင်းများရှိနေကြောင်း ရေဒီယိုဗာတီကန်သတင်းက ဖော်ပြထားသည်။ ချားလ်စ်မောင်ဘိုက “ဘာသာရေးယုံကြည်ချက် ကွဲပြားပေမယ့်လည်း ကျွန်တော်တို့အားလုံးက ညီအစ်ကိုမောင်နှမတွေပါပဲ၊ ကျွန်တော်အဲဒီလိုပဲ ခံစားရပါတယ်” ဟုပြောပြသည်။

    Ref: ရေဒီယိုဗာတီကန်သတင်း (http://en.radiovaticana.va/…/cardinal_bo_washes_fee…/1218127)

  • အီရန်-ပါကစ္စတန် ဆက်ဆံရေးမှာ မဟာဗျူမြောက်ဖြစ်သည်ဟု သမ္မတ ရူဟာနီပြော

    အီရန်-ပါကစ္စတန် ဆက်ဆံရေးမှာ မဟာဗျူမြောက်ဖြစ်သည်ဟု သမ္မတ ရူဟာနီပြော

    မတ် ၂၆၊ ၂၀၁၆
    M-Media

    iran

    – အီရန်နဲ့ ပါကစ္စတန်တိုရဲ့ ဆက်ဆံရေးဟာ မဟာဗျူဟာမြောက် ဆက်ဆံရေး ဖြစ်တယ်လို့ အစ္စလာမ်မာဘတ်ကို ၂ ရက်ကြာ သမိုင်းဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အီရန်သမ္မတ ရူဟာနီက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    နျူသဘောတူညီချက်ရရှိအပြီး အီရန်အပေါ် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းပြီးတဲ့နောက် သွားရောက်ခဲ့တဲ့ အဲဒီခရီးစဉ်ဟာ နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေး ပိုမိုတောင့်တင်းခိုင်မာစေဖို့ ရည်မှန်းထားတာပါ။

    ရူဟာနီကတော့ အီရန်နဲ့ ဘာသာရေး၊ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှု ဘုံတူညီမှုတွေရှိနေတဲ့ ပါကစ္စတန်နိုင်ငံဟာ အီရန်အတွက် အရေးပါတယ်လို့ ဆိုပါတယ်။ ယခုလည်ပတ်မှုဟာ နိုင်ငံတော်အဆင့် ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အီရန်သမ္မတဟာ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်၊ သမ္မတ မန်နွန် ဟူစိန်၊ စစ်ဘက်အကြီးအကဲ ဗိုလ်ချုပ် ရာဟီးလ်ရှရစ်ဖ်တို့နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။ ပါကစ္စတန်ရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် စီမံကိန်းတစ်ခုဖြစ်တဲ့ အီရန်-ပါကစ္စတန်ဓာတ်ငွေ့ပိုက်လိုင်း ပြန်လည်ဆောင်ရွက်ဖို့အတွက်လည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။

    အဲဒီစီမံကိန်းကို အမေရိကန်က နှစ်အတော်ကြာ ကန့်ကွက်ခဲ့ပေမယ့် နျူကလီးယားသဘောတူညီမှု ရပြီးနောက်ပိုင်း ပြန်လည်စတင်ဖို့ ဖြစ်လာတာဖြစ်ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်ဖ်ကတော့ ပါကစ္စတန်အနေနဲ့ ဖြစ်နိုင်သမျှ စီးပွားရေးလုပ်ငန်း၊ ကုန်သွယ်မှုအခွင့်အလမ်းတွေအားလုံး အီရန်နဲ့ ဆောင်ရွက်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး နှစ်နိုင်ငံကြား အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့အရေး ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ ဒေသတွင်းအကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ စတာတွေကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။

    Ref: Presstv

  • ယူရိုတွင် အင်္ဂလန်အသင်း အောင်မြင်နိုင်သည်ဟု ဇာဗီပြော

    ယူရိုတွင် အင်္ဂလန်အသင်း အောင်မြင်နိုင်သည်ဟု ဇာဗီပြော

    မတ် ၂၆၊ ၂၀၁၆
    M-Media

    xavi

    – နည်းပြ ရွိုင်ဟဒ်ဆန် ဦးဆောင်သည့် အင်္ဂလန်အသင်းမှာ ယူရို ၂၀၁၆ တွင် အောင်မြင်လိမ့်မည်ဟု ဘာစီလိုနာ အသင်းခေါင်းဆောင်ဟောင်း ဇာဗီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်ကပင် လှည့်ပြန်ခဲ့ရသည့် အင်္ဂလန်အသင်းမှာ နိုင်ငံတကာပြိုင်ပွဲတွင် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလား တစ်ကြိမ်သာ ရရှိဖူးသည်။ ယူရိုတွင်လည်း ၁၉၆၈ နှင့် ၁၉၉၆ ခုနှစ်များတွင် ဆီမီးဖိုင်နယ်သို့ ရောက်ရှိမှုသာ အမြင့်ဆုံးဖြစ်သည်။

    စပိန်အသင်းနှင့် ၂၀၀၈၊ ၂၀၁၂ ယူရိုပြိုင်ပွဲများတွင် ဗိုလ်စွဲခဲ့ဖူးသည့် ဇာဗီကမူ လက်ရှိ အင်္ဂလန်လူငယ်အသင်းအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေသည်။

    “အင်္ဂလန်က တကယ့်အခွင့်အလမ်းကောင်းရမယ်လို့ ကျွန်တော် ထင်ပါတယ်။ စပိန်အသင်း ပထမဆုံး ဖလားမရခင်က ကျွန်တော်တို့မှာ ကွာတားဖိုင်နယ်မှ ကျော်ပါ့မလားဆိုတဲ့ ဖိအား ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းရည်ကြောင့် ဖိအားဒဏ်ကို ခံနိုင်ခဲ့ပြီး ဖလားယူနိင်ခဲ့ပါတယ်။ အင်္ဂလန်ဟာ သူတို့ရဲ့ ရွှေရောင်မျိုးဆက်ဖြစ်တဲ့ လမ်းပတ်၊ စခိုးလ်၊ ဘက်ခမ်းနဲ့ ဂျရတ်တို့လက်ထက်မှာ အဲဒီလိုဖိအားမျိုး ခံစားခဲ့ရပြီး မကျော်လွှားနိုင်ခဲ့ပါဘူး။ အခု သွေးသစ်အင်္ဂလန်အသင်းမှာ ကိန်း၊ စတာလင်၊ ဒီလီ အလီ၊ လက်စတာနဲ့ မဖြစ်နိုင်တာတွေကို လုပ်ပြနေတဲ့ အင်္ဂလိပ်ကစားသမားတွေ ရှိပါတယ်။ နောက်ပြီး တော်တော်လေးကောင်းတဲ့ ကစားသမားအချို့လည်း ရှိပါတယ်” ဟု ဇာဗီက ပြောကြားခဲ့ပြီး ယူရို ၂၀၁၆ တွင် အောင်မြင်မှု ရရှိနိုင်လိမ့်မည်ဟု ဆိုသည်။

    ထို့ပြင် ဇာဗီက စပိန်အသင်းမှာ ၃ နှစ်ဆက်တိုက် ဥရောပချန်ပီယံဖြစ်နိုင်သည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဒဏ်ရာရ ပါလက်စတိုင်းတစ်ဦးအား အစ္စရေးစစ်တပ်က ပစ်သတ်မှုမှာ လူ့ကျင့်ဝတ်ဖောက်ဖြတ်မှုအဖြစ် ကုလ ရှုတ်ချ

    ဒဏ်ရာရ ပါလက်စတိုင်းတစ်ဦးအား အစ္စရေးစစ်တပ်က ပစ်သတ်မှုမှာ လူ့ကျင့်ဝတ်ဖောက်ဖြတ်မှုအဖြစ် ကုလ ရှုတ်ချ

    မတ် ၂၆၊ ၂၀၁၆
    M-Media

    pales 3

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် ဒဏ်ရာရနေသော ပါလက်စတိုင်းတစ်ဦးအား အစ္စရေးစစ်တပ်က တမင်ရည်ရွယ်၍ ပစ်သတ်မှုကို မှတ်တမ်းတင်ထားသည့် ဗီဒီယို ပြန့်နှံ့ခဲ့ပြီးနောက်ပိုင်း ထိုလုပ်ရပ်အတွက် ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

    “သိမ်းပိုက်ခံထားရတဲ့ အနောက်ဖက်ကမ်းက ဟီဘရွန်မြို့မှာ ပါလက်စတိုင်းတစ်ဦးကို တရားလက်လွတ် သတ်ဖြတ်မှု မနေ့ကပေါ်ထွက်လာမှုကို ကျွန်တော် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ၏ အထူးညှိနှိုင်းရေးမှူး နစ်ကိုလေး မလာဒီနော့ဗ်က ယမန်နေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားသည်။

    “ဒါဟာ အင်မတန် စက်ဆုပ်ဖွယ်ကောင်းပြီး၊ လူ့ကျင့်ဝတ်ဖောက်ဖျက်မှု၊ တရားမဲ့မှုဖြစ်ကာ တိုက်ခိုက်မှုတွေ ပိုဖြစ်ဖို့ မီးထိုးပေးလိုက်တာလည်း ဖြစ်ပါတယ်။ ပြီးတော့ ရှိပြီးသား အခြေအနေ မတည်ငြိမ်မှုတွေကိုလည်း မြင့်တက်လာစေနိုင်ပါတယ်”

    အွန်လိုင်း၌ ပြန့်နှံ့ခဲ့သည့် အဆိုပါဗီဒီယိုတွင် အစ္စရေးစစ်သားအား ဓားဖြင့်တိုက်ခိုက်သည်ဟု စွပ်စွဲခံရသည့် ပါလက်စတိုင်းတစ်ဦးမှာ သေနတ်ဖြင့် ပစ်ခံရသောကြောင့် ဒဏ်ရာဖြင့် လဲကျနေစဉ် အခြားအစ္စရေးစစ်သားတစ်ဦးက ၎င်း၏ ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ပုံရိပ်ကို တွေ့မြင်ခဲ့ရသည်။

    အစ္စရေးစစ်တပ်ကမူ ထိုကဲ့သို့ ကျူးလွန်သည့် စစ်သားကို ဖမ်းဆီးထားသည်ဟု ကြာသာပတေးနေ့က ပြောကြားခဲ့သည်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး မိုရှေ ယာလွန်ကလည်း ထိုအဖြစ်အပျက်ကို ရှုတ်ချခဲ့ပြီး ကျူးလွန်သူအား တရားဥပဒေရှေ့မှောက်ကို ခေါ်ဆောင်လာရန် အစ္စရေးအာဏာပိုင်များအား တိုက်တွန်းခဲ့သည်။

    မလာဒီနော့ဗ်က ယာလွန်၏ ထိုပြောဆိုမှုကို ကြိုဆိုခဲ့သည်။ ထိုဗီဒီယိုမှာ ပါလက်စတိုင်းပိုင်နက်များတွင် အောက်တို ဘာလက စတင်ခဲ့သည့် မငြိမ်သက်မှုများအတွင်း အစ္စရေးစစ်တပ်က အင်အား အလွန်အကျွံသုံးသည်ဟုသော စွပ်စွဲချက်များအတွက် အထင်ရှားဆုံး သက်သေများထဲမှ တစ်ခုလည်းဖြစ်သည်။

    အောက်တိုဘာ ၁ ရက်နေ့မှစ၍ အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပိုင်နက်အတွင်း တရားမ၀င် ၀င်ရောက်နေထိုင်ကြသည့် ဂျူးများ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ပါလက်စတိုင်းပြည်သူအရေအတွက်မှာ ၂၀၆ ဦး ရှိနေပြီဖြစ်သည်။

    Ref: Aljazeera