News @ M-Media

မဒီနာအစ္စလာမ့်တက္ကသိုလ်၏ နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပြပွဲတွင် မြန်မာနိုင်ငံမှ ၀င်ရောက်ပြသ

ဧပြီ ၁၊ ၂၀၁၆
M-Media

madina 14

– ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့ရှိ မဒီနာအစ္စလာမ့်တက္ကသိုလ် Islamic University Of Medinah မှ ကျင်းပသော ကမ္ဘာ့နိုင်ငံများ၏ ရိုးရာယဉ်ကျေးမှု ပြပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသားများကလည်း မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများကို ၀င်ရောက်ပြသခဲ့သည်ဟု သိရသည်။

ပဉ္စမအကြိမ်မြောက်ကျင်းပသည့် အဆိုပါ ရိုးရာယဉ်ကျေးမှုပြပွဲကို မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၆၄ ခုက ၀င်ရောက်ပြသခဲ့ကြသည်။

အဆိုပါပြပွဲမှာ နိုင်ငံတကာမှ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ၀တ်စားဆင်ယင်မှုများ၊ ရိုးရာအစားအသောက်များ၊ အထင်ကရနေရာများ၊အနုသုခုမလက်ရာများကို တစ်နေရာတည်းတွင် လေ့လာနိုင်စေရန် မဒီနာအစ္စလာမ့်တက္ကသိုလ်မှ ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားကို မဒီနာမြို့တော်ဝန် မင်းသား ဖိုင်ဆယ် ဘင် ဆလ်မန်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

madina 11

မြန်မာနိုင်ငံမှ ကျောင်းသားများကမူ ကရ၀ိတ်နန်းတော်ပုံစံတူ တည်ဆောက်ကာ မြန်မာနိုင်ငံပြခန်းတစ်ခုကို ပြုလုပ်ထားပြီး ကရင်လူမျိုးနှင့် ဗမာလူမျိုးတို့၏ ရိုးရာဝတ်စုံကို ၀တ်ဆင်ကာ၊ ဗမာလူမျိုး၏ ရိုးရာအကဖြစ်သော ဦးရွှေရိုးအကဖြင့် ဖျော်ဖြေခဲ့ကြသည်။

madina 3

ထို့ပြင် ရိုးရာမုန့်ပြသမှုတွင်လည်း မြန်မာအဖွဲ့မှာ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်၊ ကောက်ညှင်းကျည်တောက်၊ ဘိန်းမုန့် စသည့် မုန့်မျိုးစုံကို ထည့်သွင်းပြသထားက လာရောက်ကြည့်ရှုသူများက မြိန်ယှက်စွာ သုံးဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံပြခန်းအတွင်း မြန်မာနိုင်ငံရှိ အထင်ကရနေရာများ၊ အဆောက်ဦးများ၊ ရှုခင်းများ၏ ဓာတ်ပုံများကိုလည်း ခင်းကျင်းပြသခဲ့သည်။

နိုင်ငံတကာမှ ရိုးရာယဉ်ကျေးမှုပြပွဲနှင့်အတူ ဆိုင်ခန်းပေါင်း ၄၅၀ ကျော်ပါသည့် ၃၃ ကြိမ်မြောက် စာအုပ်ပြပွဲကြီးကိုလည်း အဆိုပါ မဒီနာအစ္စလာမ့်တက္ကသိုလ်တွင် တစ်ပြိုင်နက်တည်း ခင်းကျင်းပြသလျက်ရှိနေသည်။

Ref and Photo Credit : Facebook pages of လှမ်းလာခဲ့ပါမဒီနာ, Ko Lwin Moe၊ Mg Khin and Paing Phyoewai

Comments

Leave a Reply