News @ M-Media
Blog
  • ပါကစ္စတန်အရှေ့ပိုင်းတွင် တာလီဘန်က အသေခံဗုံးခွဲမှုကြောင့် လူ ၆၀ ကျော် သေဆုံး
    ပါကစ္စတန်အရှေ့ပိုင်းတွင် တာလီဘန်က အသေခံဗုံးခွဲမှုကြောင့် လူ ၆၀ ကျော် သေဆုံး
    မတ် ၂၈၊ ၂၀၁၆
    M-Media
    paki 2
    – ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် လာဟိုးမြို့ရှိ ပန်းခြံတစ်ခုတွင် ယမန်နေ့က အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွားသောကြောင့် အနည်းဆုံး ၆၅ ဦး သေဆုံးခဲ့ပြီး လူ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    မိသားစုများနှင့် ကလေးငယ်များ အပန်းဖြေလေ့ရှိသည် အဆိုပါ ပန်းခြံတွင် ခရစ်ယာန်ဘာသာဝင်များက အီစတာပွဲတော် ကျင်းပရန် ဆောင်ရွက်နေကြသည့်အချိန်တွင် အသေခံဗုံးခွဲသမားတစ်ဦးက ယမန်နေ့ညနေပိုင်း ၇ နာ ရီဝန်းကျင်ခန့်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။
    ပါကစ္စတန်တာလီဘန်၏ အဖွဲ့ခွဲဖြစ်သည့် ဂျမာအတ်-အူလ်-အဟ်ရာရ်ကမူ ထိုတိုက်ခိုက်မှုကို ၎င်းတို့က ပြုလုပ်ခြင်းဖြစ်ပြီး ခရစ်ယာန်များကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်သည်။
    ရဲတပ်ဖွဲ့ကမူ ပေါက်ကွဲအား ပြင်းထန်သောကြောင့် သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ ၀ါဇီရစ္စတန်မြောက်ပိုင်းတွင် အခြေစိုက်သည့် တာလီဘန်များမှာ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် တိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လျက်ရှိနေပြီး ထိခိုက်ခံစားရသူအများစုမှာ မွတ်စလင်များဖြစ်ကြသည်။
    Ref: Aljazeera
  • အီရန်က ဒုံးကျည်ပိုင်ဆိုင်မှုကို တိုးမြှင့်သွားမည်
    အီရန်က ဒုံးကျည်ပိုင်ဆိုင်မှုကို တိုးမြှင့်သွားမည်
    မတ် ၂၇၊ ၂၀၁၆
    M-Media
    iran
    – မိမိတို့တိုင်းပြည်အနေဖြင့် စစ်ဖက်ဆိုင်ရာ လက်နက်များ ပိုင်ဆိုင်မှုကို ပိုမိုတိုးမြှင့်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ယမန်နေ့က ပြောကြားလိုက်ပြီး အီရန်၏ တိုက်ချင်းပစ်ဒုံးကျည်အစီအစဉ်နှင့် ဆက်စပ်သည်ဟုဆိုကာ ကုမ္ပဏီနှစ်ခုကို အမေရိကန်က ပိတ်ပင်မှုကို တုံ့ပြန်လိုက်ခြင်းလည်းဖြစ်သည်။
    ဇာရစ်ဖ်က မိမိတို့၏ ဒုံးကျည်စွမ်းရည်ကို မြှင့်တင်ရာတွင် အကန့်အသတ်ထားမည်မဟုတ်ဘဲ ထိုကဲ့သို့ ဒုံးကျည်ထုတ်လုပ်သည့် အစီအစဉ်မှာ နျူကလီးယားလက်နက် သဘောတူညီချက်မှာ ဘာမှမဆိုင်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    “အီရန်ရဲ့ ဒုံးကျည်အစီအစဉ်ကို ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့က ဒုံးကျည်စွမ်းအား မြှင့်တင်ရေးနဲ့ ပြန်လည်တုံ့ပြန်သွားမှာပါ” ဟု ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်သို့ ရောက်ရှိနေသည့် ဇာရစ်ဖ်က ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက အီရန်သမ္မတ ရူဟာနီမှာ နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည် တိုးတက်ရေးအတွက် ဒုံးကျည်အမျိုးမျိုးကို ထုတ်လုပ်ရေး မြှင့်တင်ဆောင်ရွက်ရန် ကာကွယ်ရေးဝန်ကြီး ဟူစိန်ဒေကန်အား အမိန့်ပေးခဲ့ပြီး ၃ လအကြာတွင် တာဝေးပစ်ဒုံးကျည်များဖြစ်သော Qadr နှင့် Qiam တို့ကို စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်။
    ထိုဒုံးကျည်ထုတ်လုပ်မှုကို မကျေနပ်သောကြောင့် အမေရိကန်မှာ ဒုံးကျည်အစီအစဉ်တွင် ပါဝင်ခဲ့သည် ကုမ္ပဏီနှစ်ခုအား သောကြာနေ့က အမည်ပျက်စာရင်းသွင်းခဲ့သည်။
    အီရန်က မိမိတို့၏ ဒုံးကျည်အစီအစဉ်မှာ အနောက်နိုင်ငံများနှင့် ချုပ်ဆိုထားသည့် နျူသဘောတူညီချက်တွင် မပါဝင်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်နှင့် အနောက်နိုင်ငံများကမူ ထိုထုတ်လုပ်မှုမှာ ကုလ၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်သည်ဟု ဆိုသည်။
    Ref: Aljazeera
  • ပြောင်းရွှေ့အခြေချသူများအပေါ် ဥရောပ၏တုန့်ပြန်မှုကို ပုပ်ရဟန်းမင်းကြီး ရှုတ်ချ
    ပြောင်းရွှေ့အခြေချသူများအပေါ် ဥရောပ၏တုန့်ပြန်မှုကို ပုပ်ရဟန်းမင်းကြီး ရှုတ်ချ
    မတ် ၂၇၊ ၂၀၁၆
    M-Media
    – ရွှေ့ပြောင်းအခြေချသူတွေအပေါ် ဥရောပရဲ့ ဆက်ဆံမှုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရှုတ်ချလိုက်ပြီး ခွဲခြားမှုရှိနေကာ၊ အကောင်းအဆိုး ဝေဖန်ပိုင်းခြားစိတ် ပျောက်ဆုံးနေတယ်လို့လည်း ပြောကြားလိုက်ပါတယ်။
    သောကြာနေ့က ကျရောက်ခဲ့တဲ့ Good Friday အတွက် ၀တ်ပြုဆုတောင်းမှု အခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီးက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေလုပ်တဲ့ ကက်သလစ်ဘုန်းကြီးတွေ၊ လက်နက်ရောင်းချတဲ့နိုင်ငံတွေနဲ့ အခြေခံဝါဒီတွေကိုလည်း ထည့်သွင်း ရှုတ်ချခဲ့ပါတယ်။
    ကမ္ဘာ့အသိုင်းအ၀ိုင်းအနေနဲ့ ဒုက္ခသည်တွေအတွက် တံခါးဖွင့်ထားဖို့နဲ့ နိုင်ငံခြားသားကြောက်ရွံ့မှု (xenophobia) ကိုလည်း တိုက်ထုတ်ဖို့လည်း ဖရန်စစ်က တိုက်တွန်းခဲ့ပါတယ်။
    နောက်ပြီး အကြမ်းဖက်မှုလုပ်ရပ်တွေကို ကျူးလွန်သူတွေဟာ ဘုရားသခင်ရဲ့ နာမတော်ကို ညှိုနွမ်းစေတာဖြစ်ပြီး သူတို့ရဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့အတွက် မြင့်မြတ်တဲ့ ဘာသာတရားတွေရဲ့ အမည်နာမကို အလွဲသုံးစားလုပ်နေကြတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ပုပ်ရဟန်းမင်းကြီးဟာ ကြာသာပတေးနေ့က ဒုက္ခသည်စခန်းတစ်ခုကို သွားရောက်ခဲ့ပြီး မွတ်စလင်၊ အော်သိုဒေါ့စ်၊ ဟိန္ဒူနဲ့ ကက်သလစ် ပြောင်းရွှေ့အခြေချသူတွေကိုရဲ့ ခြေထောက်တွေကို Good Friday အထိမ်းအမှတ်ဖြစ် နမ်းရှုံ့ကာ ရေနဲ့ ဆေးကြောပေးခဲ့ပြီး ဘရပ်ဆဲလ်နဲ့ ပဲရစ်တိုက်ခိုက်မှုတွေကြောင့် မွတ်စလင်ဆန့်ကျင်ရေး၊ ရွှေ့ပြောင်းအခြေချသူများ ဆန့်ကျင်ရေး ဖြစ်နေခိုက်မှာ ၎င်းတို့ကို ကြိုဆို၊ အားပေးတဲ့ အမူအရာကို ပြသခဲ့ပါတယ်။
    Ref: IINA
  • ၀င်းဂါးထွက်သွားပါက အာဆင်နယ်မှာ မန်ယူကဲ့သို့ဖြစ်မည်ဟု ဂိုးသမားဟောင်း ပြော
    မတ် ၂၇၊ ၂၀၁၆
    M-Media
    winger 4
    – အာဆင်နယ်အနေဖြင့် နည်းပြ၀င်းဂါးကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ပြီး ၀င်းဂါးမရှိပါက အာဆင်နယ်မှာ ဖာဂူဆန်ထွက်သွားသည့် မန်ယူအသင်းကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရနိုင်သည်ဟု ဂိုးသမားဟောင်း ဒေးဗစ်ဆီးမင်းက ပြောကြားလိုက်သည်။
    အာဆင်နယ်မှာ လက်ရှိတွင် ချန်ပီယံလိဂ်နှင့် FA တို့မှ ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင်လည်း လက်စတာနှင့် စပါးတို့အောက်တွင် ရောက်ရှိနေသည်။ ထို့ကြောင့် အာဆင်ဝင်းဂါးမှာ ဖိအားများနှင့် ရင်ဆိုင်နေရကာ ပရိတ်သတ်များက ရာထူးမှထုတ်ပယ်ရန်ပင် တောင်းဆိုနေကြသည်။
    သို့သော်လည်း ဆီးမင်းကမူ ၀င်းဂါးမှာ အာဆင်နယ်အတွက် အသင့်တော်ဆုံးသူဖြစ်သည်ဟု ဆိုသည်။
    “အာဆင်နယ် ဒီလိုတွေဖြစ်နေတာကို ကျွန်တော်လည်း တော်တော် စိတ်ပျက်ပါတယ်။ ထိပ်ဆုံးနေရာအပြောင်းအလဲ ဖြစ်မလားဆိုရင်တော့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်က အာဆင်နယ်ကို အရူးအမူး အားပေးသူတစ်ယောက်ပါ။ ရာသီအဆုံးမှာ ဘယ်လိုဖြစ်မလဲဆိုတာကို ကျွန်တော်တို့ ကြည့်ကြတာပေါ့”
    “ဒါပေမယ့် ကျွန်တော့်အတွက်တော့ ၀င်းဂါးက တော်တော်လေးတော်တဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော် သူနဲ့ ၇ နှစ်၊ ၈ နှစ်လောက် လက်တွဲခဲ့ဖူးပါတယ်။ သူက တစ်မူထူးခြားသူတစ်ဦးပါ။ မန်ယူ ဘာတွေဖြစ်နေသလဲဆိုတာကို ကြည့်ပါ။ သူတို့ရဲ့ နည်းပြကောင်းတစ်ဦးဖြစ်တဲ့ အဲလက်စ်ဖာဂူဆန်ကို ဆုံးရှုံးခဲ့တယ်။ သူအနားယူသွားတယ်။ တစ်ဖက်မှာတော့ သူက အေးဆေးဖြစ်နေပါတယ်။ အာဆင်ဝင်းဂါးဟာ ကြီးကျယ်တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ဒါပေမယ့် အမြဲတမ်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ရလည်း ဒီဖိအားက လျော့သွားမှာမဟုတ်ပါဘူး” ဟု ဆီးမင်းက ပြောကြားခဲ့သည်။
    Ref: Goal
  • ဆီးရီးယားရှိ ရှေးဟောင်းသမိုင်းဝင်မြို့ကို IS လက်မှ ပြန်သိမ်းနိုင်ပြီ
    ဆီးရီးယားရှိ ရှေးဟောင်းသမိုင်းဝင်မြို့ကို IS လက်မှ ပြန်သိမ်းနိုင်ပြီ
    မတ် ၂၇၊ ၂၀၁၆
    M-Media
    palmyra 2
    – ပြီးခဲ့သည့်နှစ် မေလကတည်းက IS အဖွဲ့မှ သိမ်းပိုက်ထားသည့် သမိုင်းဝင် ပါလ်မိုင်ရာမြို့ကို ဆီးရီးယားအစိုးရတပ်များက ယနေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
    ရုရှား၏ လေကြောင်းပစ်ကူနှင့်အတူ ဆီးရီးယားတပ်ဖွဲ့ဝင်များနှင့် မဟာမိတ်ပြည်သူ့စစ်များက သီတင်းတစ်ပတ်ကြာ ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ဟု ဆီးရီးယားနိုင်ငံပိုင် ရုပ်သံက စစ်တပ်ရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။
    ထိုတိုက်ပွဲတွင် IS တိုက်ခိုက်ရေးသမား ၄၀၀ ခန့်ကို သုတ်သင်နိုင်ခဲ့ပြီး လွန်ခဲ့သည့် ၂ နှစ် အီရတ်နှင့် ဆီးရီးယားတို့ရှိ နယ်မြေများကိုသိမ်းပိုက်ကာ ခလီဖိတ်ဒေသအဖြစ် ကြေငြာခဲ့ပြီးနောက် IS ၏ အကြီးမားဆုံး ရှုံးနိမ့်မှုဖြစ်သည်။ လက်ရှိအချိန်တွင် ဆီးရီးယားစစ်တပ်မှာ မြို့တစ်ဝိုက်တွင် ထောင်ထားသောဗုံးများကို ရှင်းလင်းနေသည်။
    ယူနက်စကို၏ ကမ္ဘာ့ ရှေးဟောင်းသမိုင်းဝင်နေရာအဖြစ် သတ်မှတ်ထားသည့် ပါလ်မိုင်ရာမြို့မှာ ၂၀၁၁ ခုနှစ် ဆီးရီးယား မတည်မငြိမ်မဖြစ်ခင် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာမြို့ဖြစ်ပြီး နှစ်စဉ် ခရီးသွား သိန်းနှင့်ချီ လာရောက်သည့်နေရာဖြစ်သည်။
    Ref: Aljazeera