မတ် ၂၆၊ ၂၀၁၆
M-Media
– အီရန်နဲ့ ပါကစ္စတန်တိုရဲ့ ဆက်ဆံရေးဟာ မဟာဗျူဟာမြောက် ဆက်ဆံရေး ဖြစ်တယ်လို့ အစ္စလာမ်မာဘတ်ကို ၂ ရက်ကြာ သမိုင်းဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အီရန်သမ္မတ ရူဟာနီက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။
နျူသဘောတူညီချက်ရရှိအပြီး အီရန်အပေါ် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းပြီးတဲ့နောက် သွားရောက်ခဲ့တဲ့ အဲဒီခရီးစဉ်ဟာ နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေး ပိုမိုတောင့်တင်းခိုင်မာစေဖို့ ရည်မှန်းထားတာပါ။
ရူဟာနီကတော့ အီရန်နဲ့ ဘာသာရေး၊ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှု ဘုံတူညီမှုတွေရှိနေတဲ့ ပါကစ္စတန်နိုင်ငံဟာ အီရန်အတွက် အရေးပါတယ်လို့ ဆိုပါတယ်။ ယခုလည်ပတ်မှုဟာ နိုင်ငံတော်အဆင့် ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
အီရန်သမ္မတဟာ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်၊ သမ္မတ မန်နွန် ဟူစိန်၊ စစ်ဘက်အကြီးအကဲ ဗိုလ်ချုပ် ရာဟီးလ်ရှရစ်ဖ်တို့နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။ ပါကစ္စတန်ရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် စီမံကိန်းတစ်ခုဖြစ်တဲ့ အီရန်-ပါကစ္စတန်ဓာတ်ငွေ့ပိုက်လိုင်း ပြန်လည်ဆောင်ရွက်ဖို့အတွက်လည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။
အဲဒီစီမံကိန်းကို အမေရိကန်က နှစ်အတော်ကြာ ကန့်ကွက်ခဲ့ပေမယ့် နျူကလီးယားသဘောတူညီမှု ရပြီးနောက်ပိုင်း ပြန်လည်စတင်ဖို့ ဖြစ်လာတာဖြစ်ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်ဖ်ကတော့ ပါကစ္စတန်အနေနဲ့ ဖြစ်နိုင်သမျှ စီးပွားရေးလုပ်ငန်း၊ ကုန်သွယ်မှုအခွင့်အလမ်းတွေအားလုံး အီရန်နဲ့ ဆောင်ရွက်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
နောက်ပြီး နှစ်နိုင်ငံကြား အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့အရေး ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ ဒေသတွင်းအကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ စတာတွေကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။
Ref: Presstv