မတ် ၃၁၊ ၂၀၁၆
M-Media
– အနောက်အာဖရိကမှာ လူထောင်ပေါင်းများစွာကို သေဆုံးစေခဲ့တဲ့ အီဘိုလာကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားရာကနေ ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားလိုက်ပါတယ်။
အီဘိုလာဟာ ၂၀၁၃ ဒီဇင်ဘာမှာ စတင်ထွက်ပေါ်ခဲ့ပြီး အဓိကအားဖြင့် လိုက်ဘေးရီးယား၊ ဂီနီ၊ ဆီရာလီယွန်နီတို့မှာ လူပေါင်း ၁၁၃၀၀ ကျော်ကို သေဆုံးစေခဲ့ကာ ၂၈၀၀၀ ကျော်ကို ကူးစက်ခဲ့ပါတယ်။ WHO ကတော့ ၂၀၁၄ ခုနှစ် သြဂုတ်လကစလို့ ဒီကပ်ရောဂါအတွက် အရေးပေါ်အခြေအနေ ကြေငြာခဲ့တာပါ။
“အနောက်အာဖရိကမှာ အီဘိုလာကူးစက်မှုဟာ သာမန်ထက်ထူးကဲတဲ့ ဖြစ်ရပ်မျိုး မရှိတော့ပါဘူး။ နိုင်ငံတကာကို ကူးစက်ပျံ့ပွားမှုလည်း အခုဆို လျော့ကျနေပါပြီ။ လက်ရှိ နိုင်ငံအသီးသီးမှာလည်း အရေးပေါ်ကူးစက်မှုအသစ် တွေ့ရင် အလျင်အမြန်တုံ့ပြန်နိုင်စွမ်း ရှိနေပါပြီ” လို့ WHO ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ မာဂရတ်ချန်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဒီရောဂါအတွက် သတိကြီးကြီးထားဖို့နဲ့ ကိုင်တွယ်နိုင်စွမ်းရှိဖို့အတွက် ဆက်လက်ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ မာဂရတ်ချန်က အီဘိုလာကူးစက်ခံရတဲ့ နိုင်ငံသုံးနိုင်ငံအပေါ် ကူးသန်းသွားလာရေး၊ ကုန်သွယ်ရေးတို့ ပိတ်ပင်ထားတာတွေကို ရုပ်သိမ်းပေးဖို့ကိုလည်း ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။
WHO က ၎င်းရဲ့ ၀န်ထမ်းတွေ ရာပေါင်းများစွာကို အနောက်အာဖရိကနိုင်ငံတွေမှာ အခြေအနေကို လေ့လာစောင့်ကြည့်ဖို့ စေလွှတ်ထားပါတယ်။
Ref: Presstv
Leave a Reply
You must be logged in to post a comment.