News @ M-Media

Blog

  • ဘရပ်ဆဲလ်မတိုင်ခင် အခြားနေရာက အကြမ်းဖက် တိုက်ခိုက်မှုတွေကို မီဒီယာတွေမှာ ဘာ့ကြောင့် မမြင်ရတာလဲ

    ဘရပ်ဆဲလ်မတိုင်ခင် အခြားနေရာက အကြမ်းဖက် တိုက်ခိုက်မှုတွေကို မီဒီယာတွေမှာ ဘာ့ကြောင့် မမြင်ရတာလဲ

    မတ် ၂၃၊ ၂၀၁၆
    M-Media

    turkey 1
    တူရကီအကြမ်းဖက်မှုနောက်ဆက်တွဲ မြင်ကွင်းတစ်ခု

    – အနည်းဆုံး လူ ၃၀ သေဆုံးကာ ၂၃၀ ခန့်ဒဏ်ရာရခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ဖြစ်ရပ်ဆိုးကြီးကို ကမ္ဘာကြီးက ၀မ်းနည်းပက်လက်ဖြစ်နေမည်ဆိုပါက မကြာသေးမီက တူရကီ၌ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် သေဆုံးသွားသူများအတွက် ၀မ်းနည်းသည်ဟု ပြောကြားရန်လည်း အရေးကြီးပေသည်။

    တူရကီမှ ထိုတိုက်ခိုက်မှုနှစ်ခုစလုံးက ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း အဓိကမီဒီယာများက ထိထိရောက်ရောက် ဖော်ပြခြင်းမပြုခဲ့။

    မတ်လ ၁၃ ရက်နေ့ တနင်္ဂနွေနေ့တွင် တူရကီမြို့တော် အန်ကာရာ၌ ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်မှုတွင် လူ ၃၆ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်။ ရက်အနည်းငယ်အကြာတွင်ပင် IS နှင့်ပတ်သက်သူ အသေခံဗုံးခွဲသမားတစ်ဦးက အစ္စတန်ဘူလ်ရှိ ကမ္ဘာလှည့်ခရီးသွားများဖြင့်စည်ကားရာ နေရာတွင် ဗုံးခွဲခဲ့ပြီး ၄ ဦး သေဆုံးခဲ့သည်။

    ဆိုရှယ်မီဒီယာသုံးစွဲသူများက ပြီးခဲ့သည့်နှစ် ပဲရစ်မြို့ရှိ ချာလီဟဘ်ဒို မဂ္ဂဇင်းတိုက်နှင့် ဘာတက်လန် ကုန်တိုက်တို့ တိုက်ခိုက်မှု၊ ယခု ဘရပ်ဆဲလ်မြို့ တိုက်ခိုက်မှု စသည်တို့တွင် ကမ္ဘာကြီး၏ တုံ့ပြန်မှုမျိုး တူရကီတိုက်ခိုက်မှုများတွင် ပြသကြရန် တောင်းဆိုခဲ့သည်။

    အန်ကာရာတိုက်ခိုက်မှုကို မီဒီယာများက ဖော်ပြရာတွင် ပြီးခဲ့သည့် နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် ချာလီဟဘ်ဒိုတိုက်ခိုက်မှုအား ဖော်ပြခဲ့သည့် ပုံစံမျိုးနှင့် လားလားမျှမဆိုင်။ ထိုစဉ်က တိုက်ခိုက်မှုကို အဆက်မပြတ် ဖော်ပြခဲ့သော်လည်း ယခု အန်ကာရာတိုက်ခိုက်မှုကို ၀တ်ကျေတန်းကျေမျှသာ ဖော်ပြကြသည်။ လွတ်လပ်သော မီဒီယာဝေဖန်ရေးသမားများက အဆိုပါ ချာလီဟဘ်ဒိုတိုက်ခိုက်မှုနှင့် တစ်ချိန်တည်းလိုလို ဖြစ်ပွားခဲ့ပြီး ၄၃ ဦးသေဆုံးခဲ့သည့် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဗုံးပေါက်ကွဲမှုအား အဓိကမီဒီယာများက ထိထိရောက်ရောက် မဖော်ပြခြင်းအတွက်လည်း ဝေဖန်ထောက်ပြခဲ့ကြသည်။ ဘေရွတ်တိုက်ခိုက်မှုအတွင်း ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး မီဒီယာများကတော့ သူပြောငါပြောလောက်သာ ရေးကြသည်။

    တကယ်တော့ ဘေရွတ်ဗုံးခွဲမှုကို မီဒီယာများက လုံးဝ ထိန်ချန်ထားခဲ့သည်တော့မဟုတ်။ အမေရိကန်ရှိ အဓိက သတင်းစာများဖြစ်သော New York Times နှင့် Washington Post၊ ထင်ရှားသည့် သတင်းမဂ္ဂဇင်း The Economist နှင့် အတင်းအဖျင်း သတင်းများကို ဖော်ပြသည့် Daily Mail တို့က ထိုသတင်းကို အနည်းဆုံး ၁ ပုဒ်တော့ ဖော်ပြခဲ့သည်။ သို့သော်လည်း ထိုဖော်ပြမှုများက ချာလီဟဘ်ဒို တိုက်ခိုက်မှုမျိုးကဲ့သို့ ၂၄ နာရီပတ်လုံး၊ သီတင်းပတ်တစ်ပတ်လုံး အဆက်မပြတ်ဖော်ပြမှုမျိုး မဟုတ်သည်ကိုတော့ လူတိုင်းသိကြသည်။

    ပဋိပက္ခများဖြစ်ပွားနေသော ဒေသများထက် အနောက်နိုင်ငံများတွင်ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို မီဒီယာများက သိသိသာသာပင် ဘက်လိုက်ဖော်ပြနေကြသည်။ ဥပမအားဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြားတွင် ကင်ညာနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၇၀ သေဆုံးခဲ့ကာ ၁၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။ ကမ္ဘာ့အကြမ်းဖက်မှုဆိုင်ရာမှတ်တမ်းဌာန (Global Terrorism Database) ရှိ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်တွင် လက်ဘနွန်၌ အနည်းဆုံး အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၂၀၀ ဖြစ်ပွားခဲ့ပြီး လူ ၁၁၄ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

    အခြားတစ်ဖက်တွင် ပြင်သစ်နိုင်ငံ၌ အကြမ်းဖက်မှုမှာ ၂၀၁၄ ခုနှစ်တွင် ၁ ခုသာ ဖြစ်ပွားခဲ့လေသည်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင်ဖြစ်ပွားသည့် ချာလီဟဘ်ဒို တိုက်ခိုက်မှုအတွင်း ပဲရစ်ပြည်သူ တစ်ဒါဇင်ခန့် သေဆုံးခဲ့ပြီး ထိုဖြစ်ရပ်က ကမ္ဘာတစ်ဝှမ်းတွင် ပြောမဆုံးနိုင်သည့်ဇာတ်လမ်း ဖြစ်ခဲ့လေသည်။

    အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုဒဏ် ခံရသူများကို ပဲရစ်တိုက်ခိုက်မှုကဲ့သို့ မီဒီယာများက စာနာထောက်ထားစွာ ဖော်ပြမှုမရှိခြင်းမှာ ဆင်ခြေပေးရန်မလိုသည့် ကိစ္စဖြစ်သည်။ ပဲရစ်တိုက်ခိုက်မှုကို New York Times သတင်းစာက ဖော်ပြရာတွင် ဇာတ်နာစေရန်အတွက် တိုက်ခိုက်မှုမဖြစ်ခင် မြို့တွင်းရှိ အားကစားပြိုင်ပွဲများ ပြုလုပ်နေခြင်း၊ ညစာထွက်စားသော ပြည်သူများ၊ ပဲရစ်၏ ညဘက်ဘ၀ကို ပျော်ရွှင်ခံစားနေသူများအကြောင်းကို သာသာထိုးထိုး ဖော်ပြကြသည်။

    အမှန်တော့ ကင်ညာပြည်သူများနှင့် လက်ဘနွန်ပြည်သူများကလည်း ညစာထွက်စားကြသည်။ အားကစားပွဲများကို စောင့်ကြည့်တတ်ကြသည်။ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ၎င်းတို့သည်လည်း ဆောက်တည်ရာမရ ဖြစ်သွားခဲ့ကြသည်။ သို့သော် Times ကဲ့သို့သော သတင်းစာများကတော့ ကမ္ဘာလှည့်ခရီးသွားများကြား လူကြိုက်များသည့် ဒေသများရှိ ထိခိုက်ခံစားရသူများအတွက် ဖွဲ့နွဲ့ရေးသားကြသလိုမျိုး ဝေးလံခေါင်ဖျားသော ဒေသများမှ ထိခိုက်သူများအတွက် ရေးသားဖော်ပြခြင်း မရှိကြ။

    Slate.com ဆောင်းပါးရှင် ဂျက်စတင်ပီတာက အယ်ဒီတာများ၏ သတင်းအပေါ် အဆင့်သတ်မှတ်မှုကို “ခွေးက လူကိုကိုက်တာ သတင်းမဟုတ်။ လူက ခွေးကိုကိုက်တာ သတင်းလုပ်ကြတယ်” ဟု မှတ်ချက်ပေးခဲ့သည်။ ဥရောပနှင့် မြောက်အမေရိကန်တို့မှ၍ အခြားသောတိုက်ကြီးများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပါက အနောက်တိုင်းသားတို့ တုတ်တုတ်တောင်မလှုပ်ကြ။ ထို့ကြောင့် ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့ကဲ့သို့ အနောက်နိုင်ငံများတွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများက ကင်ညာနှင့် လက်ဘနွန်တို့ကဲ့သို့ နိုင်ငံများတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများထက် မီဒီယာတွင် ပိုမိုသာသာဖော်ပြမှုများ ဆက်လက်ရှိနေမည်မှာ မေးစရာမလိုသည့် ကိစ္စဖြစ်သည်။

    ထိုတိုက်ခိုက်မှုတစ်ခုချင်းစီကို မည်သို့ပင်ဖောပြနေပါစေ ကမ္ဘာသူကမ္ဘာသားစိတ်ဓာတ် ထားရှိခြင်းနှင့် ပဲရစ်တိုက်ခိုက်မှု၊ ဘရပ်ဆဲလ်တိုက်ခိုက်မှုများတွင် ထိုခိုက်ခံစားသူများကို စာနာသကဲ့သို့ အရှေ့အလယ်ပိုင်းမှ အကြမ်းဖက်မှုများ၏ သားကောင်ဖြစ်နေသူများကိုလည်း တူညီသော စာနာစိတ်ထားခြင်းမှာ မိမိတို့ စာဖတ်သူများ၏ တာဝန်သာ ဖြစ်ပေတော့သည်။

    Ref: Usuncut

  • ဟင်းရွက်ဆီက ဆီးချိုဖြစ်မှုကို နှေးကွေးစေနိုင်

    ဟင်းရွက်ဆီက ဆီးချိုဖြစ်မှုကို နှေးကွေးစေနိုင်

    မတ် ၂၃၊ ၂၀၁၆
    M-Media

    diabates

    – အခွံမာသီးမှ အစေ့များနှင့် ဟင်းရွက်ဆီတို့ကဲ့သို့ အရာများကို စားသုံးခြင်းက အဆင့် ၂ ဆီးချိုရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးသည်ဟု ယူကေသိပ္ပံညာရှင်များ၏ လေ့လာမှုအရ သိရသည်။

    ပညာရှင်များမှာ အစောပိုင်းက ကိုယ်အလေးချိန်လျှော့ချမှုမှာ ဆီးချိုဖြစ်နိုင်သည့် အခြေအနေမှ အဆင့် ၂ သို့ မရောက်ရှိစေရန်အတွက် ကာကွယ်ပေးနိုင်သည်ဟု ထင်မှတ်ခဲ့သော်လည်း ယခု လေ့လာမှုအသစ်အရ အစားအသောက်တွင် ရွေးချယ်စားသောက်ခြင်းဖြင့် ထိုကဲ့သို့ သက်ရောက်မှု ရှိနိုင်သည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    သုတေသနတွင် အားကစားသမား၊ အ၀လွန်သူ၊ ဆီးချိုဖြစ်နိုင်ချေရှိသူနှင့် အဆင့် ၂ ဆီးချိုဖြစ်နေသူများ၊ သာမန်လူကောင်း စုစုပေါင်း ၇၀ ကျော်တို့၏ သွေးအတွင်းရှိသော ဂလူးကို့စ်အခြေအနေကို စောင့်ကြည့်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့စောင့်ကြည့်ရာတွင် အခွံမာသီးအစေ့များနှင့် ဟင်းရွက်ဆီတို့ကို စားသုံးသောသူများမှာ သကြားအတွင်း အချိုဓာတ်နှင့် အဆီမြင့်တက်မှုများမှာ နှေးကွေးသည်ကို တွေ့ခဲ့ရသည်။

    စမ်းသပ်မှုတွင် ပါဝင်သည့် ဒေါက်တာ နီကိုလာ ဂက်စ်ကမူ ယခုလေ့လာမှုမှာ ဆီးချိုရောဂါဖြစ်နိုင်သည့် အခြေအနေများတွင် ရောဂါပိုမတိုးလာစေရေး နေ့စဉ်စားသောက်မှု ဆင်ခြင်ရန် အကြံပေးနိုင်မည်လားဆိုသည်နှင့်ပတ်သက်၍ ပထမဆုံး ရှာဖွေတွေ့ရှိမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: IINA

  • ဘရပ်ဆဲလ်ဗုံးခွဲမှုကို ဘယ်လ်ဂျီယံနှင့် ဥရောပမွတ်စလင်များ ရှုတ်ချ

    ဘရပ်ဆဲလ်ဗုံးခွဲမှုကို ဘယ်လ်ဂျီယံနှင့် ဥရောပမွတ်စလင်များ ရှုတ်ချ

    မတ် ၂၃၊ ၂၀၁၆
    M-Media

    – ယမန်နေ့က ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုများကို ဘယ်လ်ဂျီယံနှင့် ဥရောပတစ်ဝှမ်းရှိ မွတ်စလင်အဖွဲ့အစည်းများနှင့် ပြည်သူများက ရှုတ်ချပြောဆိုလိုက်သည်။

    လေဆိပ်နှင့် ဘူတာရုံတို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ၃ ခုကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ပြီး ၂၀၀ နီးပါးခန့် ဒဏ်ရာရရှိခဲ့သည်။ IS အဖွဲ့ကမူ ထိုဖောက်ခွဲမှုမှာ ၎င်းတို့လက်ချက်ဟု ပြောကြားခဲ့သည်။

    “ဒါဟာ လူမဆန်တဲ့လုပ်ရပ်တွေပါ။ ကျွန်တော်တို့ ဒီလိုလူမျိုးတွေကို မထောက်ခံပါဘူး။ သူတို့ တရားဥပဒေအတိုင်း ပြစ်ဒဏ်ခံစားရဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဥရောပ အစ္စလာမ့်အဖွဲ့အစည်းများသမဂ္ဂမှ ဒါရိုက်တာဖြစ်သူ ဆအစ်ဒ် ကမ်လီက ပြောကြားခဲ့သည်။

    ထို့ပြင် IS အဖွဲ့နှင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များက အစ္စလာမ်ကို ကိုယ်စားမပြုဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ပရဟိတလုပ်ငန်များ ဆောင်ရွက်နေသော ဘယ်လ်ဂျီယံမွတ်စလင်ကော်မတီ EMB ကလည်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မိမိတို့မှာ ထိုလုပ်ရပ်ကို ခြွင်းချက်မရှိ ရှုတ်ချကြောင်း၊ အပြစ်မဲ့အရပ်သားများအား ဆိုးဆိုးဝါးဝါး ရက်ရက်စက်စက် ကျူးလွန်ခြင်းသာဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    “ဥရောပရဲ့ နှလုံးသည်းပွတ်နေရာမှာ ဖြစ်ပွားခဲ့တဲ့ ဒီလိုဆိုးရွားတဲ့ အဖြစ်အပျက်တွေဟာ EMB နဲ့ မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံးက ကြိုးစားပမ်းစား ဆောင်ရွက်နေတဲ့ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးကို သဲထဲရေသွန်သလို ဖြစ်စေပါတယ်”

    ထို့ပြင် အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရန်အတွက် စုစည်းညီညွတ်ကြရန်လည်း အဆိုပါကြေငြာချက်တွင် ဆော်သြခဲ့ပြီး ဘယ်လ်ဂျီယံမွတ်စလင်များအနေဖြင့် ဒီမိုကရေစီတန်ဖိုးကို ထိန်းသိမ်းရန်၊ လုံခြုံရေးတပ်ဖွဲ့များအား ထောက်ပံ့ကူညီပေးရန်လည်း EMB က တိုက်တွန်းခဲ့သည်။

    ထို့ကဲ့သို့ တိုက်ခိုက်မှုများကို အကြောင်းပြု၍ နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားခံရမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။

    “ဒီအကြမ်းဖက်လုပ်ရပ်တွေကို မွတ်စလင်တွေလည်း ခံစားနေရပါတယ်။ ဒီလုပ်ရပ်ကိုအကြောင်းပြုပြီး မွတ်စလင်အားလုံးအပေါ် အပြစ်တင်တာမျိုး မဖြစ်ဖို့တော့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ လူ့အဖွဲ့အစည်းတွေ တစ်ဖက်နဲ့တစ်ဖက် ရန်စောင်ကြတာကို အကြမ်းဖက်သမားတွေက လိုချင်ကြတာပါ” ဟု EMB ဥက္ကဌ အီချာလာအူက ဘယ်လ်ဂျီယံသတင်းစာ De Standaard သို့ ပြောကြားခဲ့သည်။

    ဘယ်လ်ဂျီယံမွတ်စလင်များအပြင် ဥရောပနှင့် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များကလည်း ထိုလုပ်ရပ်ကို ရှုတ်ချကြောင်း ထိခိုက်ခံစားရသူများနှင့်အတူ ၀မ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့ကြသည်။

    Ref: politico.eu, Religionnews

  • ဘ၀သစ်ကို ပြန်လည်ပုံဖော်နေကြသည့် တရုတ်နိုင်ငံမှ မြန်မာမွတ်စလင်များ

    ဘ၀သစ်ကို ပြန်လည်ပုံဖော်နေကြသည့် တရုတ်နိုင်ငံမှ မြန်မာမွတ်စလင်များ

    မတ် ၂၃၊ ၂၀၁၆
    M-Media

    aw_myanmarmuslimruili_22

    – တရုတ်နိုင်ငံမှ စည်းကားလှသော Ruili နယ်စပ်မြို့လေးမှာ မြန်မာလူ့အဖွဲ့အစည်းတည်ရှိရာ မြို့တစ်မြို့ဖြစ်ပြီး ၎င်းတို့ထဲတွင် အများစုမှာ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုတို့ကြောင့် နေရပ်စွန့်ခွာကာ ဘ၀သစ်ကို ပြန်လည်ပုံဖော်ကြရသော မြန်မာနိုင်ငံဖွား မွတ်စလင်များ ဖြစ်ကြလေသည်။

    လူဦးရေ ၁၄၀၀၀၀ ခန့် နေထိုင်ပြီး ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးရာ ဤ Ruili မြို့လေးကို မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်မြို့မှ နယ်စပ်ကိုဖြတ်ကျော်ကာ လာရောက်နိုင်သည်။ ထိုမြို့တွင် မြန်မာနိုင်ငံသား ငါးသောင်းခန့်မှာ ဘ၀သစ်ကို လျှောက်လှမ်းနေကြသည်။ ၎င်းတို့မှ အများစုမှာ မွတ်စလင်များဖြစ်ပြီး ဘာသာရေးအကြမ်းဖက်မှုမှ လွတ်မြောက်ရန် ဇာတိ စွန့်ခွာခဲ့ရသူများဖြစ်ကာ Ruili မြို့တွင်တော့ ကျောက်မြတ်ရတနာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။

    ထိုမွတ်စလင်များက တရုတ်စာသင်ယူခြင်း၊ ဒေသခံများနှင့် ဆက်ဆံရေးတည်ဆောက်ခြင်း စသဖြင့် ၎င်းတို့၏ ဘ၀ကို ပြန်စခဲ့ကြရသည်။ Zubao လမ်းဟု ခေါ်သည့် ကျောက်မြတ်ရတနာ အရောင်းတန်းက ၎င်းတို့ ကျင်လည်ရာ ဒေသဖြစ်သည်။ ထိုနေရာတွင် လက်ဖက်ရည်ဆိုင်ထိုင်ကြသည်။ မုန့်ဟင်းခါးကလည်း ၎င်းတို့၏ မနက်စာ ဖြစ်သည်။ လမ်းထောင့်တိုင်းတွင်ရှိသည့် ကွမ်းယာဆိုင်များမှ ကွမ်းများကို ၀ယ်မြုံ့ကြသည်။ မြန်မာမွတ်စလင်များမှာ ထိုနေရာမှလွဲ၍ ဝေးဝေးလံလံ မသွားကြ။ ဒါက ၎င်းတို့၏ နေ့စဉ်ဘ၀ဖြစ်သည်။

    ဦးဖုန်းကျော်တစ်ယောက် ၁၉၉၀ ခုနှစ်တွင် ရန်ကုန်မှ Ruili မြို့သို့ ပြောင်းရွှေ့လာကာစက ထိုမြို့လေးတွင် မြန်မာနိုင်ငံသားမှာ ၁၀၀ ခန့်သာ ရှိသေးသည်။

    “အဲဒီအချိန်တုန်းက Zubao လမ်းလည်း မရှိသေးပါဘူး။ စီးပွားရေးလုပ်ဖို့လည်း တော်တော်ခက်တဲ့အချိန်ပါ။ နယ်စပ်ကို ထိန်းချုပ်ထားတာ၊ ရဲတွေရှိနေတာ စတာတွေက လူတိုင်းကို ဒုက္ခဖြစ်စေပါတယ်။ ဒါပေမယ့်လည်း အဖမ်းခံရမှာကို မမှုဘဲ လမ်းပေါ်မှာ ကျောက်တွေရောင်းတာကလွဲလို့ တစ်ခြားရွေးစရာ မရှိပါဘူး” ဟု အသက် ၅၂ နှစ်အရွယ် ဦးဖုန်းကျော်က ယူနန်ပြည်နယ်သံဝဲ၀ဲ တရုတ်စကားဖြင့် ပြောကြားခဲ့သည်။

    ၆၀၀၀၀ စကွဲယားမီတာ ကျယ်ဝန်းပြီး ကျောက်မြတ်ရတနာ ရောင်းဝယ်ရန် သီးသန့်သတ်မှတ်ထားသည့် Zubao လမ်းမမှာ ၁၉၉၃ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့ပြီး ဦးဖုန်းကျော်က ထိုလမ်း ပေါ်ပေါက်လာရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီခဲ့သည်။

    china 1
    တော်ဝင်ရတနာ မြန်မာကျောင်းတွင် စာသင်ကြားနေပုံ

    Ruili မြို့တွင် ကျောက်မြတ်ရတနာအသင်း တော်တော်များများကိုလည်း ၎င်းက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး မြန်မာစာသင်သော စာသင်ကျောင်း နှစ်ကျောင်းကိုလည်း ၎င်းကပင် တည်ထောင်ပေးခဲ့သည်။ မြို့တွင်းရှိ မြန်မာလူ့အဖွဲ့အစည်းက ဦးဖုန်းကျော်အား “ဆရာကြီး” ဟု တလေးတစား ခေါ်ဝေါ်ကြသည်။

    အရပ်မြင့်မြင့်ဒေါင်ကောင်းကောင်း ထိုဆရာကြီးက တရုတ်နိုင်ငံတွင် မြန်မာများ ဒုက္ခတွေ့ပါက မဆိုင်းမတွ ကူညီတတ်သောသူတစ်ဦးလည်း ဖြစ်သည်။ မြန်မာနိုင်ငံသားများ ဆိုင်ဖွင့်လိုပါကလည်း စာရွက်စာတမ်းကအစ အားလုံးကို ဦးဖုန်းကျော်က ကူညီပေးသည်။

    “ကျွန်တော် တရုတ်ပြည်ကို ချစ်တယ်။ ဒီက တရားဥပဒေစိုးမိုးရေးကိုလည်း နှစ်သက်တယ်။ ဥပဒေအောက်မှာ နိုင်ငံခြားသားရော၊ နိုင်ငံသားရော ညီတူညီမျှဆက်ဆံတယ်။ မြန်မာနိုင်ငံမှာတော့ ဒါမျိုးမဟုတ်ဘူးဗျ” ဟု ဦးဖုန်းကျော်က ပြောကြားခဲ့သည်။ ၎င်းမှာ လွန်ခဲ့သည့် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံသို့ ၂ ကြိမ် အလည်အပတ် သွားရောက်ခဲ့လေသည်။

    china 2
    မြန်မာမွတ်စလင်တစ်ဦးပိုင်ဆိုင်သည့် လမ်းဘေးဈေးဆိုင်

    Ruili မြို့တွင် မြန်မာလူ့အဖွဲ့အစည်းမှာ ကြီးထွားလာသည့်အတွက် ဒေသခံ တရုတ်လူမျိုးများနှင့် အိမ်ထောင်ကျမှုမှာလည်း ပုံမှန်လိုလို ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ အိမ်ထောင်ကျမှုတွင် အသက် ၃၅ နှစ်အရွယ် ဟူအန်ဆိုသည့် တရုတ်အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး လွန်ခဲ့သည့် ၁၅ နှစ်အရင်က ရိုဟင်ဂျာအမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ သူမ၏ခင်ပွန်းမှာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ တရုတ်နိုင်ငံသို့ တရားမ၀င် လာရောက်သူဖြစ်ပြီး နောက်ပိုင်းတွင် ကျောက်ကုန်သည်တစ်ဦးအဖြစ် အခြေချ နေထိုင်ခဲ့သည်။

    ဟူအန်က မြန်မာနိုင်ငံသို့ မရောက်ဘူး။ သို့သော်လည်း တစ်နေ့နေ့တစ်ချိန်ချိန်တွင် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့အခြေချမည်ဆိုသည့် အိမ်မက်တစ်ခု ရှိနေလေသည်။ ထို့ကြောင့် ၎င်းတို့၏ အသက် ၁၃ နှစ်နှင့် ၁၁ နှစ်အရွယ် သားနှစ်ဦးကို မြန်မာဘာသာစကားသင်တန်းသို့ ညနေပိုင်းတွင် ပို့ပေးသည်။ မနက်ပိုင်းတွင်တော့ ဒေသတွင်း တရုတ်အစိုးရကျောင်းသို့ ပို့ဆောင်သင်ကြားစေသည်။

    ၎င်းတို့မိသားစု၏ဘ၀က လွယ်ကူသည်တော့မဟုတ်။ ဟူအန်၏ ခင်ပွန်းမှာ ကျောက်အရောင်းအ၀ယ်အတွက် အိတ်တစ်လုံးဖြင့် တရုတ်နိုင်ငံအနှံ့အပြား သွားရောက်နေရပြီး မိသားစု စုံစုံညီညီရှိသည့် အချိန်က တစ်နှစ်လျှင် လေးလလောက်သာ ရှိသည်။ ဟူအန်ကတော့ ဗလီဝတ်ကျောင်းတော်မှ အမျိုးသမီးအဖွဲ့နှင့် မိတ်ဆွေဖွဲ့ထားပြီး ခင်ပွန်းဖြစ်သူက ၀မ်းရေးအတွက် ခရီးသွားသည့်အခါ ထိုအဖွဲ့နှင့် ဘ၀ကို သက်တောင့်သက်သာ ဖြတ်သန်းလေသည်။

    chaina 3
    ဦးဖုန်းကျော်၏ ကျောက်မြတ်ရတနာဆိုင်

    Zhubao လမ်းရှိ ဗလီဝတ်ကျောင်းတော်တွင် ဓာတ်ပုံရိုက်ခြင်းကို တားမြစ်ထားသည်။ ထိုလမ်းအား “မြန်မာရွာ” ဟု ဒေသခံများက ခေါ်ဝေါ်ကြသည်။

    “ပတ်ဝန်းကျင်က မွတ်စလင်တွေကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ ဗလီဝတ်ကျောင်းတော်မှာ တာဝန်ရှိပါတယ်။ ဒီပတ်ဝန်းကျင်မှာ မြန်မာမွတ်စလင် ၃၀၀၀ လောက်နဲ့ တရုတ်မွတ်စလင် ၆၀၀ လောက်ရှိပါတယ်” ဟု တရုတ်လူမျိုး ရှေ့ဆောင်အီမာမ် Ma Xiao Juan က ပြောကြားခဲ့သည်။ ၎င်း၏ ဇာတိမှာ ယူနန်ပြည်နယ်မြို့တော် ကူမင်း ဖြစ်လေသည်။

    “ကျွန်တော်တို့ မွတ်စလင်လူ့အဖွဲ့အစည်းကို ဓာတ်ပုံရိုက်တာမျိုး မလိုလားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ထဲက အများစုဟာ ဘာသာရေးအကြောင်းအရင်းတွေကြောင့် သူတို့ရဲ့ မိခင်မြန်မာနိုင်ငံကနေ ထွက်ပြေးလာရသူတွေပါ။ တကယ်လို့ မြန်မာအစိုးရက သူတို့ဒီမှာရှိတယ်ဆိုတာ သိသွားရင် သူတို့ကို လွှဲပေးဖို့ တရုတ်အစိုးရကို တောင်းဆိုပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ လူထောင်ပေါင်းများစွာရဲ့အသက်ကို ကျွန်တော်တို့ စဉ်စားရမှာပါ။ မလွှဲပေးပြန်ရင်လည်း မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအခြားမှာ တင်းမာမှုတွေ ဖြစ်လာနိုင်ပါတယ်”

    china 4
    Ruili မြို့က မြင်ကွင်းတစ်ခု

    မစ္စတာ Ma က ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်အကြားတွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မိမိတို့ ဗလီဝတ်ကျောင်းတော်မှာ မြန်မာနိုင်ငံမှ မွတ်စလင်များကို နေရာထိုင်ခင်းပေးခဲ့သည်ဟု ဆိုသည်။

    မူဆယ်မြို့မှ ကီလိုမီတာ ၁၃၀ ဝေးသော လားရှိုးမြို့တွင်ဖြစ်ပွားသည့် အကြမ်းဖက်တိုခိုက်မှုတွင် လူအုပ်ကြီးက ဗလီဝတ်ကျောင်းတော်တစ်လုံးနှင့် မွတ်စလင်မိဘမဲ့ဂေဟာတစ်ခုတို့ကို မီးရှို့ခဲ့ကြသည်။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် Ma က ပစ္စတိုကိုင်ထားသည့် အစောင့်များကို ဗလီဝတ်ကျောင်းတော်ရှေ့တွင် ၃ လလုံးလုံး ချထားခဲ့သည်။ ထို့နောက်တွင်တော့ ဗလီဝတ်ကျောင်းတော်၏ ပတ်ပတ်လည်တွင် လုံခြုံရေးကင်မရာ ၁၆ ခုကို တပ်ထားလိုက်ပြီး မှတ်တမ်းများကို ရဲတပ်ဖွဲ့သို့ ပုံမှန် ပေးပို့နေလေသည်။

    တရုတ်မွတ်စလင်များအတွက် ဗလီတစ်လုံး၊ မြန်မာမွတ်စလင်များအတွက် ဗလီတစ်လုံး စသဖြင့် ခွဲခြားထား၍ မရဟု Ma က ပြောကြားခဲ့သည်။

     

    “ဒါမျိုးလုပ်လိုက်ရင် မြန်မာမွတ်စလင်အတွက် ကျွန်တော်တို့ စီမံခန့်ခွဲဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒါက ကျွန်တော်တို့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အမြဲတမ်း တာဝန်ယူရမှာပေါ့။ မြန်မာမွတ်စလင်တွေအနေနဲ့လည်း ဗလီဝတ်ကျောင်းတော်ကို ၀တ်ပြုဆုတောင်းဖို့အတွက် လွတ်လွတ်လပ်လပ် သုံးလို့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးအတွက်တော့ မရဘူးပေါ့။ ဗလီက ဒါနဲ့ ဘာမှ မဆိုင်တာ။ ဒီဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ တရုတ် မွတ်စလင်တွေနဲ့ မြန်မာမွတ်စလင်တွေက တစ်ဝက်စီ အကုန်အကျခံခဲ့တာပါ”

    မြန်မာစကားမပြောတတ်သည့် Ma တစ်ယောက် ၎င်း၏ ရှေ့ဆောင်အီမာမ်တာဝန်ကို တရုတ်စကားမပြောတတ်သည့် မြန်မာမွတ်စလင်များအတွက်လည်း ခွဲဝေပေးနေသည်။ စကားမပေါက်သည့် မြန်မာမွတ်စလင်များကို အဘယ့်ကြောင့် ကူညီသလဲဟု မေးမြန်းရာတွင်တော့ Ma က “မွတ်စလင်အားလုံးဟာ မိသားစုတစ်ခုပဲဗျ။ ဒါက စည်းကမ်းပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    မစ္စတာ Ma အနေဖြင့် Ruili သို့ လာရောက်သည့် မြန်မာမွတ်စလင်များကို တံခါးဖွင့် ကြိုဆိုလျက်ရှိနေသည်။

    “မြန်မာမွတ်စလင်တွေဟာ Ruili မြို့ စီးပွားရေးရဲ့ အသက်သွေးကြောပါပဲ။ Ruili မှာ ကျောက်မြတ်ရတနာတွေ၊ ကျွန်းသစ်တွေ အရောင်းအ၀ယ်မရှိတော့ဘူးဆိုရင် ခြောက်ကပ်တဲ့မြို့ကြီး ဖြစ်သွားမှာပေါ့”

    china 3
    မွတ်စလင်အမျိုးသမီးများ ဈေးဝယ်ထွက်နေစဉ်

    Ma ၏ ဗလီဝတ်ကျောင်းတော်မှ အနည်းငယ်လျှောက်သွားပါက မြန်မာနိုင်ငံမှ မုန့်ပဲသွားရေစာများကို ရောင်းချသည့် ဆိုင်လေးတစ်ဆိုင်နှင့် ကွမ်းယာဆိုင်တစ်ဆိုင်ကို တွေ့ရပေလိမ့်မည်။ ထိုဆိုင်နှစ်ဆိုင်အကြားရှိ လမ်းကြားလေး အဆုံးတွင်တော့ တော်ဝင်ရတနာဟုခေါ်သည့် မြန်မာစာသင်ကျောင်းတစ်ခု ရှိသည်။ မူကြိုမှ ၁၀ တန်းအထိ သင်ကြားပေးသည့် အဆိုပါကျောင်းလေးတွေ မြန်မာကလေးငယ် ၅၀ ခန့် ပညာသင်ကြားနေကြလေသည်။

    ၃ ထပ်အဆောက်အဦးတွင်ရှိသည့် ထိုကျောင်းက တရုတ်စံတော်ချိန်နှင့် ၁ နာရီခွဲကွာသော မြန်မာစံတော်ချိန်ဖြင့် သင်ကြားပေးနေသည်။ ကျောင်းသားအများစုက တရုတ်စကားကို ထမင်းစားရေသောက် ပြောတတ်ကြသည်။ သို့သော်လည်း တော်ဝင်ရတနာကျောင်းကို တက်ချင်ကြသည့်အတွက် တရုတ်ကျောင်းများမှ ထွက်ခဲ့ကြသည်။ အဆိုပါ တော်ဝင်ရတနာကျောင်းကို မြန်မာပညာရေးဌာနကလည်း အသိအမှတ်ပြုထားလေသည်။

    “ကျွန်တော်တို့ကျောင်းသာ ဒီမှာမရှိဘူးဆိုရင် သူတို့လေးတွေလည်း မြန်မာဘာသာရပ်တွေကို ဘယ်သင်ယူနိုင်မလဲ။ သူတို့လေးတွေ မြန်မာပညာရေးရဖို့အတွက် ကျွန်တော် ကူညီချင်ပါတယ်။ ဒါမှသာ တစ်နေ့ကျရင် သူတို့ မြန်မာနိုင်ငံကို ပြန်နိုင်မှာပေါ့” ဟု ကျောင်းအုပ်ကြီး ဦးတင့်လွင်က ပြောကြားခဲ့သည်။

    china 5
    တော်ဝင်ရတနာကျောင်းက ကျောင်းသားတစ်ဦး ကျောင်းဆင်းလာစဉ်

    သို့သော်လည်း Ruili တွင်ရှိသည့် မြန်မာမျိုးဆက်သစ်များက ရွှေနိုင်ငံဟုခေါ်ဆိုသည့် မိခင်နိုင်ငံကို ပြန်ရန် ဆန္ဒရှိလားဆိုသည်မှာလည်း သံသယဖြစ်စရာ ဖြစ်နေသည်။ အသက် ၁၃ နှစ်အရွယ်ရှိကြသည့် ကျောင်းသားအုပ်စုတစ်ခုက ၎င်းတို့သင်ကြားရသည့် မြန်မာ၊ အင်္ဂလိပ်၊ ဟင်ဒီနှင့် တရုတ်ဘာသာစကားတွင် အင်္ဂလိပ်ဘာသာကို အကြိုက်ဆုံးဟု ဆိုသည်။

    နောက်ဆုံးနေ့ ဘိုင်အိုစာမေးပွဲဖြေဆိုရင် ပြင်ဆင်နေသည့် အသက် ၁၅ နှစ်အရွယ် ရဲမင်းထွဋ်က တရုတ်နိုင်ငံတွင် မွေးဖွားသူဖြစ်ပြီး Ruili နှင့် မူဆယ်တို့တွင် တစ်လှည့်စီ နေထိုင်လေသည်။ ၎င်းမှာ တရုတ်ကျောင်းကို တစ်နှစ်သာ တက်ခဲ့သည်။

    “ကျွန်တော် မြန်မာနိုင်ငံကို မပြန်ချင်ဘူးဗျ။ Ruili မှာရှိတဲ့ ဒီ မြန်မာရွာလေးမှာပဲ ကျွန်တော် နေချင်တယ်”

    Ref: Frontiermyanmar.net

    (THE MYANMAR MUSLIMS IN CHINA ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • ဖက်ရှင်အတွက် ကမ္ဘာ့မွတ်စလင်များ၏ သုံးစွဲမှု ဒေါ်လာ ၂၄၄ ဘီလီယံရှိနေ

    ဖက်ရှင်အတွက် ကမ္ဘာ့မွတ်စလင်များ၏ သုံးစွဲမှု ဒေါ်လာ ၂၄၄ ဘီလီယံရှိနေ

    မတ် ၂၃၊ ၂၀၁၆
    M-Media

    fashion

    – ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ ဖက်ရှင်အတွက် အသုံးပြုမှုမှာ ၂၀၁၅ ခုနှစ် တစ်နှစ်လုံးတွင် ကန်ဒေါ်လာ ၂၄၄ ဘီလီယံ ရှိခဲ့သည်ဟု ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်စီးပွားရေး လေ့လာမှုအဖွဲ့ Salaam Gateway က ထုန်ပြန်လိုက်သည်။

    အိုအိုင်စီအခြေပြု အ၀တ်အစားထုတ်လုပ်သည့်လုပ်ငန်း ၁၀၀၀ ကျော်၊ အစ္စလာမ့်ဖက်ရှင် တံဆိပ် ၁၄၆ ခုနှင့် အီလက်ထရောနစ် အရောင်းဌာန ၈၅ ခုတို့မှ ရရှိသည့် အချက်အလက်များကို လေ့လာဆန်းစစ်ကာ ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    မွတ်စလင်အများ ဖက်ရှင်အတွက် သုံးစွဲမှုတွင် modest fashion ဟုခေါ်သည့် အစ္စလာမ့်နည်းကျ ဖက်ရှင်များအပေါ် သုံးစွဲမှုက ပိုမို များပြားသည်။ ထိုကဲ့သို့ သုံးစွဲမှုတွင် အမျိုးသမီးများက အမျိုးသားများထက် ပိုမိုပြီး ၃ ပုံ ၂ ပုံခန့် ရှိသည်။

    ယခုနောက်ပိုင်း ဖက်ရှင်လောကတွင် အဓိက ဈေးကွက်တစ်ခုဖြစ်လာသည့် modest fashion များကို ကမ္ဘာတစ်ဝှမ်းရှိ ထင်ရှားသော ဖက်ရှင်ကုမ္ပဏီပေါင်း ၂၅ ခု ထုတ်လုပ်ဖြန့်ချီလျက်ရှိနေပြီး Dolce၊ Gabbana၊ DKNY၊ H&M နှင့် John Lewis တို့ကဲ့သို့ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီများကလည်း အစ္စလာမ့်နည်းကျ ဖက်ရှက်လောကအတွင်းသို့ မကြာသေးမီက ၀င်ရောက်လာခဲ့ကြသည်။

    Ref: IINA