News @ M-Media
Blog
  • ဘရပ်ဆဲလ်ဗုံးကွဲမှု မိမိတို့လက်ချက်ဟု IS ကြေငြာ
    ဘရပ်ဆဲလ်ဗုံးကွဲမှု မိမိတို့လက်ချက်ဟု IS ကြေငြာ
    မတ် ၂၃၊ ၂၀၁၆
    M-Media
    brus
    – ယမန်နေ့က ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုများကို မိမိတို့က ပြုလုပ်ခြင်းဖြစ်သည်ဟု ဆီးရီးယားနှင့် အီရတ်တို့တွင် နယ်မြေတစ်ချို့ကိုသိပ်းပိုက်ကာ ဒေသခံများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေသည့် IS အကြမ်းဖက်အဖွဲ့က ပြောကြားလိုက်သည်။
    Zaventem လေဆိပ်နှင့် Maalbeek ဘူတာရုံတို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဗုံးပေါက်ကွဲမှု ၃ ခုကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀ ခန့် ဒဏ်ရရှိခဲ့ကာ အများစုမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။
    လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် အသေခံ ဗုံးခွဲသမား အနည်းဆုံး ၂ ဦး ပါဝင်သည်ဟု ဘယ်လ်ဂျီယံ ဖက်ဒရယ်တရားသူကြီးက ပြောကြားခဲ့ပြီး လုံခြုံရေး ကင်မရာတွင် တွေ့ရှိရသည့် တတိယတစ်ဦးကိုမူ ပိုက်စိတ်တိုက် ရှာဖွေနေသည်ဟု ဆိုသည်။
    IS နှင့် ဆက်နွယ်နေသည့် Amaq ၀ဘ်ဆိုက်ကမူ ၎င်းတို့၏ တိုက်ခိုက်ရေးသမားများမှာ ဗုံးခွဲမှုမလုပ်ခင် လေဆိပ်တွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။ ဗုံးကွဲမှုဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံများမှာ နိုင်ငံတစ်ဝှမ်း လုံခြုံရေးကို တိုးမြှင်၍ ချထားလိုက်သည်။
    Ref: Aljazeera
  • အမေရိကန်မြို့တစ်မြို့က မွတ်စလင်လူ့အဖွဲ့အစည်းအား ထောက်ခံသည့် ကြေငြာချက်တစ်ခုကို ထုတ်ပြန်
    အမေရိကန်မြို့တစ်မြို့က မွတ်စလင်လူ့အဖွဲ့အစည်းအား ထောက်ခံသည့် ကြေငြာချက်တစ်ခုကို ထုတ်ပြန်
    မတ် ၂၂၊ ၂၀၁၆
    M-Media
    us
    – အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် ကာလာမာဇူမြို့၏ မြို့တော်ကောင်စီက မွတ်စလင်များအပေါ် အားပေးထောက်ခံ ကြိုဆိုသည့် ကြေငြာချက်တစ်ခုကို ယနေ့တွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။
    မြို့အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား ထောက်ခံကာ၊ မွတ်စလင်ဆန့်ကျင်ရေးနှင့် ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေး မြင့်တက်လာမှုကို ရှုတ်ချကြောင်း ဖော်ပြထားသည့် အဆိုပါကြေငြာချက်ကို ဒုတိယမြို့တော်ဝန် ဒွန် ကူနီက ဖတ်ကြားခဲ့သည်။
    “နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေမှာ မွတ်စလင်ဆန့်ကျင်ရေး၊ ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေး သဘောထားတွေ မြင့်တက်လာပါတယ်။ ပြီးတော့ နိုင်ငံတစ်ဝှမ်းမှာ မွတ်စလင်မိသားစုတွေ၊ ကလေးတွေကို ပစ်မှတ်ထားတဲ့ အမုန်းစကားတွေ အကြမ်းဖက်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ဒါတွေဟာ ဘေးအန္တရာယ်ကင်းမှုနဲ့ လွတ်လပ်မှုတို့ကို လိုလားတဲ့ ပြည်သူအားလုံးကို ထိခိုက်စေပါတယ်”
    ထို့ပြင် မွတ်စလင်များအား အမေရိကန်သို့ ၀င်ရောက်ခွင့်ကို တားမြစ်ရမည်ဟု ရီပက်ဘလစ်ကန်ပါတီမှ ဒေါ်နယ်ထရမ့်၏ ပြောဆိုမှုမှာ ယုတ္တိမတန်ကြောင်း၊ အမေရိကန်၏ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဒုတိယမြို့တော်ဝန်က ထည့်သွင်းပြောကြားခဲ့သည်။
    မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ခံကြောင်း ထိုကဲ့သို့ ကြေငြာချက် ထုတ်ပြန်မှုမှာ မိမိတို့လူ့အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ လေးစားမှုနှင့် မေတ္တာတရားတို့ ဖြန့်ဝေရန် ရည်ရွယ်ကာ၊ အားလုံး ပူးပေါင်းပါဝင်သော လူ့အဖွဲ့အစည်းဖြစ်ရန်၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် လူမျိုးရေး သဟဇာတဖြစ်မှုကို လက်ခံကျင့်သုံးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
    အဆိုပါ ကြေငြာချက် ဖတ်ကြားပြီးနောက်မြို့ခန်းမသို့ တက်ရောက်လာကြသည့် ပြည်သူများမှာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။
    Ref: Mlive.com
  • ဇီကာကူးစက်မှုရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်ကြေငြာ
    ဇီကာကူးစက်မှုရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်ကြေငြာ
    မတ် ၂၂၊ ၂၀၁၆
    M-Media
    zika
    – နိုင်ငံရပ်ခြား မသွားဘူးသော အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦး၏ သွေးနမူနာဟောင်းတွင် ဇီကာဗိုင်းရပ်စ်ပိုးကို တွေ့ရှိရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယနေ့တွင် ကြေငြာလိုက်ပြီး နိုင်ငံအတွင်း ပထမဆုံး ဇီကာ ကူးစက်မှုလည်း ဖြစ်သည်။
    အဆိုပါ အဖိုးအိုမှာ နိုင်ငံအရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော စစ်တကောင်းမြို့တွင် နေထိုင်သူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဇာဟစ် မာလစ်က ယနေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    အဖိုးအိုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြင်ဘက်သို့ သွားရောက်ဖူးခြင်းမရှိဘဲ ၎င်း၏ မိသားစုတွင်လည်း ဇီကာကူးစက်သူ မရှိပေ။ ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူးဖြစ်သူ မဟာမူဒူရ် ရဟ်မန်ကမူ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အဖျားဖြစ်ခဲ့သည့် လူ တစ်ထောင်နီးပါး၏ သွေးနမူနာဟောင်းများကို စစ်ဆေးရာတွင် ထိုကဲ့သို့ တွေ့ရှိခဲ့ခြင်းဟု ဆိုသည်။
    ဇီကာဗိုင်းရပ်စ်မှာ လက်တင်အမေရိကနှင့် ကာရစ်ဘီယံ နိုင်ငံများတွင် ဖြစ်ပွားနေပြီး ဘရာဇီးလ်မှာ ဇီကာဗိုင်းရပ်စ်ပိုး အများဆုံး ကူးစက်ခံရသည့်နိုင်ငံ ဖြစ်နေသည်။ ထိုင်းအပါအ၀င် အာရှနိုင်ငံတစ်ချို့တွင်လည်း ဇီကာကူးစက်မှုများရှိကြောင်း ကြေငြာခဲ့ကြသည်။
    Ref: Channelnewsasia
  • သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန နှစ်ခုကို ပူးပေါင်းသည့် အတွက် သပိတ်မှောက်မည့် အစီအစဉ်အား မဟနသံဃာများ ရုပ်သိမ်း
    သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန နှစ်ခုကို ပူးပေါင်းသည့် အတွက် သပိတ်မှောက်မည့် အစီအစဉ်အား မဟနသံဃာများ ရုပ်သိမ်း
    မတ်လ ၂၂ ၊ ၂၀၁၆
    M-Media
    Ministry of Religious Affairs
    နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ဥသျှောင်  သံဃာတော်များမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနနှစ်ခုကို ပေါင်းစည်းသည့် အတွက် သပိတ်မှောက်မည့် အစီအစဉ်အား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ မဟန သံဃာတော်များမှာ သာသနာရေးဝန်ကြီးဌာနကို သီးသန့်ထားရှိရန်လိုလာပြီး ယခုကဲ့သို့ ၀န်ကြီးဌာနနှစ်ခုပေါင်းစည်းခြင်းကို မလိုလားကြောင်း၊ သို့သော် သပိတ်မှောက်မည့် အစီအစဉ်ကိုမူ မဲခွဲဆုံးဖြတ်ရုပ်သိမ်းခဲ့ကြောင်း၊ သပိတ်ဆောင်မည့်အစီအစဉ် ရုပ်သိမ်းသော်လည်း ၀န်ကြီးဌာနနှစ်ခုပေါင်းစည်း လိုက်ခြင်းကို မူ မနှစ်မြို့ဆဲ ဖြစ်ကြောင်း မြန်မာတိုင်းမ်စ်သတင်းတစ်ရပ်က ဖော်ပြသည်။
    ယဉ်ကျေးမှုနှင့် သာသနာရေး ၀န်ကြီးဌာနတို့မှာ ယခင်က တသီးတခြားစီဖြစ်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ပြည်ထောင်စု လွှတ်တော်ကြေညာချက်အရ ယင်းဝန်ကြီးဌာနနှစ်ခုကို ပေါင်းစည်းသွားမည် ဖြစ်သည်။
    နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ၄င်းတို့၏ သပိတ်မှောက်မည့်အစီအစဉ်ကို မတ်လ ၁၈ တွင် မဲခွဲဆုံးဖြတ်ပြီး၊ ပြည်ထောင်စု လွှတ်တော်သို့ တရားဝင်စာရေးကန့်ကွက် သပိတ်ဆောင်မည့် အစီအစဉ်အား ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။
    သာသနာရေးဝန်ကြီးဌာနမှ ဒါရိုက်တာဖြစ်သူ ဦးထွန်းညွှန့်ကမူ ‘ဗုဒ္ဓဘာသာ သံဃာတွေက အစိုးရအသစ်ရဲ့ဒီလို ၀န်ကြီးဌာန နှစ်ခုပေါင်းတာကို မလိုလားဘူး၊ ဒါပေမယ့် အစိုးရသစ်ရဲ့စီမံခန့်ခွဲမှုအပိုင်းတွေကိုလည်း ၀င်မစွက်ချင်ဘူးလေ’ ဟု မြန်မာတိုင်းမ်စ်သို့ ပြောပြထားသည်။
    ထို့ပြင် ဦးထွန်းညွှန့်က ယဉ်ကျေးမှုနှင့် သာသနာရေး ၀န်ကြီးဌာနဆိုသည့် အသုံးကိုလည်း သံဃာများက မနှစ်မြို့ကြောင်း၊ ယင်းအသုံးအနှုံးကြောင့် သာသနာရေးမှာ ယဉ်ကျေးမှုလောက်ပင် အရေးမကြီးဟု ဆိုလိုရာရောက်ကြောင်းလည်း သံဃာများက ယူဆနေကြောင်း ပြောသည်။
    ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာနအသုံးအား ပြည်ထောင်စုလွှတ်တော်မှ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနဟု ပြောင်းလဲ သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။
    ယင်းဝန်ကြီးဌာနကို ယခင် သာသနာရေး ဒုဝန်ကြီးတာဝန်ထမ်းဖူးသည့် စစ်မှုထမ်းဟောင်း သူရဦးအောင်ကိုမှ ဦးဆောင်မည်ဖြစ်ကြောင်း ခန့်မှန်းနေကြသည်။
    (ref: myanmar times)
  • ဆိုမာလီမိုးခေါင်မှုအတွက် ယူအေအီးက အရေးပေါ်အကူအညီများ ပေးပို့
    ဆိုမာလီမိုးခေါင်မှုအတွက် ယူအေအီးက အရေးပေါ်အကူအညီများ ပေးပို့
    မတ် ၂၂၊ ၂၀၁၆
    M-Media
    somali
    – မိုးခေါင်ရေရှားမှုများနှင့် ကြုံတွေ့နေရသည့် ဆိုမာလီနိုင်ငံအား ယူအေအီးနိုင်ငံက အရေးပေါ်အကူအညီများကို သင်္ဘောဖြင့် ယခုတစ်ပတ်အတွင်း ပေးပို့ခဲ့သည်ဟု သိရသည်။
    Sheikh Khalifa Bin Zayed Al-Nahyan ဖောင်ဒေးရှင်းက ဦးဆောင်ကာ ပေးပို့ခဲ့ခြင်းဖြစ်ပြီး စားနပ်ရိက္ခာ တန်ချိန် ၁၀၆၀ တန် ပါဝင်သည်။ ထိုအစားအသောက်များကို မိုးခေါင်ရေရှားမှုဒဏ် အခံရဆုံး ပြည်နယ် ၃ ခုမှ ပြည်သူများကို ဝေငှသွားမည်ဖြစ်သည်။
    ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူကမူ ၎င်းတို့၏ ထောက်ပံ့မှုကို မိသားစုပေါင်း ၈၀၀၀ အား ဖြန့်ဖြူးသွားမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင် ကြီးကြပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ စားနပ်ရိက္ခာများတွင် ဆန်၊ သကြား၊ ဂျုံ၊ စွန်ပလွန်သီး၊ နို့မှုန့် စသည်တို့ ပါဝင်သည်ဟု သိရသည်။
    အာဖရိကတိုက်ရှိ နိုင်ငံတစ်ချို့တွင် မိုးခေါင်ရေရှားမှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး နိုင်ငံတကာမှ အကူအညီများကိုလည်း ပေးပို့နေကြသည်။
    Ref: IINA