News @ M-Media

ဘရပ်ဆဲလ်တိုက်ခိုက်မှုအတွင်း မွတ်စလင်ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့

မတ် ၂၇၊ ၂၀၁၆
M-Media

muslim teacher

– ပြီးခဲ့တဲ့တစ်ပတ် အင်္ဂါနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှာ အစ္စလာမ့်မစ်စာသင်ကျောင်းတစ်ခုမှာ သင်ကြားနေတဲ့ မွတ်စလင်ဆရာမတစ်ဦး ပါဝင်ခဲ့ပြီး ဒီဖြစ်ရပ်က အကြမ်းသမားတွေအတွက် ဘာသာ၊ လူမျိုး မရှိဘူးဆိုတာ ပြသလိုက်တာပဲဖြစ်ပါတယ်။

ကွယ်လွန်သွားသူကတော့ လုဘ်နာ လက်ဖ်ကွီရီဖြစ်ပြီး ကလေး သုံးယောက်ရဲ့မိခင်ပါ။ သူမဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ နေရာနှစ်ခုထဲက Maelbeek ဘူတာရုံ တိုက်ခိုက်မှုမှာ အသက်ပေးခဲ့ရတာဖြစ်ပါတယ်။

သူမအလုပ်လုပ်တဲ့ ကျောင်းကတော့ အင်္ဂါနေ့ကတည်းက အလုပ်မလာတော့တာကြောင့် စိုးရိမ်မှုတွေရှိခဲ့ပြီး နောက်ပိုင်း ကွယ်လွန်ကြောင်း သိခဲ့ရတဲ့အခါမှာ ဆရာတွေနဲ့ ကျောင်းသားတွေဟာ ၀မ်းနည်းခြင်းအထိမ်းအမှတ်တွေ၊ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Zaventem လေဆိပ်နဲ့ Maelbeek ဘူတာရုံမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ လူ ၃၁ ဦးသေဆုံးခဲ့ပြီး IS အဖွဲ့ကတော့ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

“ဒေါသထွက်တာနဲ့ ကိုယ့်ကိုယ်ကို မွတ်စလင်တွေလို့ပြောတဲ့ ဒီလူတွေရဲ့ ယုံကြည်ချက်ကို လက်မခံတာကလွဲလို့ ကျွန်တော်တို့ ဘာမှ လုပ်လို့မရပါဘူး။ ကမ္ဘာပေါ်က ဘယ်ဘာသာတရားမှ အပြစ်မဲ့သူတွေကိုသတ်ဖို့ အားမပေးပါဘူး” လို့ ဘယ်လ်ဂျီယံ မွတ်စလင်စာသင်ကျောင်းများ အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ မိုဟာမက် အလ်လက်ဖ်က ပြောကြားခဲ့ပါတယ်။

လက်ဖ်ကွီရီရဲ့ စာသင်ကျောင်းမှာ ပြုလုပ်ခဲ့တဲ့ အောက်မေ့ဖွယ်အခမ်းအနားမှာ ကျောင်းသားတွေက ပန်းချီတွေ၊ ကဗျာတွေ၊ မှတ်ချက်တွေနဲ့ သူတို့ရဲ့ ဆရာမကို ဂုဏ်ပြုခဲ့ကြပါတယ်။ လုပ်ဖော်ကိုင်ဖက် ဆရာမတွေကတော့ ကျောင်းသားတွေရဲ့ ဆုံးရှုံးမှုကို အချိန်က ကုစားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဘရပ်ဆဲလ်က ဗလီဝတ်ကျောင်းတော်တွေရဲ့ ဒီတစ်ပတ် သောကြာဝတ်ပြုမှုမှာ ဒီအကြမ်းဖက်တိုက်ခိုက်မှုအကြောင်း ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ကြပြီး၊ ဘယ်လ်ဂျီယံ လူ့အဖွဲ့အစည်းမှာ သူတို့ရဲ့အခြေအနေကို သုံးသပ်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့အနာဂတ်ကိုလည်း စိုးရိမ်နေကြပါတယ်။

ဘရပ်ဆဲလ်က မွတ်စလင်ပါလီမန်အမတ်ဖြစ်တဲ့ ခါဒီဂျာ ဇာမူရီကတော့ သူမရဲ့ကလေးတွေဟာ သူတို့ရဲ့ ယုံကြည်မှုအကြောင်းကို မေးခွန်းတွေ ထုတ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

” ‘သားတို့ မွတ်စလင်လို့ ဆက်ပြောလို့ ဖြစ်ပါ့မလား။ ဒါကို လျှို့ဝှက်ထားသင့်သလား။ အလ္လာဟုအက္ကဗရ် (အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံးဖြစ်သည်) လို့ ပြောလို့ရပါ့မလား’ ဆိုပြီး ကျွန်မရဲ့ ကလေးတွေကိုယ်တိုင်က မေးတာကို ကြားခဲ့ရပါတယ်။ သူတို့လုပ်တာနဲ့ ဘာသာရေးနဲ့ ပတ်သက်တာတွေလုပ်ဖို့ အခက်အခဲ ဖြစ်နေပါတယ်” လို့ ဇာမူရီက ဆိုပါတယ်။

ဘရပ်ဆဲလ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေထဲမှာ အမေရိကန်၊ ယူကေ၊ အိန္ဒိယ၊ မော်ရိုကို၊ ပီရူးနဲ့ တရုတ်နိုင်ငံသားတွေ ပါဝင်ခဲ့ကြပါတယ်။

Ref: Aljazeera

Comments

Leave a Reply