News @ M-Media
Blog
  • ဇီကာကူးစက်မှုရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်ကြေငြာ
    ဇီကာကူးစက်မှုရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်ကြေငြာ
    မတ် ၂၂၊ ၂၀၁၆
    M-Media
    zika
    – နိုင်ငံရပ်ခြား မသွားဘူးသော အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦး၏ သွေးနမူနာဟောင်းတွင် ဇီကာဗိုင်းရပ်စ်ပိုးကို တွေ့ရှိရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယနေ့တွင် ကြေငြာလိုက်ပြီး နိုင်ငံအတွင်း ပထမဆုံး ဇီကာ ကူးစက်မှုလည်း ဖြစ်သည်။
    အဆိုပါ အဖိုးအိုမှာ နိုင်ငံအရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော စစ်တကောင်းမြို့တွင် နေထိုင်သူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဇာဟစ် မာလစ်က ယနေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    အဖိုးအိုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြင်ဘက်သို့ သွားရောက်ဖူးခြင်းမရှိဘဲ ၎င်း၏ မိသားစုတွင်လည်း ဇီကာကူးစက်သူ မရှိပေ။ ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူးဖြစ်သူ မဟာမူဒူရ် ရဟ်မန်ကမူ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အဖျားဖြစ်ခဲ့သည့် လူ တစ်ထောင်နီးပါး၏ သွေးနမူနာဟောင်းများကို စစ်ဆေးရာတွင် ထိုကဲ့သို့ တွေ့ရှိခဲ့ခြင်းဟု ဆိုသည်။
    ဇီကာဗိုင်းရပ်စ်မှာ လက်တင်အမေရိကနှင့် ကာရစ်ဘီယံ နိုင်ငံများတွင် ဖြစ်ပွားနေပြီး ဘရာဇီးလ်မှာ ဇီကာဗိုင်းရပ်စ်ပိုး အများဆုံး ကူးစက်ခံရသည့်နိုင်ငံ ဖြစ်နေသည်။ ထိုင်းအပါအ၀င် အာရှနိုင်ငံတစ်ချို့တွင်လည်း ဇီကာကူးစက်မှုများရှိကြောင်း ကြေငြာခဲ့ကြသည်။
    Ref: Channelnewsasia
  • သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန နှစ်ခုကို ပူးပေါင်းသည့် အတွက် သပိတ်မှောက်မည့် အစီအစဉ်အား မဟနသံဃာများ ရုပ်သိမ်း
    သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန နှစ်ခုကို ပူးပေါင်းသည့် အတွက် သပိတ်မှောက်မည့် အစီအစဉ်အား မဟနသံဃာများ ရုပ်သိမ်း
    မတ်လ ၂၂ ၊ ၂၀၁၆
    M-Media
    Ministry of Religious Affairs
    နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ဥသျှောင်  သံဃာတော်များမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနနှစ်ခုကို ပေါင်းစည်းသည့် အတွက် သပိတ်မှောက်မည့် အစီအစဉ်အား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ မဟန သံဃာတော်များမှာ သာသနာရေးဝန်ကြီးဌာနကို သီးသန့်ထားရှိရန်လိုလာပြီး ယခုကဲ့သို့ ၀န်ကြီးဌာနနှစ်ခုပေါင်းစည်းခြင်းကို မလိုလားကြောင်း၊ သို့သော် သပိတ်မှောက်မည့် အစီအစဉ်ကိုမူ မဲခွဲဆုံးဖြတ်ရုပ်သိမ်းခဲ့ကြောင်း၊ သပိတ်ဆောင်မည့်အစီအစဉ် ရုပ်သိမ်းသော်လည်း ၀န်ကြီးဌာနနှစ်ခုပေါင်းစည်း လိုက်ခြင်းကို မူ မနှစ်မြို့ဆဲ ဖြစ်ကြောင်း မြန်မာတိုင်းမ်စ်သတင်းတစ်ရပ်က ဖော်ပြသည်။
    ယဉ်ကျေးမှုနှင့် သာသနာရေး ၀န်ကြီးဌာနတို့မှာ ယခင်က တသီးတခြားစီဖြစ်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ပြည်ထောင်စု လွှတ်တော်ကြေညာချက်အရ ယင်းဝန်ကြီးဌာနနှစ်ခုကို ပေါင်းစည်းသွားမည် ဖြစ်သည်။
    နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ၄င်းတို့၏ သပိတ်မှောက်မည့်အစီအစဉ်ကို မတ်လ ၁၈ တွင် မဲခွဲဆုံးဖြတ်ပြီး၊ ပြည်ထောင်စု လွှတ်တော်သို့ တရားဝင်စာရေးကန့်ကွက် သပိတ်ဆောင်မည့် အစီအစဉ်အား ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။
    သာသနာရေးဝန်ကြီးဌာနမှ ဒါရိုက်တာဖြစ်သူ ဦးထွန်းညွှန့်ကမူ ‘ဗုဒ္ဓဘာသာ သံဃာတွေက အစိုးရအသစ်ရဲ့ဒီလို ၀န်ကြီးဌာန နှစ်ခုပေါင်းတာကို မလိုလားဘူး၊ ဒါပေမယ့် အစိုးရသစ်ရဲ့စီမံခန့်ခွဲမှုအပိုင်းတွေကိုလည်း ၀င်မစွက်ချင်ဘူးလေ’ ဟု မြန်မာတိုင်းမ်စ်သို့ ပြောပြထားသည်။
    ထို့ပြင် ဦးထွန်းညွှန့်က ယဉ်ကျေးမှုနှင့် သာသနာရေး ၀န်ကြီးဌာနဆိုသည့် အသုံးကိုလည်း သံဃာများက မနှစ်မြို့ကြောင်း၊ ယင်းအသုံးအနှုံးကြောင့် သာသနာရေးမှာ ယဉ်ကျေးမှုလောက်ပင် အရေးမကြီးဟု ဆိုလိုရာရောက်ကြောင်းလည်း သံဃာများက ယူဆနေကြောင်း ပြောသည်။
    ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာနအသုံးအား ပြည်ထောင်စုလွှတ်တော်မှ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနဟု ပြောင်းလဲ သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။
    ယင်းဝန်ကြီးဌာနကို ယခင် သာသနာရေး ဒုဝန်ကြီးတာဝန်ထမ်းဖူးသည့် စစ်မှုထမ်းဟောင်း သူရဦးအောင်ကိုမှ ဦးဆောင်မည်ဖြစ်ကြောင်း ခန့်မှန်းနေကြသည်။
    (ref: myanmar times)
  • ဆိုမာလီမိုးခေါင်မှုအတွက် ယူအေအီးက အရေးပေါ်အကူအညီများ ပေးပို့
    ဆိုမာလီမိုးခေါင်မှုအတွက် ယူအေအီးက အရေးပေါ်အကူအညီများ ပေးပို့
    မတ် ၂၂၊ ၂၀၁၆
    M-Media
    somali
    – မိုးခေါင်ရေရှားမှုများနှင့် ကြုံတွေ့နေရသည့် ဆိုမာလီနိုင်ငံအား ယူအေအီးနိုင်ငံက အရေးပေါ်အကူအညီများကို သင်္ဘောဖြင့် ယခုတစ်ပတ်အတွင်း ပေးပို့ခဲ့သည်ဟု သိရသည်။
    Sheikh Khalifa Bin Zayed Al-Nahyan ဖောင်ဒေးရှင်းက ဦးဆောင်ကာ ပေးပို့ခဲ့ခြင်းဖြစ်ပြီး စားနပ်ရိက္ခာ တန်ချိန် ၁၀၆၀ တန် ပါဝင်သည်။ ထိုအစားအသောက်များကို မိုးခေါင်ရေရှားမှုဒဏ် အခံရဆုံး ပြည်နယ် ၃ ခုမှ ပြည်သူများကို ဝေငှသွားမည်ဖြစ်သည်။
    ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူကမူ ၎င်းတို့၏ ထောက်ပံ့မှုကို မိသားစုပေါင်း ၈၀၀၀ အား ဖြန့်ဖြူးသွားမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင် ကြီးကြပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ စားနပ်ရိက္ခာများတွင် ဆန်၊ သကြား၊ ဂျုံ၊ စွန်ပလွန်သီး၊ နို့မှုန့် စသည်တို့ ပါဝင်သည်ဟု သိရသည်။
    အာဖရိကတိုက်ရှိ နိုင်ငံတစ်ချို့တွင် မိုးခေါင်ရေရှားမှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး နိုင်ငံတကာမှ အကူအညီများကိုလည်း ပေးပို့နေကြသည်။
    Ref: IINA
  • တက္ကစီယာဉ်မောင်းများ ဆန္ဒပြမှုကြောင့် ဂျကာတာတွင် ပို့ဆောင်ရေးစနစ်များ ရပ်တန့်
    တက္ကစီယာဉ်မောင်းများ ဆန္ဒပြမှုကြောင့် ဂျကာတာတွင် ပို့ဆောင်ရေးစနစ်များ ရပ်တန့်
    မတ် ၂၂၊ ၂၀၁၆
    M-Media
    jakata
    – ဈေးနှုန်းချိုသာသည့် အွန်လိုင်းအခြေပြု တက္ကစီလိုင်းများ နေရာရလာမှုကို ဆန့်ကျင်သည့်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ သာမန် တက္ကစီယာဉ်မောင်းများနှင့် သုံးဘီးယာဉ်မောင်း ထောင်ပေါင်းများစွာမှာ ယနေ့တွင် မြို့တော်ဂျကာတာ၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    PT Blue Bird နှင့် PT Express ကုမ္ပဏီများမှ တက္ကစီများမှာ မြို့အတွင်းရှိ လမ်းမကြီးများတွင် ကားများကို ပိတ်ဆို့ထားခဲ့ကြပြီး အွန်လိုင်းအခြေပြု တက္ကစီများကို မောင်းနှင့်သူများနှင့်လည်း ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့သည်။ ထိုဆန္ဒပြမှုကြောင့် မြို့တွင်းရှိ ပို့ဆောင်ရေးနစ်များအားလုံး ရပ်တန့်သွားခဲ့သည်။
    အင်ဒိုနီးရှားရှိ တက္ကစီယာဉ်မောင်းများမှာ ဈေးနှုန်းချိုသာသည့် Uber၊ Grab နှင့် Go-Jek ကဲ့သို့ တက္ကစီလိုင်းများ ပေါ်ပေါက်လာခြင်းကို ဒေါသထွက်နေကြပြီး ထိုကုမ္ပဏီများမှာ အခွန်မပေးဘဲ၊ တရားဝင် ခွင့်ပြုချက်လည်း မရရှိဟု ဝေဖန်ပြောကြားခဲ့ကြသည်။
    ထို့ပြင် ထိုလိုင်းများကြောင့် ၎င်းတို့၏ ၀င်ငွေများ လျော့ကျမှုမှာလည်း ဆန္ဒပြရခြင်း၏ အကြောင်းအရင်းများထဲမှ တစ်ချက်ဖြစ်သည်။ ယနေ့ပြုလုပ်သည့် ဆန္ဒပြမှုမှာ အင်ဒိုနီးရှားရှိ တက္ကစီယာဉ်မောင်းများ၏ တစ်လအတွင်း ဒုတိယမြောက် ဆန္ဒပြမှုလည်းဖြစ်သည်။
    Ref: Aljazeera
  • လူကာကူကို ပေါင် သန်း ၆၀ ဖြင့်ခေါ်ယူရန် ရီးယဲလ်စီစဉ်နေ
    လူကာကူကို ပေါင် သန်း ၆၀ ဖြင့်ခေါ်ယူရန် ရီးယဲလ်စီစဉ်နေ
    မတ် ၂၂၊ ၂၀၁၆
    M-Media
    everton
    – အဲဗာတန်အသင်းတွင် ကစားနေသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး ရိုမဲလူ လူကာကူအား ရီးယဲလ်မက်ဒရစ်က ပေါင် သန်း ၆၀ ဖြင့် ခေါ်ယူရန် စီစဉ်နေသည်ဟု အင်္ဂလိပ်သတင်းစာ The Sun က ဖော်ပြခဲ့သည်။
    လူကာကူမှာ အဲဗာတန်တွင်တွင် ခြေစွမ်းကောင်းများ ပြသနေကာ ယခုနှစ်တွင် ပြိုင်ပွဲအားလုံး၌ အသင်းအတွက် ၂၅ ဂိုး သွင်းယူပေးထားပြီး အသင်းကြီးများ၏ စိတ်ဝင်စားမှုကို ခံနေရသည်။ ရီးယဲလ်ကလည်း လာမည့်နှစ်တွင် ဘာစီလိုနာနှင့် ၎င်း၏ တိုက်စစ်အတွဲကို ယှဉ်နိုင်ရန်အတွက် လက်ရှိတိုက်စစ်ကို အားကောင်းစေရန် ဆောင်ရွက်လိုသည့် အစီအစဉ်ရှိနေသည်။
    The Sun ကမူ ရီးယဲလ်မှာ လူကာကူ၏ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာနှင့် ဆွေးနွေးမှုများပင် ပြုလုပ်ခဲ့ပြီး ရီးယဲလ်၏ ဘောလုံးကင်းထောက်အဖွဲ့လည်း အသက် ၂၂ နှစ်အရွယ် လူကာကူကို စောင့်ကြည့်နေသည်ဟု ဖော်ပြခဲ့သည်။
    Ref: Goal