News @ M-Media

Blog

  • မလေးရှားတွင် နိုင်ငံခြားအလုပ်သမားများအတွက် Levy ကြေးများ တိုးမြှင့်

    မလေးရှားတွင် နိုင်ငံခြားအလုပ်သမားများအတွက် Levy ကြေးများ တိုးမြှင့်

    မတ် ၁၉၊ ၂၀၁၆
    M-Media

    malay

    – မလေးရှားအစိုးရမှာ နိုင်ငံခြားသားအလုပ်သမားများအတွက် အခွန် (Levy) ကို တိုးမြှင့်ရန် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

    ဆောက်လုပ်ရေးလုပ်သားများနှင့် စက်ရုံလုပ်သားများအတွက် Levy မှာ ယခင်က တစ်နှစ်လျှင် ၁၂၅၀ သတ်မှတ်ထားရာမှ ယခုတွင် ၁၈၅၀ အထိ တိုးမြှင့်လိုက်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် သစ်ပင်ပန်းမံ စိုက်ပျိုးရေးလုပ်သားများ၏ Levy ကို ယခင် ၄၁၀ နှင့် ၅၉၀ မှ ၆၄၀ အထိ တိုးမြှင့်လိုက်သည်။ ၀န်ဆောင်မှုလုပ်သားများအတွက်မူ တိုးမြှင့်ခြင်းမရှိဘဲ ယခင်သတ်မှတ်ချက်ဖြစ်သော ၁၈၅၀ အတိုင်းသာ ဆက်လက်ထားရှိသည်။

    Levy ကြေးအတွက် ကနဦးအဆိုပြုချက်တွင် ဆောက်လုပ်ရေးနှင့် စက်ရုံလုပ်သားများအတွက် ၂၅၀၀၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်ပင်ပန်းမံ စိုက်ပျိုးရေးအတွက် ၁၅၀၀၊ ၀န်ဆောင်မှုလုပ်ငန်းအတွက်၂၅၀၀ သတ်မှတ်ခဲ့သော်လည်း နိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များက ဝေဖန်ခဲ့သောကြောင့် ကက်ဘိနတ်က ယခုကဲ့သို့ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

    အဆိုပါ Levy ကြေး ပြောင်းလဲမှုမှာ မတ်လ ၁၈ ရက်နေ့မှစတင်ကာ အသက်ဝင်မည်ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးမှ ထုတ်ပြန်သော ကြေငြာချက်တွင် မိမိတို့အစိုးရက ဖန်တီးပေးထားသော အခြေခံအဆောက်အအုံးများ၊ လိုအပ်ချက်များမှာ ကောင်းမွန်သောကြောင့် ယခုကဲ့သို့ အခွန်မြင့်တက်လိုက်ခြင်းမှာ မျှတသည်ဟု ဖော်ပြထားသည်။

    ထို့ပြင် မတ်လ ၁၂ ရက်နေ့က ကြေငြာထားသည့် နိုင်ငံခြားအလုပ်သမားများ ခေါ်ယူမှု ရပ်တန့်ထားခြင်းမှာ ဆက်လက်တည်ရှိနေပြီဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ နောက်ပိုင်းမှ ထိုရပ်တန့်မှု ပျက်ပြယ်မည်ဟု ထည့်သွင်းဖော်ပြထားသည်။

    ပြည်ထဲရေးဝန်ကြီးဌာနမှာ အလုပ်ရှင်များအနေဖြင့် နိုင်ငံသားများကို ဦးစားပေး အလုပ်ခန့်ထားရန်နှင့် နိုင်ငံခြားသားများ ခေါ်ယူခြင်းကို နောက်ဆုံးရွေးချယ်မှုအဖြစ် ထားရှိရန် ပြည်တွင်းလုပ်ငန်းရှင်များကို အသိပေးထားသည်။

    Ref: The Star

  • ငွေကြေးကူညီခဲ့ရဖူးသည့် လက်စတာ၏ လက်ရှိအခြေအနေအား ဟက်စကီးချီးကျူး

    ငွေကြေးကူညီခဲ့ရဖူးသည့် လက်စတာ၏ လက်ရှိအခြေအနေအား ဟက်စကီးချီးကျူး

    မတ် ၁၉၊ ၂၀၁၆
    M-Media

    hes

    – တစ်ချိန်က ဘဏ္ဍာရေးအခက်ခဲကြောင့် မိမိ ငွေကြေးအကူအညီပေးခဲ့ရသည့် လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားအား စိန်ခေါ်နိုင်သည့်အဆင့်သို့ ရောက်ရှိလာသည်ကို ချီးကျူးမိသည်ဟု လီဗာပူးလ်တိုက်စစ်မှူးဟောင်း အီမီလီ ဟက်စကီးက ပြောကြားလိုက်သည်။

    ဟက်စကီးမှာ လက်စတာ၏ အိမ်ကွင်းအဟောင်းဖြစ်သော Filbert Street တွင် ကစားခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် လီဗာပူးလ်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ လက်စတာမှာ ရာသီပြီးဆုံးရန် ၈ ပွဲသာလိုတော့ချိန်တွင် ဒုတိယနေရာမှ စပါးအသင်းအား ၅ မှတ်ဖြတ်ကာ ဇယားကို ဦးဆောင်ထားနိုင်သည်။

    ဟက်စကီးကမူ လက်စတာအသင်း အကြွေးနွံနစ်နေသည့်အချိန်တွင် ပေါင် တစ်သိန်း ကူညီခဲ့မှုကို ပြန်ပြောင်းပြောပြခဲ့သည်။

    “(ဒီလို ကူညီတာဟာ) ကျွန်တော် လုပ်ရမယ့် အလုပ်ပဲ၊ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ပဲလို့ ခံစားခဲ့ရပါတယ်။ တစ်ခြားသူတွေလည်း ကျွန်တော့်လိုမျိုး ကူညီကောင်းကူညီကြမှာဖြစ်ပေမယ့် ကျွန်တော့်လို့တော့ နှစ်နှစ်ကာကာ ရှိမှာမဟုတ်ပါဘူး။ အသင်းကိုချစ်တဲ့အတွက်ကြောင့် ဘာမျှော်လင့်ချက်မှမထားပဲ ကျွန်တော် ကူညီခဲ့တယ်။ အဲဒီတုန်းက သူတို့ တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်နေပြီး၊ မျှော်လင့်ချက်မဲ့နေတဲ့အချိန်ပါ။ ကျွန်တော် ကစားခဲ့ဖူးတဲ့အသင်းက ဒီလိုဖြစ်နေတာကို မြင်ရတာ ၀မ်းနည်းဖို့ကောင်းပါတယ်” ဟု ဟက်စကီးက ပြောကြားခဲ့သည်။

    သို့သော်လည်း ယခုအချိန်တွင် တစ်မြို့လုံးမှာ ဆူညံနေကြပြီး ၎င်းတို့အသင်းမှာ ပျော်ရွှင်စရာကောင်းသည့် အခြေအနေမျိုးဖြင့် အဆုံးသတ်မည်ဟု ယုံကြည်နေကြကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဂျူးအစွန်းရောက်များ၏ နေအိမ်မီးရှို့မှုကြောင့် မိသားစုတစ်ခုလုံး ဆုံးရှုံးခဲ့ရသည့် ပါလက်စတိုင်းကလေးငယ်ကို ရော်နယ်ဒို တွေ့ဆုံနှစ်သိမ့်

    ဂျူးအစွန်းရောက်များ၏ နေအိမ်မီးရှို့မှုကြောင့် မိသားစုတစ်ခုလုံး ဆုံးရှုံးခဲ့ရသည့် ပါလက်စတိုင်းကလေးငယ်ကို ရော်နယ်ဒို တွေ့ဆုံနှစ်သိမ့်

    မတ် ၁၉၊ ၂၀၁၆
    M-Media

    rnld

    – ပြီးခဲ့သည့်နှစ်က ဂျူးအစွန်းရောက်များ၏ နေအိမ်မီးရှို့မှုကြောင့် မိသားစုတစ်ခုလုံးကို ဆုံးရှုံးခဲ့ရသည့် ပါလက်စတိုင်းကလေးငယ် အဟ်မဒ် ဒါဝဘ်ရှာ၏ ၎င်းအားတွေ့ချင်သည့် အိပ်မက်ကို ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဖြည့်ဆည်းပေးခဲ့သည်ဟု သိရသည်။

    မတ်လ ၁၇ ရက်နေ့က ရီးယဲလ်မက်ဒရစ်ကွင်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အသက် ၅ နှစ်အရွယ် အဟ်မဒ်မှာ ရော်နယ်ဒို၊ ဘေးလ်၊ မာဆယ်လို ဗီယာရာတို့နှင့် ဓာတ်ပုံအတူ တွဲရိုက်ခဲ့ကာ ၎င်းတို့၏ လက်မှတ်များထိုးထားပြီး အဟ်မဒ်၏ အမည်ရေးထိုးထားသည့် ရီးယဲလ်မက်ဒရစ် အင်္ကျီတစ်ထည်ကိုလည်း ရရှိခဲ့သည်။

    ထိုသို့တွေ့ဆုံရန် ရီးယဲလ်မက်ဒရစ်အသင်းက မတ်လ ၅ ရက်နေ့တွင် ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ထိုကလေးငယ်အား မက်ဒရစ်သို့ ခေါ်ဆောင်လာရန် ဖိတ်ကြားခဲ့သည်။

    “ဒီလိုဖိတ်ကြားမှုဟာ ရီးယဲလ်နဲ့ ရော်နယ်ဒိုတို့ဘက်က သဘောထားကြီးမှု လက္ခဏာပါပဲ။ ဒါပေမယ့် ဒီလည်ပတ်မှုမှာ ကူညီပေးခဲ့သူ သူရဲကောင်း ဇီနဒင်း ဇီဒိန်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဒီလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုက မိသားစုတစ်ခုလုံး ဆုံးရှုံးခဲ့ရတဲ့ ဒီကလေးကို အကူအညီဖြစ်စေလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဖြစ်သူ ဂျီဘရီလ် ရာဂျွဘ်က ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း နဘ်လုစ်မြို့အနီး ဒူမားရွာရှိ အဟ်မဒ်လေး၏ မိသားစုနေအိမ်ကို အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သော ဂျူးအစွန်းရောက်များက ရေနံဆီဗုံးဖြင့် ပစ်ပေါက်ကာ မီးရှို့ခဲ့ခြင်းကြောင့် အဟ်မဒ်၏ မိဘနှစ်ပါးနှင့် အသက် ၁ နှစ်ခွဲအရွယ် ညီငယ်လေးမှာ မီးလောင်ဒဏ်ရာများကို အပြင်းအထန် ခံစားခဲ့ရကာ သေဆုံးခဲ့သည်။ အဟ်မဒ် ကိုယ်တိုင်မှာလည်း ခန္ဓာကိုယ်၏ ၉၀ ရာခိုင်နှုန်း မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၈ လတိုင်တိုင် ဆေးကုသမှု ခံယူခဲ့ရသည်။

    Ref: Middleeastmonitor

  • ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုအတွက် သံသယရှိသူတစ်ဦးကို ဘလ်ဂျီယံတွင် ဖမ်းမိ

    ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုအတွက် သံသယရှိသူတစ်ဦးကို ဘလ်ဂျီယံတွင် ဖမ်းမိ

    မတ် ၁၉၊ ၂၀၁၆
    M-Media

    paris

    – နိုဝင်ဘာ ၁၃ ရက်နေ့က ပဲရစ်မြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ပါဝင်သည်ဟု သံသယရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူကို ဘလ်ဂျီယံမြို့တော် ဘရပ်ဆဲလ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ဆာလာဟ် အဘ်ဒဲလ်ဆလမ်ဖြစ်ပြီး ယမန်နေ့က လက်နက်အပြည့်အစုံ တပ်ထားသည့် ရဲများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ပြင်သစ်သမ္မတကလည်း ထိုသတင်းကို အတည်ပြုခဲ့သည်။ သို့သော်လည်း ယခုဖမ်းဆီးမှုမှာ နောက်ဆုံးမဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ ဘလ်ဂျီယံ၊ ပြင်သစ်နှင့် အခြားသောနိုင်ငံများတွင် ရှိနေသည့် အကြမ်းဖက်ကွန်ယက်များကို မိမိတို့က သိရှိနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဘလ်ဂျီယံ ဖက်ဒရယ်တရားသူကြီး အဲရစ် ဗန် ဒါ ဆိုက်ပ်က အဘ်ဒဲလ်ဆလမ်နှင့်အတူ ၎င်းအား ခိုလှုံခွင့်ပေးထားသည့် မိသားစုဝင် ၃ ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အဘ်ဒဲဆလမ်မှာ ဖမ်းဆီးမှုအတွင်း အနည်းငယ် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟုလည်း ၎င်းက အတည်ပြုခဲ့သည်။

    လူပေါင်း ၁၃၀ သေဆုံးခဲ့သည့် ပဲရစ်တိုက်ခိုက်မှုတွင် အလ်ဒဲလ်ဆလမ်မှာ တိုက်ရိုက် ပါဝင်ပတ်သက်သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားပြီး လူပေါင်း ၈၀ ကျော် သေဆုံးခဲ့သည့် Bataclan ကဇာတ်ရုံတွင် ၀င်ရောက်ပစ်ခတ်သော တိုက်ခိုက်ရေးသမားများအား သယ်ဆောင်လာသည့်ကားကို ငှားပေးခဲ့သည်ဟု သံသယရှိသူဖြစ်သည်။

    IS မှပြုလုပ်သည်ဟု ကြေငြာခဲ့သော အဆိုပါတိုက်ခိုက်မှုပြီးနောက် အဘ်ဒဲလ်ဆလမ်မှာ ပဲရစ်မြို့မှ ထွက်ခွာခဲ့ပြီး ပြင်သစ်-ဘလ်ဂျီယံနယ်စပ်တွင် ရဲတပ်ဖွဲ့က ၎င်းအား စစ်ဆေးမေးမြန်းခဲ့သော်လည်း သွားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဒူဘိုင်းလေယာဉ်တစ်စင်း ရုရှားတွင်ပျက်ကျ

    ဒူဘိုင်းလေယာဉ်တစ်စင်း ရုရှားတွင်ပျက်ကျ

    မတ် ၁၉၊ ၂၀၁၆
    M-Media

    dubai
    flydubai လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး

    – ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ အနည်းဆုံး ခရီးသည် ၅၀ ကို သယ်ဆောင်လာသည့် လေယာဉ်တစ်စင်းမှာ ရုရှားနိုင်ငံ ရို့စ်တော့ဗ် အွန် ဒွန်မြို့လေဆိပ်သို့ ဆင်းသက်စဉ် ယနေ့မနက်ပိုင်းက ပျက်ကျခဲ့သည်ဟု သိရသည်။

    အဆိုပါလေယာဉ်မှာ flydubai လေကြောင်းလိုင်းမှ ဘိုးအင်း ၇၃၇ လေယာဉ်ဖြစ်ပြီး ရုရှနိုင်ငံပိုင်သတင်းဌာန RT က လေယာဉ်မှ ကြီးမားသည့်ပေါက်ပွဲမှုပုံကို လွှင့်တင်ခဲ့သည်။

    “ဒူဘိုင်းကနေ ရို့စ်တော့ဗ် အွန် ဒွန် မြို့ကို ပျံသန်းသွားတဲ့ ကျွန်တော်တို့ရဲ့ လေယာဉ်အမှတ် FZ981 ကိစ္စအကြောင်း ကျွန်တော်တို့ သိထားပါတယ်။ အသေးစိတ်သိရအောင် ကျွန်တော်တို့ စုံစမ်းနေပါတယ် ပြီးတော့ သတင်းအချက်အလက်ရတာနဲ့ ထုတ်ပြန်သွားမှာပါ” ဟု flydubai မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ဘိုအင်းကုမ္ပဏီကလည်း မိမိတို့အနေဖြင့် အချက်အလက်များကို စုဆောင်းနေသည်ဟု Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    Ref: Aljazeera