News @ M-Media

Blog

  • မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဂျပန်ကူညီမည်

    မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဂျပန်ကူညီမည်

    မတ် ၁၀၊ ၂၀၁၆
    M-Media

    japan 7

    – စက်မှုလုပ်ငန်း၊ ပညာရေးကဏ္ဍတို့နှင့် ဆက်နွယ်ကာ မြန်မာနိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန် ဂျပန်အစိုးရက စီစဉ်နေသည်ဟု သိရသည်။

    မတ်လ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းဖွယ်ရှိသည့် အဆိုပါအဖွဲ့တွင် အီလက်ထရောနစ် ကုမ္ပဏီကြီးများဖြစ်သော Mitsubishi နှင့် Hitachi တို့အပါအ၀င် စီးပွားရေးလုပ်ငန်းနှင့် အသင်းအဖွဲ့ စုစုပေါင်း ၆၀ ခန့် ပါဝင်မည်ဖြစ်ပြီး တိုကျို တက္ကသိုလ်ကလည်း ပူးပေါင်း ကူညီသွားမည်ဖြစ်သည်။

    အစီအစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ အလားအလာရှိသော လူငယ်များကို ဂျပန်နိုင်ငံတွင် ပညာသင်ကြားရေးနှင့် အလုပ်လုပ်ကိုင်ရေး ဆွဲဆောင်ရန်ဖြစ်ပြီး၊ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ကြီးထွားလာသော ဈေးကွက်အတွင်း ဂျပန်လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ရာတွင် အထောက်အကူဖြစ်စေရန် ဖြစ်သည်။

    ထိုအဖွဲ့မှာ ယခုနှစ်ကုန်တွင် ရှင်းလင်းပွဲတစ်ခု ပြုလုပ်ရန် ရှိနေပြီး ဂျပန်နိုင်ငံသို့ လာရောက်ရန် စိတ်ဝင်စားသူများကို ဖိတ်ခေါ်သွားမည်ဟု ဆိုသည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့ကဲ့သို့ တက္ကသိုလ်များမှ ကျောင်းသားများအား အလုပ်သင်အခွင့်အလမ်းများလည်း ဖော်ဆောင်ပေးသွားရန် ရှိနေသည်။

    မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း၊ ဂျပန်နိုင်ငံတွင် လာရောက်ပညာသင်ကြားဖူးသူများနှင့်လည်း ထိုအဖွဲ့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

    Ref: Nikkei

  • လိင်ဆက်ဆံမှုမှတစ်ဆင့် ဇီကာကူးစက်မှု ထင်ထားသည်ထက် မြင့်မား

    လိင်ဆက်ဆံမှုမှတစ်ဆင့် ဇီကာကူးစက်မှု ထင်ထားသည်ထက် မြင့်မား

    မတ် ၁၀၊ ၂၀၁၆
    M-Media

    zika 14

    – လိင်ဆက်ဆံမှုကတဆင့် ဇီကာဗိုင်းရပ်စ်ကူးစက်မှုဟာ အရင်ခန့်မှန်းထားတာထက် ပိုအဖြစ်များနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပါတယ်။

    ခြင်ကနေတစ်ဆင့် ကူးစက်ပြီး မွေးကင်းစကလေးတွေမှာ ဦးနှောက်မဖွံ့ဖြိုးတာနဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားတတ်တဲ့ ဇီကာရောဂါဟာ တောင်အမေရိကတစ်ဝှမ်းမှာ အများဆုံး ကူးစက်ပြန့်ပွားနေတာဖြစ်ပြီး WHO ကတော့ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်လာပြီလို့ ကြေငြာခဲ့ပါတယ်။

    ဒီရောဂါဟာ လိင်ဆက်ဆံမှုကနေတစ်ဆင့်လည်း ကူးစက်တတ်ပြီး အင်္ဂါနေ့က အရေးပေါ်ကော်မတီဆွေးနွေးပွဲမှာ WHO အထွေထွေညွှန်ကြားရေးမှူး မာဂရက်ချန်က “နိုင်ငံအသီးသီးက အစီရင်ခံစာနဲ့ တွေ့ရှိမှုတွေအရ လိင်ဆက်ဆံရာကနေ ဇီကာဗိုင်းရပ်စ် ကူးစက်မှုဟာ အရင်က ယူဆထားတာထက် ပိုပြီး အဖြစ်များနေတယ်” လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကလည်း လိင်ကတစ်ဆင့် ဇီကာကူးစက်တယ်လို့ ယူဆဖွယ်ရှိတဲ့ အဖြစ်အပျက် တစ်ဒါဇင်ကျော်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဇီကာဗိုင်းရပ်စ်နဲ့ စပ်ဆက်ပြီး ယာယီကိုတစ်ခြမ်းသေ ရောဂါ Guillain-Barre နဲ့ သေဆုံးတာတွေ ရှိနေတယ်လို့ နိုင်ငံ ၉ နိုင်ငံက သတင်းပို့ထားကြောင်း ချန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဇီကာနဲ့ဆက်နွယ်နေတဲ့ ပြဿနာတွေဟာ ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးတွေမှာသာမကဘဲ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာပါ တွေ့လာရပြီ ဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဇီကာပျံ့နှံ့နေတဲ့ နိုင်ငံတွေမသွားလာဖို့၊ တကယ်လို့ ကိုယ့်ရဲ့အဖော်က အဲဒီကူးစက်နေတဲ့ နိုင်ငံတွေ သွားလာဖူးရင် အကာအကွယ်နဲ့လိင်ဆက်ဆံဖို့၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်စဉ်ကာလ လိင်ဆက်ဆံခြင်းမှ ရှောင်ကျဉ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က အကြံပြုထားပါတယ်။

    Ref: Al-jazeera

  • အနာဂတ်မျိုးဆက် ငြိမ်းချမ်းရန် အကြမ်းဖက်ဝါဒအား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပါကစ္စတန်ပြော

    အနာဂတ်မျိုးဆက် ငြိမ်းချမ်းရန် အကြမ်းဖက်ဝါဒအား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပါကစ္စတန်ပြော

    မတ် ၁၀၊ ၂၀၁၆
    M-Media

    paki 4

    – မိမိတို့အစိုးရဟာ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက် ငြိမ်းချမ်းရေးကို ရှေးရှုပြီး အကြမ်းဖက်ဝါဒကို ဦးဆောင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က ယခုတစ်ပတ်အတွင်းမှာ ပြောကြားလိုက်ပါတယ်။

    ပါကစ္စတန်နိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေးနဲ့ ဓနသဟယာရေးရာ ၀န်ကြီး ဖိလစ်ဟမ်မွန်းကို ဧည့်ခံတွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပြီး အကြမ်းဖက်ဝါဒအား တိုက်ခိုက်ရေးဟာ ပါကစ္စတန်နိုင်ငံရဲ့ တာဝန်တစ်ရပ်ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “တစ်ဦးတစ်ယောက်ချင်းကဖြစ်စေ၊ အုပ်စုလိုက်ပဲဖြစ်စေ ဒါမှမဟုတ် နိုင်ငံတွေကဖြစ်စေ ပြုလုပ်တဲ့ ကမ္ဘာတစ်ဝှမ်းက ဘယ်လိုအကြမ်းဖက်မှုမျိုးမဆို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချုပါတယ်” လို့ ရှရစ်ဖ်က ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် မိမိတို့အစိုးရ တက်လာခါစကတည်းက အကြမ်းဖက်မှုတွေ၊ စီးပွားရေးကျဆင်းမှုတွေ၊ စွမ်းအင်ဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ခဲ့ရပြီး၊ အစိုးရသက်တမ်းအဆုံးပိုင်းမှာ စွမ်းအင်ပြတ်တောက်မှုကို ကျော်ဖြတ်နိုင်ဖို့ ဆောင်ရွက်နေကြောင်း၊ အာဖဂန် ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဖိလစ် ဟမ်မွန်းကလည်း ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲရေးကိစ္စတွေအတွက် ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ ဦးဆောင်ဦးရွက်ပြုနေမှုကိုလည်း အထူးကျေနပ်အားရပြီး၊ အစိုးရအနေနဲ့ ပြည်တွင်းပြုပြင်ပြောင်းလဲရေး၊ အမျိုးသမီးတွေနဲ့ လူနည်းစုကို ကာကွယ်ဖို့ ဥပဒေပြဌာန်းပေးတာနဲ့ပက်သက်ပြီး လေးစားမိတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ချယ်ဆီး၏အနာဂတ်အတွက် စီမံကိန်း အသေအချာရေးဆွဲရမည်ဟု ဟစ်ဒင့်ပြော

    ချယ်ဆီး၏အနာဂတ်အတွက် စီမံကိန်း အသေအချာရေးဆွဲရမည်ဟု ဟစ်ဒင့်ပြော

    မတ် ၁၀၊ ၂၀၁၆
    M-Media

    hiddink

    – ချယ်ဆီးအနေဖြင့် အနာဂတ်အတွက် စီမံကိန်းကို အသေအချာ ရေးဆွဲရမည်ဟု နည်းပြ ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိအကျော့တွင် ချယ်ဆီးမှာ ပီအက်စ်ဂျီအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်း ၄ ဂိုး ၂ ဂိုးဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် ယခုနှစ်တွင် ချယ်ဆီးအသင်း၏ ဖလားရနိုင်ချေမှာ FA ဖလားတစ်ခုတည်းသာ ရှိတော့ပြီး၊ ပရီးမီးယားလိဂ်တွင် ရပ်တည်နေသော အဆင့်ကြောင့် လာမည့်နှစ်တွင်လည်း ဥရောပပြိုင်ပွဲဝင်ရောက်ခွင့် ရနိုင်ဖွယ်မရှိပေ။

    “ချယ်ဆီးဟာ အပြောင်းအလဲကာလမှာ ရှိနေတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ သူတို့ ရှေ့ဆက်သွားဖို့လိုပြီး ရေတိုအနာဂတ်မှာ ဘာလုပ်ရမယ်ဆိုတာနဲ့ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကိုလည်း စဉ်းစားရပါမယ်။ (ချန်ပီယံလိဂ်ပွဲ) ပြီးတဲ့နောက်မှာ ကျွန်တော် စိတ်ပျက်ခဲ့ပါတယ်” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

    ဟစ်ဒင့်မှာ ချယ်ဆီးတွင် ယခုနှစ်ရာသီကုန်အထိသာ တာဝန်ယူမည်ဖြစ်ပြီး အန်တိုနီယို ကွန်တီက နည်းပြသစ်လာရန် ရေပန်းစားနေသည်။

    Ref: Goal

  • မက္ကဆီကိုတွင် လိင်ပိုင်းဆိုင်ရာ အရှက်ရမှုအတွက် အမျိုးသမီးများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တုံ့ပြန်နေရ

    မက္ကဆီကိုတွင် လိင်ပိုင်းဆိုင်ရာ အရှက်ရမှုအတွက် အမျိုးသမီးများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တုံ့ပြန်နေရ

    မတ် ၁၀၊ ၂၀၁၆
    M-Media

    mexico 2

    – နိုင်ငံအတွင်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေကို မက္ကဆီကို အမျိုးသမီးအုပ်စုတစ်ခုက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်လည်တုံ့ပြန်နေတယ်လို့ သိရပါတယ်။

    လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက စတင်ခဲ့တဲ့ အဲဒီအမျိုးသမီးအုပ်စုရဲ့ တုံ့ပြန်မှုဟာ ထူးခြားပြီး Sexista Punk လို့ခေါ်တဲ့ သီချင်း၊ ရောင်စုံပန်းဖွားပစ်လွှတ်တဲ့သေနတ် (confetti gun) တွေကိုသာ အသုံးပြုတာဖြစ်ပါတယ်။

    “အရာရာတိုင်းက ယောက်ျားတွေရဲ့ဘေးမှာ ၀ိုင်းဝိုင်းလည်နေတဲ့ လောကကြီးမှာ ကျွန်မတို့ နေထိုင်နေရတာပါ။ အဲ့ဒီယောင်္ကျားတွေကို ပညာပေးဖို့ ကျွန်မတို့စိတ်မ၀င်စားဘူး၊ ကျွန်မတို့ရဲ့ အတွေးကတော့ ဆန့်ကျင်ဘက်ပါ၊ မိန်းမတွေကို ပညာပေးဖို့ဖြစ်ပါတယ်” လို့ Daughters of Violence အဖွဲ့ဝင်ဖြစ်သူ အန်နာ ဘီယာထရစ်ဇ်က ပြောကြားခဲ့ပါတယ်။

    ဒီအဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ယောင်္ကျားအနည်းငယ်လောက်ကသာ အမျိုးသမီးများတွေကို ၀န်ချတောင်းပန်ခဲ့ကြပေမယ့် အမျိုးသမီးတွေကတော့ ရလဒ်ကောင်းတစ်ချို့ကို မြင်တွေ့နေရပြီဖြစ်တယ်လို့ ဆိုပါတယ်။

    Daughters of Violence အဖွဲ့ရဲ့ အဖွဲ့ဝင်နောက်တစ်ဦးဖြစ်သူ အန်နာ ကာရင်က “အခုဆိုရင် ဒီတုံ့ပြန်မှုနဲ့ပက်သက်ပြီး ပိုစွမ်းအားရှိလာသလို၊ ပိုပြီးယုံကြည်မှုရှိလာသလို ခံစားနေရပါတယ်။ လမ်းပေါ်မှာ သွားလာဖို့အတွက် ကြောက်ရွံ့တာမျိုး မရှိတော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

    လမ်းပေါ်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေနဲ့ ပက်သက်ပြီး အရေးယူဖို့ မက္ကဆီကိုမှာ ဥပဒေပြဌာန်းထားခြင်း မရှိပါဘူး။ ဒီလိုမျိုး ရဲတပ်ဖွဲ့အပေါ် ယုံကြည်ကိုးစားရမှု မဲ့နေတဲ့ နိုင်ငံမျိုးမှာ အမျိုးသမီးတွေအနေနဲ့ ၎င်းတို့တွေ့ကြုံခံစားရတာတွေကို ထုတ်ဖော်ပြောဆိုဖို့ ခက်ခဲလာပြီး၊ ဥပဒေတစ်ခု ပြဌာန်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

    “ဥပဒေပိုင်းဆိုင်ရာ အပြောင်းအလဲလုပ်ဖို့ဆိုတာ အချိန်တွေယူရဦးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အခြားအမျိုးသမီးတွေကို စကားပြောဖို့၊ အသိပညာပေးဖို့ စတဲ့ လက်ငင်းလုပ်ရမယ့်ကိစ္စတွေကို အရေးတကြီး ဆောင်ရွက်ရပါမယ်၊ ဒါမှသာ မိန်းမတွေအနေနဲ့ စော်ကားခံရတာတွေအတွက် အကူအညီတစ်စုံတစ်ရာ တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်” လို့ အမျိုးသမီးအခွင့်အရေးအဖွဲ့ဖြစ်တဲ့ Habitajes AC က အဖွဲ့ဝင် ယူကာရီ မီလန်က ပြောကြားခဲ့ပါတယ်။

    လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုကို တုံ့ပြန်နေတဲ့ အဲဒီအမျိုးသမီးတွေဟာ သူတို့ရဲ့ သတင်းစကားတွေကို လူမှုကွန်ရက် စာမျက်နှာတွေကနေ တစ်ဆင့် ဖော်ပြနေပြီး လက်တင်အမေရိကတစ်ဝှမ်းက အားပေးထောက်ခံမှုတွေကိုလည်း ရရှိနေပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုတွေကို မက္ကဆီကိုရဲ့လမ်းတွေပေါ်ကနေ ကျော်လွန်ကာ အခြေားသော ဒေသတွေ၊ နိုင်ငံတွေမှာလည်း လုပ်ဆောင်သွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။

    Ref: Al-jazeera