News @ M-Media

ဂျေရုစလင်ရှိ ခရစ်ယာန်လူ့အဖွဲ့အစည်း ပပျောက်အောင် ဂျူးအစွန်းရောက်အဖွဲ့များက လုပ်ဆောင်နေ

မေ ၄၊ ၂၀၂၂
M-Media

-ဂျူးအစွန်းရောက်အဖွဲ့တွေက ဂျေရုစလင်မှာရှိတဲ့ ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး အစ္စရေးအစိုးရကလည်း ကျူးလွန်သူတွေကို အရေးယူမှု မရှိဘူးလို့ အမေရိကန် လွှတ်တော်အမတ်များအဖွဲ့က ပြောကြားလိုက်ပါတယ်။

ဒီမိုကရက်နဲ့ ရီပက်ဘလစ်ကန် ပါတီက လွှတ်တော်အမတ်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါလက်စတိုင်းက ခရစ်ယာန်တွေ ထိခိုက်ခံစားရမှုကို ဖော်ပြထားပါတယ်။

အစ္စရေးအစိုးရနဲ့ ဂျူးအစွန်းရောက်အဖွဲ့တွေက ခရစ်ယာန်တွေအပေါ် ဒုက္ခပေးမှုနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်အမတ်တွေ လူသိရှင်ကြား၀ေဖန်တာ ကြုံတောင့်ကြုံခဲ ဖြစ်ပါတယ်။

အခု အစီရင်ခံစာမှာတော့ ဂျူးအစွန်းရောက်တွေဟာ ဂျေရုစလင်က ခရစ်ယာန်လူ့အဖွဲ့အစည်းကို မောင်းထုတ်ကာ မြို့ရဲ့ ဘာသာစုံ၊ လူမျိုးစုံ မတူကွဲပြားစွာ ညီညွတ်မှုကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။

“ဂျေရုစလင်က ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အတွက် အလွန်အမင်းစိုးရိမ်မိကြောင်း ပါတီနှစ်ခုက လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့အဖွဲ့က ထုတ်ဖော်ပြောကြားလိုပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပါလက်စတိုင်းပိုင် ဂျေရုစလင်မှာ ခရစ်ယာန်ဘုရားကျောင်း ၉၅ ကျောင်းရှိပြီး ဂရိအော်သိုဒေ့ါစ်၊ ဂရိကက်သလစ်၊ ရိုမန်ကက်သလစ်၊ ဆီရီအက်နဲ့ အာမေးနီးယန်းခရစ်ယာန်ဘာသာ၀င်တွေ ရှိနေကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁၀၀ က ဂျေရုစလင်မြို့ စုစုပေါင်းလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာ၀င်တွေ ဖြစ်ပေမယ့် အခုအချိန်မှာတော့ ၂ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ခရစ်ယာန်အသင်းတော် ၁၃ ခုက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစွန်းရောက်အဖွဲ့တွေက ဂျေရုစလင်မှာရှိတဲ့ ခရစ်ယာန်ဘာသာ၀င်တွေကို မောင်းထုတ်ဖို့ ဆောင်ရွက်နေမှုကို အစ္စရေးအစိုးရက အရေးယူဆောင်ရွက်တာမျိုး မရှိဘူးလို့ ၀ေဖန်ထားပါတယ်။

Ref: Middle East Eye

mmInternationalNews