News @ M-Media

Blog

  • မန်စီးတီးအား နိုင်ခဲ့သည့်ပုံစံမှာ မိမိတို့၏ စံပုံစံဖြစ်ရမည်ဟု ကလော့ပ်ပြော

    မန်စီးတီးအား နိုင်ခဲ့သည့်ပုံစံမှာ မိမိတို့၏ စံပုံစံဖြစ်ရမည်ဟု ကလော့ပ်ပြော

    မတ် ၃၊ ၂၀၁၆
    M-Media

    klop 4

    – မန်စီးတီးအသင်းအား မိမိတို့အနိုင်ရခဲ့သည့် ပုံစံကို ရှေ့ဆက်၍ သယ်ဆောင်ရမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် တနင်္ဂနွေနေ့က လိဂ်ဖလားဗိုလ်လုပွဲတွင် ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သည့် မန်စီးတီးအား ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် လီဗာပူးလ်မှာ ခြေအသာဖြင့် ကစားနိုင်ခဲ့ပြီး လာလ်နာ၊ မီလ်နာနှင့် ဖာမီနိုတို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ကလော့ပ်ကမူ ထိုပွဲစွမ်းဆောင်ရည်ကို ကျေနပ်နေသည်။

    “ကျွန်တော်တို့ဟာ တော်တော်လေး အာရုံစူးစိုက်မှုရှိပြီး ဒါက ကျွန်တော်တို့ရဲ့ စံပုံစံ ဖြစ်ရပါမယ်။ လူတော်တော်များများကတော့ ကျွန်တော်တို့ အမြဲတမ်း ဒီလိုမကစားနိုင်ဘူးလို့ ပြောကြပါလိမ့်မယ်။ စိတ်ဝင်စားစရာမကောင်းဘူးပေါ့။ ဘောလုံးပွဲမှာ ကိုယ်ရဲ့စွမ်းအားကို ချွေတာဖို့ ဖြစ်နိုင်ချေက ဘောလုံးကို ကိုင်ထားနိုင်ဖို့ပါပဲ။ မြန်မြန်၊ အန္တရာယ်ကင်းကင်းနဲ့ ရိုးရိုးရှင်းရှင်း ကစားရင် ကိုယ့်ရဲ့စွမ်းအားကို ချွေတာနိုင်ပါတယ်။ ဒီလိုမျိုးပုံစံကို ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားနိုင်ပါတယ်။ ပထမပိုင်းမှာတော့ ဒီလို မကောင်းခဲ့ပါဘူး။ အမြဲတမ်း ဒီလို ကစားနိုင်ရမယ်ဆိုရင် ကျွန်တော့်အတွေး လွန်နေမလားမသိဘူး။ ဒါပေမယ့် ကောင်လေးတွေအတွက်တော့ ဒါဟာ အရေးကြီးတဲ့ ပြယုဂ်တစ်ခုပါပဲ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး လက်ဖက်ရည်ဝိုင်းအစီအစဉ် အမေရိကန်တွင် ပြုလုပ်

    အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး လက်ဖက်ရည်ဝိုင်းအစီအစဉ် အမေရိကန်တွင် ပြုလုပ်

    မတ် ၃၊ ၂၀၁၆
    M-Media

    CAIR

    – အမေရိကန်မှာ တဖြည်းဖြည်းကြီးထွားလာတဲ့ အစ္စလာမ်ကြောက်ရောဂါနဲ့ ပက်သက်လို့ ဆွေးနွေးအဖြေရှာဖို့အတွက် ဘာသာပေါင်းစုံညီညွှတ်ရေး အခမ်းအနားတစ်ခုကို အမေရိကန် ပြည်ထောင်စု ကလီဗ်လန်မြို့မှာ တနင်္လာနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    West Shore Unitarian Universalist ခရစ်ယာန်ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးအတွက် လက်ဖက်ရည်ဝိုင်း (Teatime for Peace) လို့ အမည်ရတဲ့ အဲဒီ အခမ်းအနားကို အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ ကလီဗ်လန်းဌာနခွဲ (CAIR-Cleveland) နဲ့ ဒေသခံအရပ်ဖက်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    အခမ်းအနားရဲ့ ရည်ရွယ်ချက်က အယူဝါဒမတူတဲ့ လူအမျိုးမျိုးကြား စကားပြောဆို ရင်းနှီးမှုရဖို့နဲ့ မွတ်စလင်၊ အစ္စလာမ်သာသနာနဲ့ပက်သက်တဲ့ မှားယွင်းတဲ့အမြင်တွေကို ဖယ်ရှားနိုင်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက်ကြား သိနားလည်လာစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိ သမ္မတလောင်းအဖြစ် မဲဆွယ်မှုအတွင်းမှာ နိုင်ငံရေးသမားတွေ၊ မွတ်စလင်ဆန့်ကျင်ရေးအဖွဲ့တွေရဲ့ အစ္စလာမ်မုန်းတီးရေးဝါဒဖြန့်မှုတွေကို စိန်ခေါ်ရင်ဆိုင်နိုင်ဖို့အတွက်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။

    အခမ်းအနားမှာ West Shore ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာ ဟော်လီ မီလာ၊ CAIR-Cleveland အဖွဲ့ဥက္ကဌ အစ္စမ်ဇအီးမ်၊ အခရွန်နဲ့ ကန့်မြို့မှာရှိတဲ့ အစ္စလာမ်အသင်းက တာဝန်ရှိသူ ဟာလာ ဆန်ယူရာတို့က ဦးဆောင်ပြုလုပ်တဲ့ ဘာသာပေါင်စုံ ဆုတောင်းမှုလည်း ပါဝင်ပါတယ်။

    အဲဒီအခမ်းအနားမှာ လက်ဖက်ရည်သောက်ရင်း တစ်ယောက်ချင်း စကားပြောဆို ဆွေးနွေးခဲ့ကြပြီး မွတ်စလင်တွေကို မီဒီယာတွေက ပုံဖေါ်ထားမှုကို ကျော်လွန်ပြီး အမှန်တကယ် သိရှိနိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်။ ပါလက်စတိုင်း၊ နိုက်ဂျီးရီးယား၊ တူရကီ၊ ဆီးရီးယား၊ အာဖရိကန်-အမေရိကန်၊ အိုင်းရစ်၊ ပါကစ္စတန်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေက အစ္စလာမ်ဘာသာဝင်တွေလည်း ဒီအခမ်းအနားမှာ ပါဝင်ခဲ့ကြပါတယ်။

    Ref : IINA

  • တက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်းဆင်းပွဲ ကျင်းပ

    တက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်းဆင်းပွဲ ကျင်းပ

    မတ် ၃ ၊ ၂၀၁၆
    M-Media
    သတင်း – ဟိန်းထက်

    12512480_236685070004570_8392610195685140819_n
    ဒလ မြို့နယ် ကမာကဆစ် အနောက်ကျောင်းတိုက် ဦးဆောင်ဆရာတော်ကြီး ဦးဧသိကနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်(PCN) တို့ပူးပေါင်းဆောင်ရွက်မှု့ဖြင် ဖွင့်လှစ်သော ပညာဒါန သင်တန်းဆင်းပွဲကို မတ်လ ၂ရက်နေ့က အဆိုပါ ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

    အဆိုပါ ပညာဒါန သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍  “တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ပညာရေးဖြင့် လောကကို အလှဆင်လိုသူ အနာဂတ်လူငယ်တွေအတွက် အထူးရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံမှာ  တက္ကသိုလ်ဝင်တန်း(၁၀တန်း) စာမေးပွဲဟာ နှစ်စဉ်ဖြေဆိုသူ ၅သိန်းကျော် ရှိပေမယ့် အောင်မြင်သူပေါင်းဟာ တစ်သိန်း ခုနှစ်သောင်းကျော်သာရှိပါတယ်။ ရာခိုင်နှုန်း ၃၀ ကျော်လောက်သာ အောင်မြင်ကြပါတယ်။

    မြန်မာနိုင်ငံမှ ပညာဒါနသင်တန်းတွေ သူ့နည်းသူ့ဟန်နဲ့ရှိကြသော်လည်း ဆင်ပါးစပ် နှမ်းပက်သလိုသာ ဖြစ်နေပါတယ်။ အလွန်းနည်းပါးလှပါတယ်။ ကျွန်တော်တို့ ဒီ ဒလမြို့နယ်မှာ တက္ကသိုလ်ဝင်တန်း ပညာဒါနဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်မှာ ဒီဒလမြို့နယ်မှာ ငွေကြေးအခက်အခဲရှိ၍ ကျူရှင်မတက်နိုင်သူ ပညာလိုချင်စိတ်ရှိသူ ကျောင်းသားကျောင်းသူများကို ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ် ” လို့  ဦးဆောင်ဆရာများကိုယ်စား ၂၀၀၉ ခုနှစ်ကတည်းက ဒလပညာဒါနသင်တန်းတွင် အင်္ဂလိပ်စာသင်ကြားပေးနေသော ဆရာဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ်)က ပြောပါတယ်။

    ပညာဒါန သင်တန်းကို ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရည်မှန်းကာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ကတည်းက ရက်ပေါင်း ၁၀၀ကျော် ဖွင့်လှစ် သင်ကြားပေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

    သင်တန်းကာလအတွင်း သင်တန်းသား သင်တန်းသူ ၅၀ ကျော် တက်ရောက် သင်ယူခဲ့ပြီး ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမ ၁၇ ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်များကို ပို့ချခဲ့ပါတယ်။

    သင်တန်းကာလအတွင်း သင်တန်းသားများအတွက် လိုအပ်သော စာရွက်စာတမ်းများ ၊ စာရေးကိရိယာများ၊ ဘာသာစုံ မေးခွန်းဟောင်းများ၊ ဘာသာရပ်ဆိုင်ရာ အထူးမှတ်စုများ ၊ကျောင်းဝတ်စုံ တစ်ထည်တို့ကို ဝေငှ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။

်သင်တန်း ဆင်းပွဲ အခမ်းအနားကို ဦးဆောင်ဆရာတော်ကြီးနှင့်အတူ ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်PCN မှ တာဝန်ရှိသူများ၊  အနောက်ပိုင်းတက္ကသိုလ်မြန်မာစာပါမောက္ခ ဒေါက်တာစိုးနိုင်၊ ပညာဒါန ဆရာဆရာမများ ၊ ကျောင်းသားကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြပါတယ်။

    ဒါ့အပြင် ဒလမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ၊ မြို့နယ်ပညာ/ကျန်းမာရေးဖောင်ဒေးရှင်း၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ တို့မှ တာဝန်ရှိသူများ ၊ အထူးဖိတ်ကြားထားသောဧည့်သည်များ စုစုပေါင်း ၁၀၀ ကျော်တက်ရောက်အားပေးကြပါတယ်။

    ယခုကဲ့သို့ ပညာဒါနသင်တန်းများကို ၂၀၀၉ ခုနှစ်ကတည်းက အစ္စလာမ်ဘာသာဝင်ဆရာအများစု ဦးစီး၍ သင်ကြား ဖွင်လှစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

    သင်တန်းဆင်းပွဲတွင် “ထွေးဦးမြန်မာရုပ်သေးအဖွဲ့”မှ တင်ဆက် ဖျော်ဖြေ ကပြဖျော်ဖြေခဲ့ကြောင်း သတင်းရရှိပါတယ်။

  • မန်ယူ၏ ကစားပုံနှင့် လူငယ်ကစားသမားများကို ဗန်ဂါးလ်ချီးကျူး

    မန်ယူ၏ ကစားပုံနှင့် လူငယ်ကစားသမားများကို ဗန်ဂါးလ်ချီးကျူး

    မတ် ၃၊ ၂၀၁၆
    M-Media

    van gal 4

    – မန်ယူအသင်း၏ ပုံစံကောင်းပြန်ရမှုအတွက် နည်းပြဗန်ဂါးလ်က ချီးကျူးလိုက်ပြီး လူငယ်ကစားသမားများမှာ အသင်းအား စိတ်ဓာတ်မြှင့်တင်ပေးနိုင်သည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ် ၀က်ဖို့ဒ်နှင့်ပွဲတွင် မန်ယူမှာ ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် ၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မန်ယူအသင်းမှာ ရမှတ် ၄၇ မှတ်ဖြင့် အဆင့် ၅ နေရာသို့ တက်လာက အဆင့် ၄ မှ မန်စီးတီးအသင်းနှင့် အမှတ်တူနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခဲ့သည်။

    ဗန်ဂါးလ်ကမူ အသင်းအတွက် ပျော်ရွှင်မှုများကို ပြန်လည်ဆောင်ကျဉ်းပေးခဲ့သော လူငယ်ကစာသမားများကို ချီးကျူးခဲ့သည်။

    “ကျွန်တော်တို့ တိုက်ပွဲဝင်နေတယ်။ ရုန်းကန်နေပါတယ်။ ဒါပေမယ့် အဲဒီလိုရုန်းကန်နေရင်းနဲ့ပဲ ကျွန်တော်တို့ဟာ လက်ဖျားခါလောက်အောင် ကစားနိုင်နေပါတယ်။ လူငယ်ကြယ်ပွင့် ကစားသမားတွေက အသင်းကို စိတ်ဓာတ်ကောင်းတွေ ပြန်လည် ဆောင်ကျဉ်းပေးလာပါတယ်။ အ၀တ်လဲခန်းကို ကြည့်မယ်ဆိုရင် ပျော်ရွှင်မှုတွေ အပြည့်ဖြစ်နေတာကို တွေ့ရမှာဖြစ်ပြီး သူတို့တွေ့ ရွှင်လန်းနေကြပါတယ်။ ဒါဟာ သိပ်ကိုလှပပါတယ်။ ဒါဟာ ကစားသမားတွေ ပုံမှန်ပြန်ဖြစ်လာဖို့ကိုလည်း အရှိန်မြှင့်ပေးလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • အီမရိတ်လေကြောင်းလိုင်းက ကမ္ဘာ့အရှည်ဆုံး ခရီးစဉ်တစ်ခုကို ပျံသန်း

    အီမရိတ်လေကြောင်းလိုင်းက ကမ္ဘာ့အရှည်ဆုံး ခရီးစဉ်တစ်ခုကို ပျံသန်း

    မတ် ၃၊ ၂၀၁၆
    M-Media

    plane

    – အီမရိတ်လေကြောင်းလိုင်းက Airbus A380 လေယာဉ်ဟာ ကမ္ဘာ့အရှည်ကြာဆုံး ပျံသန်းမှုအဖြစ် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကနေ နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့ကို မရပ်မနား ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

    ဗုဒ္ဓဟူးနေ့က ပျံသန်းခဲ့သည့် အဆိုပါ ခရီးစဉ်ဟာ မိုင်ပေါင်း ၈၈၂၄ မိုင် အကွာအဝေးရှိခဲ့ပြီး၊ ပြန်လည်ထွက်ခွာမယ့် လမ်းကြောင်းဟာလည်း အရှည်ဆုံးခရီးစဉ် ဖြစ်မှာဖြစ်ပါတယ်။ အပြန်ခရီးမှာတော့ ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်မှာ ၁၇ နာရီနဲ့ ၁၅ မိနစ်ခန့် လိုက်ပါရမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် ယခုလ နှောင်းပိုင်းမှာလည်း အီမရိတ်လေကြောင်းလိုင်းဟာ ဒူဘိုင်း-ပနားမား ခရီးစဉ်ကို ၁၇ နာရီနဲ့ ၃၅ မိနစ်ကြာ ပျံသန်းမှာ ဖြစ်တဲ့အတွက်ကြောင့် ယခုခရီးစဉ်ရဲ့ စံချိန်ဟာ သိပ်ကြာကြာခံမှာ မဟုတ်ပါဘူး။ ဒူဘိုင်း-အောက်ကလန် ခရီးစဉ် ပထမဆုံပျံသန်းမှုကို A380 လေယာဉ်နဲ့ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်း ပုံမှန်ပြေးဆွဲမှုမှာတော့ ဘိုးအင်း ၇၇၇ လေယာဉ်ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။

    “တိုးတက်တဲ့နည်းပညာနဲ့ ကောင်းမွန်တဲ့အစီအမံတွေရဲ့ အကူအညီကြောင့် ခရီးသည်တွေကို အချိန်အနည်းဆုံးနဲ့ တတ်နိုင်သမျှ မြန်မြန် အရောက်ပို့ဆောင်ပေးနိုင်မှာပါ” လို့ အီမရိတ်လေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    နယူးဇီလန်ပို့ဆောင်ရေးဝန်ကြီး ဆိုင်မွန် ဘရစ်ဂျက်စ်ကတော့ အချိန်သုံးနာရီလောက် လျှော့နိုင်ခဲ့တဲ့ ဒူဘိုင်း-အောက်ကလန် မရပ်မနားပျံသန်းမှုဟာ ဒူဘိုင်းနဲ့ နယူးဇီလန်ကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေတဲ့အပြင် နယူးဇီလန်နဲ့ တခြားနိုင်ငံတွေရဲ့ ဆက်ဆံရေးကိုလည်း တိုးတက်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီ တိုက်ရိုက်ပျံသန်းနိုင်မှုဟာ နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကို ပိုမိုအားပေးရာရောက်တဲ့အပြင် ခရီးသည်တွေအတွက်လည်း ပိုမိုရွေးချယ်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိစေပါတယ်” လို့ ဘရစ်ဂျက်စ်က ပြောကြားခဲ့ပါတယ်။

    Ref: Presstv