News @ M-Media

Blog

  • ညီမျှချင်းမြန်မာရဲ့ ဘာသာရေး လွတ်လပ်ခွင့် စာတမ်းထုတ်ပြန်

    ညီမျှချင်းမြန်မာရဲ့ ဘာသာရေး လွတ်လပ်ခွင့် စာတမ်းထုတ်ပြန်

    ဖေဖော်ဝါရီ ၂၉ ၊ ၂၀၁၆

    12744335_10154092172985864_7152297383243090825_n

    ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်တွေ ချိုးဖောက်ခံနေရတဲ့ ဖြစ်စဉ်တွေ အပေါ် လေ့လာ ပြုစုထားတဲ့ သုံးသပ်ချက် စာတမ်း ကို ညီမျှချင်းမြန်မာ (Equality Myanmar)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

    ရန်ကုန်မြို့ Orchid Hotel မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။

    ညီမျှချင်းမြန်မာ(Equality Myanmar)က ဒါရိုက်တာ ဦးအောင်မျိုးမင်းက သူတို့တွေ့ရှိ ချက်တွေကို အခုလို ပြောပါတယ်။

    “ဒီ သုတေသနကပြောမယ်ဆိုရင်တော့ အကြောင်းအရာအားလုံးကို ကျနော် အခြေအနေအလိုက် လိုက်ပြီးလုပ်ဆောင်တာမရှိပါဘူး၊ ဒါပေမယ့်ရရှိတဲ့ သတင်းပေါ်မူတည်ပြီးတော့ သုံးသပ်ဖြစ်ပါတယ်၊ ထင်ထင်ရှားရှားဖြစ်သွားတဲ့ ကိစ္စဖြစ်တဲ့ မန္တလေးက ဘာသာပေါင်းစုံကိစ္စတွေကို ဖမ်းတာတွေ၊ နောက် ရန်ကုန် မှာ မွတ်ဆလင်ဘာသာဝင်တွေကို ဈေးရောင်းခွင့်မပြုတာတွေ၊ နောက်တစ်ခုက ကရင်ပြည်နယ်မှာ ခရစ်ယာန်တွေ၊ ဘုရားကျောင်းထဲမှာ ဗုဒ္ဓဘာသာဘုန်း ကြီးကျောင်းအတင်းဖွဲ့တာတွေ၊ အဲ့ဒါကဖြစ်နေတာက အများကြီး၊ ဒါပေမယ့် ဖြစ်နေတဲ့ အကြောင်းအရာကို ထင်ထင်ရှားရှားနဲ့ တိတိကျကျပြောနိုင်မယ့် အကြောင်းအရာကို ပြောတာပါ”

    အဲ့ဒီသုံးသပ်ချက်စာတမ်းထဲမှာ မျိုးစောင့်ဥပဒေလေးရပ်စလုံးဟာ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်တွေကို ထိခိုက်နေကြောင်း ထည့်သွင်းထားတယ်လို့ ပြောပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နဲ့ပတ်သတ်လို့ နောက်တက်လာမယ့်အစိုးရသစ် ကို တိုက်တွန်းသွားမယ်လို့လည်း ပြောပါတယ်။

    အဲ့ဒီသုံးသပ်ချက်စာတမ်းကို မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက လူ့အခွင့်ရေးလေ့လာသူတွေ စုပေါင်းပြီး ပြုစုထား တာဖြစ်တယ်လို့ သိရပါတယ်။

    ဓါတ်ပုံ – ဦးအောင်မျိုးမင်း FB
    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    မူရင်း http://www.rfa.org/burmese/news/equality-myanmar-statement-02282016121643.html

  • Arakan Army(AA) အဖွဲ့နှင့် ဆက်စပ်သည့် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းမိကြောင်း အစိုးရ သတင်းထုတ်ပြန်

    Arakan Army(AA) အဖွဲ့နှင့် ဆက်စပ်သည့် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းမိကြောင်း အစိုးရ သတင်းထုတ်ပြန်

    မသင်္ကာဖွယ်တွေ့ရှိသည့်ကားအား လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

    12795529_840709949390206_6469478498668074168_n

    နေပြည်တော် ဖေဖော်ဝါရီ ၂၈

    ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၆ ရက် နံနက် ၂ နာရီ ၂၀ မိနစ်တွင် သက်သေများနှင့်အတူ လှည့်ကင်း ဆောင်ရွက်နေစဉ် နတ်မောက်ရပ်ကွက် ဦးထွန်းမြတ်လမ်း၊ Victor International School ရှေ့အရောက် မီးဖွင့်ပြီး စက်နှိုးရပ်ထားသော Toyota Hilux Vigo ယာဉ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ အလုံမြို့နယ် ထော်လီကွေ့ စောရန်ပိုင်အနောက်ရပ်ကွက် နွယ်သာကီလမ်းနေ Arakan Army(AA) အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အောင်မြတ်ကျော်(ခ) ညီညီစိုး(ခ) မင်းခန့် (ခ) ညီညီ(၂၆) နှစ်အား ယာဉ်ပေါ်မှ Austria နိုင်ငံလုပ် GNP-190 နံပါတ်ပါ 9MM သံကိုယ်ထည် အနက်ရောင် ပစ္စတို (၁)လက်နှင့် ဆက်စပ်ပစ္စည်း(၁၄)မျိုးအားတွေ့ရှိသဖြင့် တာမွေမြို့မရဲစခန်းတွင် လက်နက်များ အက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

    စစ်ဆေးချက်အရ ၎င်းသည် ဝေသာထွန်း(ခ)မျိုးဇော်(၃၃)နှစ်နှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်တွင် ငှားရမ်းနေထိုင်ကြောင်းသိရှိရသဖြင့် သွားရောက် ရှာဖွေရာ ဝေသာထွန်း(ခ)မျိုးဇော်အား မတွေ့ရှိသော်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ် အတွင်းမှ စစ်သုံးအီကွေးမင့်(၄၂)ခု၊ အစိမ်းရောင်ပြောက်ကြား ကျောပိုးအိတ်(၈၀)အိတ်၊ အစိမ်းရောင်စစ်ဘေးလွယ်အိတ်(၇၀)လုံး၊ ၎င်းကြိုး(၆၀)၊ Bushnell စာတန်းပါ ညကြည့်မှန်ပြောင်း(၅)ခု၊ ICOM IC-V8 စာတန်းပါ အစိမ်းရောင် စကားပြောစက်(၂၁)လုံး၊ Compass စာတန်းပါသံလိုက်အိမ်မြှောင်(၉)လုံး၊ GARMIN စာတန်းပါ GPS(၁)လုံး၊ စစ်သုံးအစိမ်းရောင် ပလတ်စတစ်မြေယာခင်း(၈၉)ထည်၊ လက်လုပ် မိုင်း၊ လက်ပစ်ဗုံး၊ မြေမြှုပ်ဗုံးများပြုလုပ်ရာတွင် အသုံးပြုသည့် ပလတ်စတစ်ကော်ပိုက် (အမာ)အပိုင်းအစများ၊ သံပြား(၄)ပြား၊ ကော်ပြား(၁)ပြား၊ ယာဉ်နံပါတ်ပြား(၁)ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၅၀ တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဘုမ္မာလမ်းသွယ်တွင် ဝေသာထွန်း(ခ)မျိုးဇော်အား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ နှစ်ဦးအား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေပုဒ်မတို့ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

    ဆက်လက်ပြီး ဝေသာထွန်း(ခ)မျိုးဇော် နေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဘုမ္မာ(၂)လမ်းနေအိမ်သို့ သွားရောက်ရှာဖွေရာ လှေကားအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၃၃၀၈၀ဝ)ပြား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ(၁၀)ရက်တွင် လွန်ခဲ့သော(၆)လခန့်က ဝေသာထွန်း(ခ)မျိုးဇော် ငှားရမ်းနေထိုင်ခဲ့သည့် လှိုင်သာယာမြို့နယ်၊ အတွင်းပဒံရွာ၊ ရွှေကမ်းသာယာအိမ်ရာ နေအိမ်သို့ သွားရောက်ရှာဖွေရာ AK ကျည်ဘောက် (၁၉)ခု၊ AK ကျည်(၇၀၄၀)တောင့်၊ 12.7 လေယာဉ်ပစ် စက်သေနတ် ကျည်(၄၄၀)တောင့်၊ RTA47 စက်လတ်ကျည်(ခါးပတ် ၁၃ တွဲကျည်ပါ) ၁၀၀၀ တောင့်၊ AK လေ့ကျင့်ရေးကျည် (၁၉၅)တောင့်၊ စက်လတ်ကျည်အိမ်ဝိုင်း(၂)ခု၊ M34 မီးခိုးဗုံး (၄)လုံး၊ လက်နက်ကြီးပို့ကျည် (၁၂)လုံး၊ TNT ယမ်းထုပ်(၂၀၀ ဂရမ်စီပါ) (၅၆)ထုပ်၊ မီးရှို့စနက်တံကြိုး(ရိုးရိုး) ၉၄ ပေ၊ ၆ လက်မ ၊ မီးရှို့စနက်တံချောင်း(၁၉၅)ချောင်းနှင့် RTA 74 စက်လတ်ကျည်ခါးပတ်(၂)ခုတို့ သိမ်းဆည်းရမိသဖြင့် ၎င်းတို့နှစ်ဦးအပြင် နေအိမ်တွင်နေထိုင်သည့် ကျော်စိန် (စိစစ်ဆဲ)၊ အေးချမ်း(စိစစ်ဆဲ)တို့အား သောင်ကြီးနယ်မြေ ရဲစခန်း(ပ)၈၀/၂၀၁၆၊ လက်နက်များအက် ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

    12795333_840709952723539_6372762973297342225_n

    အဆိုပါတရားခံ၏ စစ်ဆေးပေါ်ပေါက်ချက်အရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီးကျေးရွာ အုပ်စုရှိ Arakan Army (AA)အဖွဲ့၏ ပုဇွန်ကန် အဆောက်အဦးအနီးတွင် တူးဖော်ရှာဖွေခဲ့ရာ RPG (၆)လက်၊ ပါရီ(၇)လက်၊ စနိုက်ပါ (၄)လက်၊ RPG ဗုံးသီး(၃၉)လုံး၊ RPG ပို့ကျည် (၅၀)တောင့်၊ ကျည်အိမ်(၇၀)ခု၊ ကျည် (၁၁၁၉၇)တောင့်၊ TNT ယမ်းတုံး(၄၅)တုံး၊ စနက်တံ (၂၅၄)ခု၊ ယမ်းကြိုး ထုပ် (၁၀)ထုပ်၊ မှန်ပြောင်း(၂)ခု၊ ဓါတ်ခဲ(၁၄)လုံး၊ ဒီတိုနေတာ(၄)ခု၊ Laser Scope (၁)ခု တို့အား သိမ်းဆည်းရမိသည်။

    ထို့အပြင် အဆိုပါတရားခံများသည် လက်နက်/ခဲယမ်းများအား၂၀၁၄ ခုနှစ်အတွင်း ပြင်ဦးလွင် လမ်းကြောင်းမှ (၂)ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ပြင်ဦးလွင် လမ်းကြောင်းမှ(၆)ကြိမ်၊ ဘားအံလမ်းကြောင်းမှ (၁၀)ကြိမ်၊ စုစုပေါင်း(၁၈)ကြိမ် ရန်ကုန်မြို့သို့ ကိုယ်ပိုင် မော်တော် ယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြောင်း၊ ဆက်လက်၍ ရန်ကုန်မြို့တွင် ပြန်လည်ထုပ်ပိုးပြီး လိုင်းကားဖြင့်(၃)ကြိမ်၊ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် (၁၁)ကြိမ်၊ စုစုပေါင်း(၁၄)ကြိမ်ခွဲ၍ စစ်တွေ မြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်အတွင်း စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သော လက်နက်/ခဲယမ်း အရေအတွက် စုစုပေါင်းမှာ လက်နက်ငယ်(၃၄၅)လက်၊ လက်နက်ငယ်ကျည် မျိုးစုံ(၈၀,၂၀၀)တောင့်၊ RPG(၁၆)လက်၊ RPG ဗုံးသီး(၂၁၃)လုံး၊ လက်ပစ်ဗုံး (၃၀၀)လုံး၊ TNT ယမ်း(၇၅၀)တောင့်၊ မိုင်း(၄၀)လုံး၊ ဆက်သွယ်ရေး အထိုင်စက်(၂)လုံး၊ လမ်းလျှောက် စကားပြောစက်(၃၃)လုံး၊ ချပ်ဝတ်(၁၅၀)စုံနှင့် အခြားဆက်စပ်ပစ္စည်းမျိုးစုံဖြစ်ကြောင်း သိရသည်။

    ထိုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းထားသော အောင်မြတ်ကျော်(ခ)ညီညီစိုးသည် Arakan Army (AA) မှ စစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် အဆင့်ရှိ ထွန်းမြတ်နိုင်၏ တပည့်ဖြစ်ကြောင်း၊ ၎င်းမှ ဒုတိယဗိုလ်မှူးကြီးအဆင့် ရာထူးတိုးမြှင့်ပေး၍ လက်နက်များဝယ်ယူရန် တာဝန်ပေးအပ် ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၊ မေလမှစတင်၍ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး လက်နက်/ခဲယမ်းများ ၀ယ်ယူသယ်ဆောင်မှုများ ဆောင်ရွက်နေခဲ့ရာမှ ဖေဖေါ်ဝါရီ(၆)ရက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း Arakan Army (AA) မှ ဗိုလ်မှူးချုပ်အဆင့်ရှိ ထွန်းမြတ်နိုင်သည် ရခိုင်အမျိုးသား ပါတီမှ ဦးစံကျော်လှ၏ သမီးဖြစ်သူ မဇာဇာ(နှင်းဇာဖြူ)နှင့်လက်ထပ်ထားကြောင်း ထွက်ဆိုချက် များအရသိရ သည်။

    အဆိုပါဖမ်းဆီးရမိသော တရားခံများ၏ ထွက်ဆိုချက်များအရ Arakan Army (AA)မှ ဗိုလ်မှူးချုပ်အဆင့်ရှိ ထွန်းမြတ်နိုင်သည် AA အဖွဲ့အတွက် လက်နက်/ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းများဝယ်ယူရန် မူးယစ်ကုန်သည်နှင့် ချိတ်ဆက်ကာ စစ်တွေသို့ မူးယစ် ဆေးဝါးများ ပို့ဆောင်ရောင်းချခဲ့ကြောင်း၊ မူးယစ်ဆေးဝါးရောင်းချရရှိငွေများအား AA ဌာနချုပ်သို့ပေးပို့ရပြီး AA ဌာနချုပ်၏ အစီအစဉ်ဖြင့် လက်နက်/ခဲယမ်းများ ဝယ်ယူ၍ပို့ဆောင် ပေးခဲ့ရကြောင်းသိရှိရသဖြင့် Arakan Army (AA)အဖွဲ့၏ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်/ခဲယမ်းများ တရားမ၀င်ရောင်းဝယ်မှုများနှင့် ပါဝင်ပတ်သက်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

  • ရုရှားသတ္ထုတွင်းမတော်တဆမှု လူ ၃၀ ကျော်သေဆုံး၊ ပျောက်ဆုံးသူများမှာလည်း အသက်ရှင်ရန် မဖြစ်နိုင်တော့

    ရုရှားသတ္ထုတွင်းမတော်တဆမှု လူ ၃၀ ကျော်သေဆုံး၊ ပျောက်ဆုံးသူများမှာလည်း အသက်ရှင်ရန် မဖြစ်နိုင်တော့

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    russia mine

    – ရုရှနိုင်ငံ အာတိတ်ဒေသဖြစ်သော ကိုမီဒေသရှိ သတ္ထုတွင်းတစ်ခု မတော်တဆဖြစ်မှုအတွင်း သေဆုံးသူမှာ ယနေ့မနက်ပိုင်းအထိ ၃၆ ဦး ရှိလာခဲ့ပြီဟု သိရသည်။

    ဆီဗာနာယာဟု အမည်ရသည့် သတ္ထုတွင်းဖြစ်ပြီး မြေအောက်အနက် ၇၄၈ မီတာတွင် ကြာသာပတေးနေ့က ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ သတ္ထုတွင်းလုပ်သား ၄ ဦး သေဆုံးခဲ့သည်။ ထို့နောက်ပိုင်းတွင် ကယ်ဆယ်ရေးလုပ်သား ရာပေါင်းများစွာဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့သော်လည်း ယနေ့အထိ သေဆုံးသူမှာ ၃၆ ဦး ရှိလာခဲ့သည်။

    ထိုသေဆုံးမှုတွင် ယနေ့မနက်အစောပိုင်းက မီသိန်းဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် ကယ်ဆယ်ရေးသမား ၅ ဦးနှင့် သတ္ထုတွင်းလုပ်သားတစ်ဦး သေဆုံးမှုလည်း ပါဝင်သည်။ ပျောက်ဆုံးနေသည့် သတ္ထုတွင်းလုပ်သားများမှာ ၂၆ ဦးရှိနေပြီး ကျွမ်းကျင်သူများကမူ ၎င်းတို့မှာ အသက်ရှင်နိုင်မည့် အလားအလာမရှိဟု ပြောကြားခဲ့သည်။ အဆိုပါ သတ္ထုတွင်မတော်တဆမှုမှာ ရုရှားနိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံး မတော်တဆမှုများမှ တစ်ခုလည်းဖြစ်သည်။

    Ref: Channelnewsasia

  • အီရန်ပါလီမန်ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးသမားများက အသာရနေ

    အီရန်ပါလီမန်ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးသမားများက အသာရနေ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    iran 5

    – အီရန်နိုင်ငံတွင် ပြုလုပ်နေသည့် ပါလီမန်ရွေးကောက်ပွဲတွင် ကနဦးရလဒ်များအရ သမ္မတရူဟာနီဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးသမားများက အသာရနေသည်ဟု သိရသည်။

    ယနေ့မနက် ဒေသစံတော်ချိန် ၉ နာရီ ရလဒ်များရ မြို့တော်တီဟီရန်ရှိ ပါလီမန်နေရာ ၃၀ စလုံးအတွက် ပြုပြင်ပြောင်းလဲရေး ကိုယ်စားလှယ်များက အနိုင်ရရှိထားပြီး တိုင်းပြည်၏ နောက်ထပ် အဓိပတိကို ရွေးချယ်ကောက်တင်မြှောင်ပိုင်ခွင့်ရှိနေသည့် ပညာရှင်များကောင်စီတွင်လည်း ရူဟာနီနှင့် ၎င်း၏ မဟာမိတ် သမ္မတဟာင်း ဟာရှီမီ ရက်ဖ်ဆန်ဂျာနီတို့က အနိုင်ရရှိသူများတွင် ဦးဆောင်နေသည်။

    သို့သော်လည်း တိုင်းပြည်ရှိ အခြားအစိတ်အပိုင်းများတွင် ထိုကဲ့သို့ရလဒ်မျိုး ဖြစ်လာမည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ Reuters သတင်းဌာနက တရားဝင်ထုတ်ပြန်ခဲ့သည့် ရလဒ်အချို့ကို ဖော်ပြခဲ့ရာတွင် ပါလီမန်နေရာ ၂၉၀ တွင် သဘောထားတင်းမာသူများက ၁၀၆ နေရာ၊ ပြုပြင်ပြောင်းလဲရေးသမားများက ၇၉ နေရာနှင့် တစ်သီးပုဂ္ဂလက ၄၄ နေရာ ရရှိထားသည်ဟု သိရသည်။

    လက်ရှိအချိန်တွင် အီရန်ပါလီမန်ကို သဘောထားတင်းမာသူများက ချုပ်ကိုင်ထားပြီး ၎င်းတို့အားနည်းလာမှုက နျူ ကလီးယား သဘောတူညီချက်နောက်ပိုင်း နိုင်ငံခြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် သမ္မတရူဟာနီက လက်ကမ်းကြိုဆိုမှုကို ခိုင်မာစေမည်ဖြစ်သည်။

    Ref: Aljazeera

  • လျှပ်စစ်ကဏ္ဍအတွက် မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေ သုံးစွဲမှု ၅ နှစ်အတွင်း ၃ ဆ မြင့်တက်

    လျှပ်စစ်ကဏ္ဍအတွက် မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေ သုံးစွဲမှု ၅ နှစ်အတွင်း ၃ ဆ မြင့်တက်

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    power 2

    – မြန်မာနိုင်ငံမှာ ပြီးခဲ့သည့် ၅ နှစ်တာအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် ငွေကြေပမာဏ ၃ ဆ သုံးစွဲခဲ့သည်ဟု ယနေ့တွင်ထုတ်ပြန်သော တရားဝင်သတင်းအချက်အလက်အရ သိရသည်။

    ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရမှာ လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၄၈၁ သန်း သုံးစွဲခဲ့ပြီး ယခင် ၁၄၃ သန်းရှိရာမှ မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမော်သာထွေးက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် တစ်ဦးချင်း ဓာတ်အားသုံးစွဲမှုပမာဏမှာ ၂၂၂ ကီလိုဝပ်ရှိပြီး ၂၀၁၀ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ဓာတ်အား ၃၄၀၀ မဂ္ဂါဝပ် ဖြန့်ဖြူးနေရာမှ ၂၀၁၅ ခုနှစ်တွင် ၅၀၈၉ မဂ္ဂါဝပ်အထိ မြင့်တက်လာခဲ့သည်။ နိုင်ငံတစ်ဝှမ်းရှိ ကျေးရွာပေါင်း ၆၀၀၀၀ တွင် ၁၅၀၀၀ ကို ဓာတ်အားဖြန့်ဖြူးပေးထားနိုင်သည်။

    ဒုတိယ၀န်ကြီးကမူ ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်းအေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာအမျိုးသား ဓာတ်အားဖြန့်ဖြူးရေး စီမံကိန်းမှာ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်ပေးနိုင်ရေးကို ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၏ ၆၆ ရာခိုင်နှုန်းမှာ ရေအားလျှပ်စစ်မှ ရရှိခြင်းဖြစ်ပြီး ၂၉ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့မှ ရရှိခြင်းဖြစ်သည်။ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံမှာ စုစုပေါင်း ဓာတ်အားပမာဏ၏ ၃ ရာခိုင်နှုန်းနှင့် လေစွမ်းအင်၊ နေစွမ်းအင်နှင့် ဇီဝစွမ်းအင်တို့က ၁ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးလျက် ရှိနေသည်။

    Ref: Business-standard