News @ M-Media

Blog

  • အိန္ဒိယတွင် အမျိုးသားတစ်ဦးက မိသားစုဝင် ၁၄ ဦးကို သတ်ဖြတ်

    အိန္ဒိယတွင် အမျိုးသားတစ်ဦးက မိသားစုဝင် ၁၄ ဦးကို သတ်ဖြတ်

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    india 7

    – အိန္ဒိယနိုင်ငံရှိ အမျိုးသားတစ်ဦးမှာ ကလေးငယ် ၇ ဦးအပါအ၀င် ၎င်း၏ မိသားစုဝင် ၁၄ ဦးကို သတ်ဖြတ်ကာ ၎င်းကိုယ်တိုင်လည်း မိမိကိုယ်ကို သတ်သေသွားခဲ့သည်ဟု သိရသည်။

    မွမ်ဘိုင်းမြို့မှ ၃၂ ကီလိုမီတာအကွာတွင်ရှိသည့် သိန်းမြို့တွင် စနေနေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီ မိသားစုဝင်များ၏ တွေ့ဆုံပွဲတစ်ခုတွင် ထိုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    “လူသတ်သမားဖြစ်တဲ့ ဟက်စ်နင် အန်ဝါရ် ၀ါရီကာဟာ သူ့ရဲ့ မိဘတွေအပါအ၀င် မိသားစုဝင်အားလုံးကို သတ်ဖြတ်ပြီးနောက်ပိုင်း သူ့ကိုယ်သူ ကြိုးဆွဲချ သေခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂါဂျာနန် လက်စ်မန် ကဘ်ဒူလီက ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်တွင် ၀ါရီကာ၏ ညီမတစ်ဦးသာ အသက်ရှင်ခဲ့ပြီး၊ သန်ခေါင်ကျော်အချိန်တွင် သူမ၏ အကူအညီတောင်းသံကို ပတ်ဝန်းကျင်က ကြားပြီးနောက် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ သူမကိုမူ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။

    “ဒီတိုခိုက်မှုအတွင်းမှာ တစ်ဦးတည်းလွတ်မြောက်သူဖြစ်တဲ့ သူမဟာ ဆေးရုံမှာ တော်တော်လေး ကြောက်ရွံ့နေတဲ့အနေအထား ဖြစ်နေတာကြောင့် ကျွန်တော်တို့ စကားပြောလို့ မရသေးပါဘူး” ဟု ကဘ်ဒူလီက ထည့်သွင်းပြောကြားခဲ့သည်။

    အသက် ၃၅ နှစ်အရွယ်ရှီ ၀ါရီကာမှာ ၎င်း၏ မိသားစုဝင်များ၏ အစားအစာထဲတွင် အိပ်ဆေးခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ သို့သော်လည်း Indian Express သတင်းစာကမူ အားလုံးအိပ်နေသည့်အချိန်တွင် ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ လူသတ်သမားမှာ အိမ်ရှိတံခါးများအားလုံးကို ပိတ်ခဲ့ပြီးနောက် မိသားစုဝင်များ အိပ်သည့်အချိန်တွင် ၀င်ရောက်သတ်ဖြတ်ခဲ့ပြီး အသုံးပြုခဲ့သောဓားကို ၎င်း၏ အလောင်းအနီးတွင် တွေ့ရှိခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အီမရိတ်လေကြောင်းလိုင်းက ဒူဘိုင်း-ရန်ကုန် ခရီးစဉ် တိုက်ရိုက်ပြေးဆွဲမည်

    အီမရိတ်လေကြောင်းလိုင်းက ဒူဘိုင်း-ရန်ကုန် ခရီးစဉ် တိုက်ရိုက်ပြေးဆွဲမည်

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    emirat

    – အီမရိတ်လေကြောင်းလိုင်းမှာ ယူအေအီးနိုင်ငံမှ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများသို့ သြဂုတ်လမှ စတင်ကာ တိုက်ရိုက်ပျံသန်းမှု ပြုလုပ်တော့မည်ဟု ယခုတစ်ပတ်အတွင်း ကြေငြာခဲ့သည်။

    ဒူဘိုင်းမြို့မှ ရန်ကုန်နှင့် ဟနွိုင်းမြို့များသို့ ဘိုးအင်း 777-300ER လေယာဉ်များအသုံးပြုကာ သြဂုတ်လ ၃ ရက်နေ့မှ စတင်ကာ တိုက်ရိုက်ပျံသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ပင်လယ်ကွေ့ဒေသမှ တိုက်ရိုက်လေကြာင်းခရီးစဉ်များတွင် လက်ရှိအချိန်၌ ကာတာလေကြောင်းလိုင်းက ပြေးဆွဲသည့် ဒိုဟာ-ရန်ကုန် ခရီးစဉ်သာ ရှိသေးသည်။

    “နိုင်ငံအတွင်းမှာ ခရီးသွားလာရေးလုပ်ငန်းကို လမ်းဖွင့်ပေးခဲ့တာကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားခရီးသွားတွေ ပိုမိုတိုးမြင့် ရောက်ရှိလာတာကို တွေ့ရပါတယ်။ အထူးဖြင့် တိုင်းပြည်ရဲ့ ခရီးသွားစီးပွားရေးကို စိတ်ဝင်စားသူတွေနဲ့ သမိုင်းဝင်စေတီပုထိုးတွေကို စိတ်ဝင်စားသူတွေပါပဲ” ဟု အီမရိတ်လေကြောင်းလိုင်းမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ဘာသာရေးနှင့် ရှေဟောင်းအမွေအနှစ်နေရာများ၊ တောတောင်ရေမြေများနှင့် လှပသောကမ်းခြေများကြောင့် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်၌ ကမ္ဘာလှည့်ခရီးသွားပေါင်း ၁.၁ သန်း ၀င်ရောက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်ကထက်စာလျှင် ၂၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ထိုကြေငြာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

    အဆိုပါ လေယာဉ်မှာ ဒူဘိုင်းမှ ဒေသစံတော်ချိန် မနက် ၂ နာရီ ၅၀ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ မနက် ၁၁ နာရီ ၅ မိနစ်၊ ဟနွိုင်းသို့ နေ့လည် ၂ နာရီ ၅၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ရန်ကုန်မှ မနက် ၁ နာရီ မိနစ် ၅၀ တွင် ပြန်ထွက်မည်ဖြစ်သည်။

    Ref: yangoncoconts

  • စစ်တပ်နှင့် ရဲတို့က လုံခြုံရေးမပေးသောကြောင့် ကချင်ပြည်နယ်ရှိ ခရစ်ယာန်အဖွဲ့က ဘိန်းခင်းများ ဖျက်ဆီးရန် အစီအစဉ်ကို ရပ်ဆိုင်း

    စစ်တပ်နှင့် ရဲတို့က လုံခြုံရေးမပေးသောကြောင့် ကချင်ပြည်နယ်ရှိ ခရစ်ယာန်အဖွဲ့က ဘိန်းခင်းများ ဖျက်ဆီးရန် အစီအစဉ်ကို ရပ်ဆိုင်း

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    pat jassan
    Pat Jasan အဖွဲ့မှ အဖွဲ့ဝင်တစ်ချို့

    – မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ယခု သီတင်းပတ်အတွင်း ဘိန်ခင်းများကို ဖျက်ဆီးရန် ကြိုးစားရာ၌ ဟန့်တားမှုများနှင့် ကြုံတွေ့ခဲ့ရသည့် ဒေသခံ ခရစ်ယာန်အဖွဲ့ Pat Jasan က ၎င်းတို့၏ ဘိန်းခင်းဖျက်ဆီးရေး လုပ်ငန်းကို ရပ်တန့်ခဲ့သည်ဟု သိရသည်။

    အဆိုပါအဖွဲ့မှာ ၀ိုင်းမော်မြို့အပြင်ဘက်ရှိ ဘိန်းခင်းမျာကို ဖျက်ဆီးရန် သီတင်းပတ် အစောပိုင်းက ကြိုးစားခဲ့ခြင်းဖြစ်ပြီး အစပိုင်းတွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့၏ ဟန့်တားမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့နောက် ကြာသာပတေးနေ့တွင် Pat Jasan အဖွဲ့ဝင်များက ဘိန်းခင်းများဖျက်ဆီးရန် စုပေါင်းချီတက်ရာတွင် ဖောက်ခွဲရေးပစ္စည်းများ၊ ကျောက်တုံးများ ကိုင်ဆောင်ထားသည့် လူအုပ်ကြီး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အမျိုးသမီးများအပါအ၀င် အနည်းဆုံး လူ ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။ Pat Jasan အဖွဲ့ကမူ ဒေသခံရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က ၎င်းတို့အား လုံးခြုံရေးမပေးနိုင်ဟု ပြောဆိုခဲ့သောကြောင့် ၎င်းတို့၏ ဘိန်းခင်းဖျက်ဆီးရေး ကြိုးပမ်းမှုကို ရပ်တန့်လိုက်ပြီဟု ယနေ့တွင် ကြေငြာခဲ့သည်။

    “ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ရပ်တန့်လိုက်ပြီး အဖွဲ့ဝင်တွေကလည်း မြို့ကို ပြန်နေပါပြီ” ဟု ၀ိုင်းမော်မြို့ရှိ Pat Jasan အဖွဲ့မှ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သူ Lum Hkawng က ပြောကြားခဲ့သည်။

    ထို့ပြင် အာဏာပိုင်များမှာ ၎င်းတို့အား ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ခေါင်းဆောင်တွေက အစိုးရတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သွားတွေ့တဲ့အခါ သူတို့က လုံခြုံရေးမပေးနိုင်ဘူးလို့ ပြောပါတယ်။ စစ်တပ်ကလည်း သူတို့ လုံခြုံရေးမပေးနိုင်တာကြောင့် ကျွန်တော်တို့က ဗဟိုအစိုးရနဲ့ တိုက်ရိုက်စကားပြောရမယ်လို့ ပြောခဲ့ပါတယ်”

ုမြန်မာအစိုးရက မူးယစ်ဆေးဝါးကုန်သွယ်မှုကို အမြစ်ဖြတ်မည်ဟု အကြိမ်ကြိမ်ပြောကြားထားသော်လည်း မြန်မာနိုင်ငံမှာ အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံ ဖြစ်နေသည်။

    Ref: Dailymail

  • ဂျစ်ဒါတွင် အာရှရုပ်ရှင်ပွဲတော် ကျင်းပ

    ဂျစ်ဒါတွင် အာရှရုပ်ရှင်ပွဲတော် ကျင်းပ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    film

    – အာရှ ကောင်စစ်ဝင်များကလပ် (ACGC) က ကြီးမှူးကျင်းပတဲ့ ၉ ကြိမ်မြောက် အာရှရုပ်ရှင်ပွဲတော်ကို ဆော်ဒီအာရေဗျနိုင်ငံက ဂျစ်ဒါမြို့မှာရှိတဲ့ ဂျပန်ကောင်စစ်ဝန် မာတာ ဟီရို ယာမာဂူချီရဲ့ နေအိမ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ၎င်းရုပ်ရှင်ပွဲတော်မှာ အာရှနိုင်ငံ ၁၃ နိုင်ငံ ပါဝင်မှာဖြစ်ပြီး ပါကစ္စတန်၊ တောင်ကိုးရီးယား၊ တရုတ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုးနီးရှားတို့က ရုပ်ရှင် ၁၀ ကားကို ပြသသွားမှာဖြစ်ပါတယ်။ ကြာသာပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲမှာတော့ ဂျပန်ရုပ်ရှင်ကားဖြစ်တဲ့ “Always Sunset on Third Street” ကို ပြသခဲ့ပါတယ်။

    ဖွင့်ပွဲအခမ်းအနားမှာ ဆော်ဒီဂုဏ်သရေရှိလူကြီးများ၊ သံအရာရှိများ၊ ရုပ်ရှင်ချစ်သူများ အပါအ၀င် ဖိတ်ကြားထားသူ ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး အရသာရှိတဲ့ ဂျပန်အစားအသောက်တွေနဲ့လည်း ဧည့်ခံကျွေးမွေးခဲ့ပါတယ်။

    “ရုပ်ရှင်ဆိုတာ နိုင်ငံ့ယဉ်ကျေးမှုရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍ တစ်ရပ်ပါပဲ၊ လူ့ဘ၀သရုပ်သကန် တစ်ခုလည်း ဖြစ်တဲ့အပြင် နိုင်ငံတစ်နိုင်ငံက ပြည်သူတွေရဲ့ စိတ်ကူးပုံဖော်ချက်လည်း ဖြစ်ပါတယ်။ ရုပ်ရှင်အနုပညာဟာ နေ့စဉ်နဲ့အမျှ တိုးတက်နေပါတယ်။ ပွဲတော်အတွင်း ပြသမယ့် ရုပ်ရှင်တွေကတော့ ဂျစ်ဒါမှာရှိတဲ့ ACGC အဖွဲ့ဝင် အာရှနိုင်ငံတွေက ဖြစ်ပါတယ်” လို့ ကောင်စစ်ဝန် ယာမာဂူချီက ပြောကြားခဲ့ပါတယ်။

    ဆုတံဆိပ် ၉ ဆုရရှိခဲ့တဲ့ “Always Sunset on Third Street” ဇာတ်ကားကို ဒါရိုက်တာ တာကာရှီ ယာမာဇာကီက ရိုက်ကူးခဲ့တာဖြစ်ပြီး နွမ်းပါးတဲ့ဒေသတွေက လက်လုပ်လက်စားသမားတွေရဲ့ တစ်ဦးအပေါ်တစ်ဦး မှီခိုနေရတာတွေကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

    သောကြာနေ့မှာတော့ ပါကစ္စတန်ရုပ်ရှင်ကားဖြစ်တဲ့ “မာလာလာ” ကို ပြသခဲ့ပြီး နောက်ရက်တွေမှာ တောင်ကိုးရီးဒရာမာဇာတ်လမ်းဖြစ်တဲ့ “How to steal a dog” နဲ့ နာမည်ကျော်အီတလီရုပ်ရှင် “The Name of the Rose” ကို ပြသဖို့ ရှိနေပါတယ်။

    Ref : Arab News

  • ဂျွန်တယ်ရီမရှိသည့် ချယ်ဆီးအတွက် လမ်းပတ် စိုးရိမ်နေ

    ဂျွန်တယ်ရီမရှိသည့် ချယ်ဆီးအတွက် လမ်းပတ် စိုးရိမ်နေ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    terry

    – အသင်းခေါင်းဆောင် ဂျွန်တယ်ရီမရှိတော့မည့် ချယ်ဆီး၏အနာဂတ်အား မိမိအနေဖြင့် စိုးရိမ်မိသည်ဟု ကွင်းလယ်လူဟောင်း လမ်းပတ်က ပြောကြားလိုက်သည်။

    တယ်ရီမှာ ရာသီကုန်တွင် သက်တမ်းတိုးတော့မည်မဟုတ်ဘဲ လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာတော့မည်ဟု ပြီးခဲ့သည့် ဇန်န၀ါရီက ပြောကြားခဲ့သည်။ ချယ်ဆီးတွင် ၁၀ စုနှစ်တစ်ခုကျော်ကြာ ကစားကာ ၂၀၁၄ ခုနှစ်က ထွက်ခွာခဲ့သည့် လမ်းပတ်ကမူ တယ်ရီထွက်သွားပြီးနောက် ချယ်ဆီးမှာ အမှတ်သညာပျောက်ဆုံးသွားမည့် အန္တရာယ်ကို ထောက်ပြခဲ့သည်။

    “အသင်းရဲ့ တကယ်အမှတ်သညာပုဂ္ဂိုလ်တွေ ဘယ်ရောက်သွားမလဲဆိုတာကို ကျွန်တော် စိုးရိမ်မိပါတယ်။ အသင်းကြီးတစ်သင်းဖြစ်ဖို့အတွက် ကိုယ်ရည်ကိုယ်သွေးပြည့်တဲ့သူတွေ လိုအပ်ပါတယ်။ ကျွန်တော်ရှိတဲ့အချိန် ဂျွန်တယ်ရီ၊ အက်ရှ်လေကိုးလ်၊ ပီတာချက်၊ ဒီဒီယာဒရော့ဘာတို့ ရှိတဲ့အချိန်မျိုးကို ပြန်ဂုဏ်ဖော်ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အသင်းကို အခု ကျွန်တော် ကြည့်တဲ့အခါ ဂျွန်တယ်ရီက တစ်ဦးတည်းသော အမှတ်သညာ ဖြစ်နေပါတယ်” ဟု လမ်းပတ်က ပြောကြားခဲ့သည်။

    ထို့ပြင် ချယ်ဆီးအနေဖြင့် နာမည်ကြီးကစားသမား ၂ ဦး သို့မဟုတ် ၃ ဦးအထိ ၀ယ်ယူရမည်ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၁၁ ၌ ရှိနေမှုမှာ ချယ်ဆီးအတွက် အဓိပ္ပါယ်မရှိသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal