News @ M-Media

Blog

  • မော်ရင်ဟို မန်ယူရောက်မည်ဆိုခြင်းက မဟုတ်မမှန်သတင်းဟု ဗန်ဂါးလ်ပြော

    မော်ရင်ဟို မန်ယူရောက်မည်ဆိုခြင်းက မဟုတ်မမှန်သတင်းဟု ဗန်ဂါးလ်ပြော

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁၆
    M-Media

    van gal 3

    – မိမိနေရာတွင် မော်ရင်ဟိုက အစားဝင်တော့မည်ဆိုသည့် သတင်းများမှာ ကျော်မကောင်းကြားမကောင်းသည့် မဟုတ်မမှန် သတင်းများသာဖြစ်သည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ချယ်ဆီးမှ ဒီဇင်ဘာလအတွင်းက ထုတ်ပယ်ခံခဲ့ရပြီးနောက် မော်ရင်ဟိုမှာ မန်ယူသို့ ရောက်ရှိတော့မည်ဟု သတင်းများ တောက်လျှောက် ထွက်ပေါ်နေသည်။ ဗန်ဂါးလ်ကမူ ထိုသတင်းများအတွက် ပြစ်တင်ပြောဆိုခဲ့ပြီး အသင်းအနေဖြင့်လည်း ပြန်လည်တုံ့ပြန်ခြင်း မပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    “သူက ကိစ္စတော်တော်များများကို အကြိမ်တော်တော်များများ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှ မပြောပါဘူး။ ဒါကြီးတစ်ခုလုံး အဓိပ္ပါယ်မရှိဘူးဆိုတာကို ကျွန်တော်တွေ့ခဲ့ပါတယ်။ မီဒီယာမှာ ကျွန်တော်ဖတ်ရတဲ့၊ လုပ်ကြံဖန်တီးထားတဲ့ ဒီကိစ္စတွေကို မန်ယူအနေနဲ့ မတုံ့ပြန်စေချင်ပါဘူး။ အသင်းနဲ့ ကျွန်တော်ကိုယ်တိုင်လည်း ဒီသတင်းကို ငြင်းပယ်ကာ မီဒီယာတွေ မျက်စိစပါးမွှေးဆူးအောင် လုပ်မှာမဟုတ်ပါဘူး။ အခု ဖြစ်ပျက်နေတာ အားလုံးက လုံးဝ မဟုတ်မမှန်သတင်းတွေပါပဲ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မြောက်ကိုးရီးယားကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ အမေရိကန်နဲ့တရုတ် တောင်းဆို

    မြောက်ကိုးရီးယားကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ အမေရိကန်နဲ့တရုတ် တောင်းဆို

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    north

    – မြောက်ကိုးရီးယားရဲ့ နျုကလီးယားစမ်းသပ်မှုနဲ့ ဒုံးကျည်ပစ်လွှတ်မှုအပေါ် ပိုပြီး ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်သွားဖို့ တောင်းဆိုထားတဲ့ မူကြမ်းတစ်ခုကို အမေရိကန်နဲ့ တရုတ်တို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်သွင်းလိုက်ပါတယ်။

    အဲဒီမူကြမ်းဟာ မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီကို ပထမဆုံးတင်သွင်းတဲ့ မူကြမ်းဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး စမန်သာပါဝါက မြောက်ကိုရီးယားကို ၀င်ထွက်သွားလာတဲ့ ကုန်သင်္ဘောဘောတွေကို မဖြစ်မနေစစ်ဆေးမှုလုပ်ဖို့ မူကြမ်းမှာ ဖော်ပြထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ အဓိက ထပ်မံဆောင်ရွက်ချက်ဖြစ်ပြီး၊ နယ်ပယ်ပိုများများမှာ ပိုပြီးတင်းတင်းကြပ်ကြပ်နဲ့ ဟာကွက်မရှိ ဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ လုပ်နေကြပုံစံထဲကနေထွက်ပြီး နည်းလမ်းသစ်ချဲ့ထွင်လိုက်တာ ဖြစ်ပါတယ်” လို့ ပါဝါက ပြောကြားခဲ့ပါတယ်။

    အဆိုပါမူကြမ်းဟာ မြောက်ကိုးရီးယားရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့ကြားက သဘောတူညီမှုတစ်ခုရဲ့ ရလဒ်ဖြစ်ပြီး၊ တရုတ်အနေနဲ့ ၎င်းရဲ့အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံအပေါ် နိုင်ငံရေးမူဝါဒပြောင်းလဲလာမှုကို အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ကုလလုံခြုံရေးကောင်စီကတော့ အဲဒီ မူကြမ်းကို ဒီသီတင်းပတ်အဆုံးမှာ မဲခွဲဖို့ ရှိနေပါတယ်။

    Ref: Al-jazeera

  • ကင်ဆာအား ဆေးနည်းနည်းဖြင့် ပုံမှန်ကုသခြင်းသာ အကောင်းဆုံးဖြစ်

    ကင်ဆာအား ဆေးနည်းနည်းဖြင့် ပုံမှန်ကုသခြင်းသာ အကောင်းဆုံးဖြစ်

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    cancer

    – ကင်ဆာရောဂါကနေ သက်သာစေဖို့အတွက် နည်းလမ်းသစ်တစ်ခုကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပြီး အဲဒီနည်းလမ်းက ဆေးပြင်းပြင်းတွေထက် ပုံမှန်ဆေးနဲ့ပဲ ရေရှည်ဆွဲကုတဲ့နည်း ဖြစ်တယ်လို့ အင်္ဂလိပ်သတင်းစာ The Telegraph က ဖော်ပြလိုက်ပါတယ်။

    လက်ရှိသုံးစွဲနေတဲ့ ကင်ဆာကုထုံးတွေမှာ ကင်ဆာကြိတ်တွေကို ဖယ်ရှားချင်တဲ့အတွက် ဓာတုဆေးပြင်းပြင်းတွေ အများကြီးသုံးစွဲရတဲ့ ပြင်းထန်တဲ့ကုသနည်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် အဲဒီနည်းလမ်းနဲ့ ကင်ဆာ လုံးဝပျောက်ကင်းသွားတာက နည်းပါးတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ဘေးထွက်ဆိုးကြိုးတွေကလည်း အရမ်းများပြီး ဆံပင်ကျွတ်တာတွေကနေ ခန္ဓာကိုယ်အတွင်း ခုခံအားပျက်ဆီးကာ သွေးအားနည်းရောဂါတွေအထိ ဖြစ်ပွားနိုင်ပါတယ်။

    ပြင်းထန်တဲ့ဓာတုကုထုံးတွေဟာ ကင်ဆာကို ပိုမိုဆိုးရွားလာစေပြီး ဆေးယဉ်ပါးကင်ဆာဆဲလ်တွေ ပိုများလာစေကာ နောက်ထပ်ကင်ဆာရောဂါ ပြန်ဖြစ်လာပြီဆိုရင် သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိတယ်လို့ ကျွမ်းကျင်သူအချို့က ယုံကြည်နေကြပါတယ်။

    ဆေးယဉ်ပါးနေတဲ့ ကင်ဆာဆဲလ် ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သိပ္ပံပညာရှင်တွေက နည်းလမ်းသစ်တစ်ခုကို တွေ့ရှိခဲ့ပြီး အဲဒါကတော့ ကင်ဆာဆဲလ်တွေကို လုံးဝ ဖယ်ရှားဖို့ ကြိုးစားတာထက်စာရင် ဆေးကို တုံ့ပြန်နိုင်စွမ်းရှိတဲ့ ကင်ဆာဆဲလ်အချို့ကို ဒီအတိုင်း လွှတ်ထားပေးလိုက်တဲ့ နည်းမျိုးဖြစ်ပါတယ်။

    ဖလော်ရီဒါပြည်နယ်၊ တမ်ပါမြို့က H Lee Moffitt ကင်ဆာနှင့်သုတေသနဌာနမှ ဒေါက်တာ ရောဘတ် ဂါတင်ဘီ ဦးဆောင်တဲ့ အမေရိကန်ဆေးပညာရှင် အုပ်စုတစ်ခုဟာ မတူညီတဲ့ ရင်သားကင်ဆာဖြစ်နေတဲ့ ကြွက်တွေကို paclitaxel လို့ခေါ်တဲ့ ဓာတုကုထုံးနဲ့ စမ်းသပ်ကုသခဲ့ပါတယ်။

    အဲဒီကုထုံးအရ ပထမတော့ ကြွက်တွေမှာဖြစ်တဲ့ ကင်ဆာဆဲလ်တွေဟာ ရှုံ့တွသွားပြီး ကုသမှုရပ်လိုက်တာနဲ့တပြိုင်နက် ဆဲလ်တွေ ပြန်လည်ကြီးထွားလာပါတယ်။ ဒါပေမယ့် အစကတည်းက ဆေးပြင်းပြင်းတွေသုံးပြီး ကုသတာထက် ဆေးနည်းနည်းကို ပုံမှန်သုံးစွဲခြင်းဟာ ကင်ဆာပျံ့ပွားမှုကို ထိန်းချုပ်ပေးနိုင်မှာဖြစ်တယ်လို့ ဒီလေ့လာမှုအရ တွေ့ရှိရပါတယ်။

    ဒီစမ်းသပ်မှုဟာ တော်တော်လေးထိရောက်ခဲ့ပြီး အချို့ကြွက်တွေကို အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ ဆေးဖြတ်လိုက်တဲ့အခါမှာတော့ ရောဂါကြောင့် ဆုတ်ယုတ်မှုမရှိဘဲ ကျန်းကျန်းမာမာ နေထိုင်နိုင်တာကို တွေ့ခဲ့ရပါတယ်။

    Ref: IINA

  • မွတ်စလင်များရဲ့ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်ဆေးခန်း

    မွတ်စလင်များရဲ့ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်ဆေးခန်း

    ကျော်ရင်မြင့် ရေးသည်။
    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလထုတ် မော်ကွန်း မဂ္ဂဇင်းမှကူးယူဖော်ပြပါသည်။

    Phyu Sin Myit tar

    မုံရွာနယ်က လမ်းအလုပ်သမားတစ်ယောက် နှလုံးဆို့ရှင်တွေ ပျက်ဆီးလို့ ဆေးရုံတက်ရပါတယ်။ နှလုံးခွဲစိတ်ကုသရမယ်၊ မကုသနိုင်ရင်တော့ အသက်ရှည်ဖို့ ခက်တယ်။ လမ်းခင်းရာမှာ အလုပ်ကြမ်းလုပ်ရတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ငွေကျပ်သိန်း ၂၀-၂၅ လောက် အကုန်အကျခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုအခြေအနေမှာ နတ်ပြည်က သိကြားမင်းဆင်းကယ်သလို ကူညီမယ့်သူပေါ်လာတယ်။ မြင့်မြတ်ဖြူစင်တဲ့။

    မြင့်မြတ်ဖြူစင်ဆိုတာ မွတ်စလင် ကုသိုလ်ဖြစ်အထူးကု ဆေးခန်းပါ။ မန္တလေးမြို့ စကြာနွယ်စင်ရပ်မှာ တည်ရှိတယ်။ လူမျိုး၊ ဘာသာမရွေး လူတန်းစား မခွဲခြားဘဲ ကျန်းမာရေးအတွက် အကူအညီပေးနေသူတွေ ဖြစ်ပါတယ်။

    နှလုံးနဲ့သွေးကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာဦးခင်မောင်ထွေးရဲ့ အလုပ်ခွင်ကိုသွားလည်စဉ်က လမ်း အလုပ်သမလေးကို ဆေးရုံ ခုတင်ထက်မှာ ကျွန်တော်တွေ့ခဲ့ရဖူးတယ်။ သူ့ကိုအားပေးစကားပြောတယ်။ လူသားအချင်းချင်း စာနာမှု အကူအညီတွေရလို့ ဗုဒ္ဓဘာသာဝင် ကိုးကွယ်တဲ့ လမ်းအလုပ်သမလေးဟာ မွတ်စလင်များရဲ့ မြင့်မြတ်ဖြူစင် ကထောက်ပံ့ အသက်ကယ်ပေးလို့ ကျန်းမာ ရွှင်လန်းစွာအိမ်အပြန်လှသွားတာ ကျွန်တော်တွေ့ရတယ်။ (မော်ဒန်ဂျာနယ်မှာ ဒီအကြောင်း သတင်းဆောင်းပါးလည်း ရေးပါတယ်) လမ်း အလုပ်သမလေးရဲ့အမည်ကို ကျွန်တော်မေ့သွားပြီဖြစ်ပေမယ့် မြင့်မြတ်ဖြူစင် ဆိုတာကိုတော့ စွဲစွဲထင်ထင် ဖြစ်သွားပါတယ်။

    သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာ ဦးဆောင် နာယကအဖြစ် တာဝန်ယူဖွဲ့စည်းတဲ့ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းကလည်း ဆင်းရဲချို့တဲ့သူများ ဆေးရုံတက်ရတဲ့အခါ ကျန်းမာရေးအကူအညီ ပေးဖူးပါတယ်။ တစ်လကို ကျပ်သိန်း ၁၀၀ ကျော်အထိ သုံးစွဲကူညီတာမို့ လူ့အသက်ပေါင်း များစွာ ချမ်းသာရာရခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်က အသင်းအတွင်းရေးမှူးဖြစ်ခဲ့လို့ ကျန်းမာရေးကော်မတီ ဥက္ကဌ ဒေါက်တာ ဦးစိုးတင့်တို့နောက်က ဆေးရုံတွေကို လိုက်ဖူးပါတယ်။ ဆင်းရဲနွမ်းပါးသူတွေခမျာ မရှိ ရှိတာလေးတွေ ပေါင်နှံရောင်းချပြီး ဆေးရုံကို ရောက်လာကာ အသက်ကိုလုရှာကြရတာကို တွေ့မြင်ရတယ်။ ဆင်းရဲနွမ်းပါးသူတွေမှာ အနေကျပ်သလို အသေကျပ်တာ မျက်မြင်ဖြစ်ပါတယ်။

    မန္တလေးမြို့မှာတော့ ကျန်းမာရေးစောင့်ရှောက်မှုကို ဂျွန်းဗလီဆေးခန်းတို့လို အသင်းအဖွဲ့တွေကစတင်ပြီး လူမျိုးဘာသာ အစွဲမထား၊ မခွဲခြားဘဲ အကူအညီပေးကြတာပါ။ သူ့နောက်မှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေရဲ့ သြဝါဒခံတဲ့ ဗြဟ္မစိုရ်လို၊ ချမ်းမြသုခလို လူမှုကူညီရေးအသင်းတွေ ပေါ်ပေါက်လာပါတယ်။

    အင်နဲ့အားနဲ့ ကူညီပေးနိုင်တဲ့ ဗြဟ္မစိုရ်က ၂၀၁၂နောက်ပိုင်းမှာ ပြည်သူ့ဆေးရုံများမှာ ဆင်းရဲနွမ်းပါးသူများကို အကူအညီပေးနေတာ လှျော့့ချလိုက်တယ်။

    ကိုရင်လေးတစ်ပါး ဆေးရုံတက်ရတယ်။ သူ့မယ်တော် ခမည်းတော်များကလည် နွမ်းပါးကြတော့ ဆေးကုသစရိတ် မတတ်နိုင်ဘူး။ တာဝန်သိ ဆရာက မြင့်မြတ်ဖြူစင်နဲ့ ဆက်သွယ်ပေးလိုက်လို့ ကိုရင်လေး အသက်ချမ်းသာရာရသွားတာ ကျွန်တော်သိလိုက်ရတယ်။ ကျွန်တော့်အသိစိတ်ထဲမှာ မြင့်မြတ်ဖြူစင်ကို ပိုပြီးလေးစားတန်ဖိုးထားမိတယ်။

    မြင့်မြတ်ဖြူစင် အထူးကုဆေးခန်းကို တစ်ရက်မှာ ကျွန်တော်သွားလည်ပါတယ်။ အထူးကုဆေးခန်း အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ အငြိမ်းစားရဲမှူးကြီး ဦးလှမြင့်တို့ကအစ ကျွန်တော်သိကျွမ်းပြီး ဖြစ်ပါတယ်။

    အထူးကုဆေးခန်းက ခြောက်ထပ် အဆောက်အအုံကြီးပါ။ အထူးကု ဆရာဝန်ကြီးတွေနဲ့ ပြသချင်လို့ ရောက်နေတဲ့ လူနာတွေက ဆေးခန်းနဲ့ ပြည့်လျှံလို့ ဆေးခန်း အပြင်ဘက်မှာ ပလတ်စတပ်ထိုင်ခုံတွေချပြီး ထိုင်စောင့်နေကြတာကို စတွေ့ရတယ်။ ဆေးခန်း ထဲမှာလည်း လူနာအပြည့်၊ ဘီးတပ်ကုလားထိုင်တွေပေါ်ထိုင်နေသူလည်း ရှိတယ်။ လူနာတွေက အသွင်အမျိုးမျိုး၊ အများစုကတော့ နွမ်းပါးပုံရတယ်။ အဝေးက ကျေးလက်က လာပုံရသူတွေလည်း တွေ့ရတယ်။ မွတ်စလင်များရဲ့ ကုသိုလ်ဖြစ်ဆေးခန်းဖြစ်ပေမယ့် အများစုကတော့ ဗုဒ္ဓဘာသာဝင် တွေနဲ့ တူပါတယ်။

    ဆေးရုံဝန်ထမ်း အမျိုးသမီးလေးတွေကတော့ ထဘီအပြာ၊ အင်္ကျီအနီ၊ ခေါင်းမှာပဝါဖြူဖြူ လွှမ်းခြုံထားတယ်။ သူတို့မျက်နှာတွေက ချိုပြုံးနေတယ်။

    “ပြုံးရွှင်ချိုသာစွာ ဆက်ဆံခြင်းသည် အလှူဒါနကုသိုလ်ပြုရာမည်” ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ဝန်ထမ်းတွေက လိုက်နာ လုပ်ဆောင်ကြ ပါတယ်။

    ကျွန်တော့်ကို ခရီးဦးကြိုပြုပြီး လိုက်လံပြသတဲ့ အုပ်ချုပ်မှုကော်မတီဝင် အငြိမ်းစား အထက်တန်းပြ ဆရာမကြီး ဒေါ်ခင်သိန်းက ပြောပြတယ်။ ဝန်ထမ်းတွေဟာ အလုပ် လုပ်ရင်း အလိုလို ကုသိုလ်ရနေကြတာပါလားလို့ ကျွန်တော် အတွေးရောက်သွားတယ်။

    မြင့်မြတ်ဖြူစင် ကုသိုလိဖြစ်အထူးဆေးခန်းမှာ အထူးကုဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေထိုင်ပြီး ပြင်ပလူနာတွေကို လက်ခံ ကုသပေးပါတယ်။ အထွေထွေရောဂါ၊ အရိုးအကြော၊ သားဖွားမီးယပ်၊ ကလေးအထူးကု ကုသပေးတယ်။ မျက်စိခွဲစိတ်ကုသမှု၊ အသေးစား ခွဲစိတ်ကုသမှု လုပ်ပေးသလို ဓာတ်မှန်၊ ECG၊ Ultrasound နဲ့ ဓာတ်ခွဲခန်းတွေလည်း ရှိတယ်။ သွားနဲ့ခံတွင်းရောဂါ အတွက်တော့ သွားအထူးကုဆရာဝန်ကြီးဆေးခန်းနဲ့ ချိတ်ဆက်ထားပြီး တာဝန်ယူပေးတယ်။ အတွင်းလူနာ အဖြစ် ဆေးရုံတက်ရမယ့် သူတွေကိုတော့ ပြည်သူ့ဆေးရုံကို ပို့ပေးတယ်။ ဆေးဖိုးဝါးခလိုအပ်ရင် အကူအညီပေးပါတယ်။ တစ်ရက်ကို လူနာ ၂၀၀ ဦးလောက် လာကြတယ်။ လာကြတာကလည်း အထက်မြန်မာပြည် မြိ့အစုံ၊ နယ်အစုံပါပဲ။ နေပြည်တော်ကတောင်မှ လာပြတယ်။

    နေပြည်တော်ဆိုတာ ဆေးရုံအကြီးကြီးရှိတဲ့နေရာ၊ သမ္မတကြီးတွေ၊ ဝန်မင်းကြီးတွေ နေတဲ့ အရပ်။ ဆေးရုံ အဆင့်မြင့်လောက်တဲ့နေရာ ကတောင်မှ လာပြတာမို့ ကျွန်တော့်စိတ်ထဲ ထူးဆန်းနေတယ်။ လူနာကိုစကားစပ်ကြည့်တော့ နေပြည်တော်မှာ မသွားတတ်၊ မလာတတ်လို့ပါဆိုပြီး စကား အလိမ္မာသုံးပြီး ဖြေသွားတယ်။ ဆေးရုံ၊ ဆေးခန်းပေမယ့် သွားတတ်လာတတ်၊ ဝင်တတ်ထွက်တတ်ဖို့လည်း လိုသေးတာကိုး။ မြင့်မြတ်ဖြူစင်ကတော့ လူနာအားလုံးကို တံခါးဖွင့်ထားပုံရတယ်လို့ ကျွန်တော်အဖြေထုတ်မိပါတယ်။

    မျက်နှာထားကပြုံး၊ လေသံက ချိုပေမယ့် ဦးခေါင်းမှာ ပဝါခြုံထားတဲ့ ဝန်ထမ်းအမျိုးသမီးလေးတွေကို မြင်ရတော့ မွတ်စလင် အသိုင်းအဝိုင်းဆိုတဲ့ ခံစားစိတ်ကတော့ မဖြစ်ဘံ မရှိပါဘူး။ ကြားနာဖူးတာတွေအရ တချို့ရဲ့စိတ်ထဲမှာ တွန့်ဆုတ်မှုတွေ ရှိကောင်းရှိမယ်။ ကျွန်တော်ကတော့ သတင်းသမားပီပီ ဒီခံစားမှုကိုလည်း သိချင်တာပါပဲ။

    တွေ့ရတဲ့ ဗုဒ္ဓဘာသာဝင် လူနာတွေကို တိုးတိုးတိတ်တိတ်မေးကြည့်တော့ သူတို့ကိုခွဲခြားဆက်ဆံမခံရဘူး။ နွေးထွေးပျူဌာ ဆက်ဆံပါတယ်။ ဘာသာခြားမို့လည်း မျက်နှာမငယ်ရပါဘူးလို့ ပြောကြတယ်။ (သူတို့ပြောတာကြာတော့ ကျွန်တော့်မှာ ရှက်သလိုလို၊ အားနာသလိုလို။ သူတို့က အကုသခံချင်လို့ လာတဲ့လူနာမို့ အလိုက်အထိုက်ပြောတာများ ဖြစ်သလား။ စိတ်မှာ ဝေဝေဝါးဝါး။)

    သူနာပြုအုပ်ဆရာမကြီး ဒေါ်ခင်ပြုံးဦးကို တွေ့ပါပြီ။ သူက ဗမာ၊ ဗုဒ္ဓဘာသာဝင် ၊  မြင့်မြတ်ဖြူစင် မွတ်စလင်တောမှာ အလုပ်လုပ်နေတာ။ ရန်ကုန် အင်းစိန်သူက မန္တလေးဆေးရုံကြီးမှာ သူနာပြုဆရာမကြီးအဖြစ်နဲ့ ပင်စင်ယူပြီးနောက် နေရပ်မပြန်တော့ဘဲ မြင့်မြတ်ဖြူစင်မှာ သူနာပြုအုပ် လုပ်နေတာပါ။

    “ကျွန်မဘဝရဲ့ နောက်ဆုံးအချိန်လေးမှာ ကုသိုလ်ယူပြီး လုပ်နေတာပါ။ ကျွန်မဆီမှာ ဆီးချို နှလုံး သွေးတိုးရှိတော့ ဒီကဆရာဝန်တွေကို ပြခွင့်ရသလို ဆေးတွေလည်း ရတယ်။ ဒီမှာ အလုပ်လုပ်ရတာ ဘာသာခြားတွေနဲ့ဖြစ်ပေမယ့် တင်းကျပ်တဲ့ခံစားမှု မရှိဘူး။ လူသားအချင်းချင်း အတူတူပဲ။ ဘာသာမရွေး မခွဲခြားဘဲ လှုပ်ရှားပေးနေကြတာ။ ဟိုတလောက ရုတ်ရုတ်သဲသတွေ လုပ်ကြတော့ ကျွန်မစိတ်မချမ်းသာဘူး” လို့ သူနာပြုဆရာမကြီးက ပြန်ပြောတယ်။
    10819074_357282921099156_183406482_n
    မြင့်မြတ်ဖြူစင်ကုသိုလ်ဖြစ်အထူးဆေးခန်းကို ၂၀၁၀ (၂.၁၀.၂၀၁၀) မှာစတင်ဖွင့်လှစ်တာပါ။ အုပ်ချုပ်မှုကော်မတီဝင် ဒေါ်ခင်သိန်းက နှစ်အလိုက်ကုသပေးခဲ့တဲ့ လူနာ အရေအတွက်ကို ပြောပြတယ်။ ၂၀၁၁ မှာ ၄၅,၀၀၀၊ ၂၀၁၂ မှာ ၅၅,၀၀၀၊ ၂၀၁၃ မှာ ၆၀,၀၀၀ ကျော်၊ ၂၀၁၄ မှာ ၇၀,၀၀၀ ခန့်၊ တစ်နှစ်ထက်တစ်နှစ် လူနာတွေက တိုးလာနေတယ်။ လူနာတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဗုဒ္ဒဘာသာဝင်တွေ ဖြစ်တယ်လို့ စာရင်းတွေက ဖော်ပြတယ်။

    လူနာတွေက အထူးကုသမားတော်ကြီးတွေနဲ့ ပြသကုသကြရပြီး အချို့က ကုသခွင့်ကျသင့်ငွေကို အပြည့်အဝပေးကြတယ်။ အထူးကု သမားတော်တွေကို အလွယ်တကူပြနိုင်တဲ့ အခွင့်အလမ်းကို ရချင်လို့ လာတာပါ။ ဆေးဖိုးဝါးခ မတတ်နိုင်သူတွေ အတွက် မြင့်မြတ်ဖြူစင်က ဆေးဖိုးကျခံပေးတာလည်း ရှိတယ်။ ဆင်းရဲနွမ်းပါးတယ်ဆိုရင် (ဆေးခန်းပြ၊ ဆေးရုံတက်) အခမဲ့ ဆေးကုသခွင့်ရတယ်။ အခမဲ့ဆေးကုသခွင့် ခံစားလိုသူတွေက လျှောက်လွှာပုံစံကို ဖြည့်ရတယ်။ ပုံစံမှာ အစ္စလာမ်ဘာသာကို  ကိုးကွယ်သူဖြစ်ရင် ဗလီဆရာက ထောက်ခံရပြီး တခြားဘာသာဝင်ဖြစ်ရင် ကျေးရွာ/ ရပ်ကွက်လူကြီးက ထောက်ခံရပါတယ်။

    မြင့်မြတ်ဖြူစင်မှာ ဆရာဝန်နဲ့ ဝန်ထမ်း ၅၄ ဦးရှိပြီး တစ်လကို လူနာဦးရေ ၆၀၀၀ လောက်ကုသပေးနေရတယ်။ ကုသိုလ်ဖြစ်ဆေးခန်း တစ်ခန်းဟာ ဘယ်လိုဘဏ္ဍငွေနဲ့ လည်ပတ်နေသလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

    “ကျွန်မတို့ အစ္စလာမ်ဘာသာမှာ စီးပွားလုပ်လို့ တစ်နှစ်ကိုငွေကျပ် ၁၀၀ ကျပ်အသားတင်မြတ်ရင် ၂ ကျပ် ပြား ၅၀ ဆင်းရဲသားကြေး လှူဒါန်းရပါတယ်။ ဇကားသ်လို့ခေါ်ပါတယ်။ ဘုရားသခင်က မလုပ်မနေရ တာဝန်ပေးထားခြင်းပဲ ဖြစ်တယ်။ ဇကားသ်ပေးလှူသူတွေရဲ့ အလှူငွေတွေ လက်ခံရပါတယ်။ မွတ်စလင်တွေထဲကပဲ ဘယ်ဘာသာဝင် အတွက်မဆို ရည်စူးလှူဒါန်းတာတွေလည်း ရှိတယ်။ ဗုဒ္ဓဘာသာဝင် ဝင်များက ပေးလှူတာလည်းရှိတယ်။ ဥပမာ- စာရေးဆရာ ဆရာမာန်မြင့် မိသားစုက ကျပ်သိန်း ၅၀ လှူပါတယ်” လို့ ဒေါ်ခင်သိန်းက ပြောပြတယ်။

    နိုင်ငံခြားက အလှူငွေတွေရှိသလားဆိုတာ ကျွန်တော်မေးတယ်။

    “ဘယ်နိုင်ငံနဲ့မှ အဆက်အသွယ်မရှိသလို ဘယ်နိုင်ငံရဲ့ အကူအညီ အလှူအတန်းကိုမှလည်း လက်ခံမှာ မဟုတ်ပါဘူး။ ကိုယ့်ပြည်တွင်းကရတဲ့ အလှူငွေနဲ့ပဲ ပြန်လည်ကုသ ကုသိုလ်ပြုပေးနေတာပါ” ဆိုပြီး ဒေါ်ခင်သိန်းက ဖြေကြားပါတယ်။

    အုပ်ချုပ်မှုကော်မတီအတွင်းရေးမှူး မန္တလာ ဦးစိုးမြင့်ကတော့ “ကျွန်တော်တို့ ပိုက်ဆံအများကြီး မရှိဘူး။ ဇကားသ် လှူကြတဲ့အချိန် များများရှိတယ်။ သုံးနေရင်း ကုန်သွားတယ်။ ဒါပေမယ့် ပိုက်ဆံကြောင့်တော့ ဆေးခန်းက ရပ်မသွားဖူးဘူး။  မော်တော်ကားလို ပြောရရင် ဓာတ်ဆီတစ်ပုလင်းချင်း ထည့်မောင်းနေရတာပါ” လို့ ပြောပြရင်း ရယ်မောတယ်။

    ဓာတ်ဆီတစ်ပုလင်းချင်းထည့်မောင်းသလို တရွေ့ရွေ့ချီတက်နေရတဲ့ မြင့်မြတ်ဖြူစင်က လုပ်ငန်းတွေလည်း ထပ်ချဲ့နေသေးတယ်။ ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်လှစ်တာ လေးနှစ်ပြည့်မြောက်ချိန်မှာ ကျောက်ကပ်ဆေးတဲ့စက် သုံးလုံးတပ်ဆင်ပြီး တစ်နေ့နှစ်ဆိုင်းနဲ့ တစ်ရက်ကို လူနာခြောက်ဦး ကျောက်ကပ်ဆေးပေးနေတယ်။
    10822740_357283461099102_1254487934_n
    ကျောက်ကပ်ဆေးစက်တွေ တပ်ဆင်ဖြစ်သွားပုံကို မန္တလာဦးစိုးမြင့်က ပြန်ပြောပြတယ်။။

    ကျောက်ကပ်ဆေးရတယ်ဆိုတာ အင်မတန် ငွေကုန်ကြေးကျများတယ်။ တစ်ခါက အငြိမ်းစားကျောင်းအုပ် ဆရာမကြီးတစ်ယောက် ကျောက်ကပ်ပုံမှန်ဆေးနေရတယ်။ သူ့ခင်ပွန်းကလည်း ကျောင်းဆရာမို့ ကြွယ်ဝချမ်းသာတာ မဟုတ်ဘူး။ ကျောက်ကပ်ဆေးရတာကြောင့် ဆုဆောင်းထားတဲ့ ရွှေတိုရွှေစလည်း ကုန်ပြီ။ တတ်စွမ်းသမျှကူကြတဲ့ တပည့်တွေကလည်း ဆက်မလှူ၊ ဆက်မကူနိုင်တော့ဘူး။ ဒီအခြေအနေမှာ ဆရာမကြီးခင်မျာ ကျောက်ကပ်ဆက်မဆေးဘဲ လက်လျှော့ရတော့မယ် ဆိုတာကို မြင်ရတော့ သနားတာကြောင့် ကျောက်ကပ်ဆေးပေးတာကို မြင့်မြတ်ဖြူစင်မှာ စလုပ်ဖြစ်သွားတယ်တဲ့။

    ကျောက်ကပ်ဆေးရာမှာ အသုံးပြုရတဲ့ ကိရိယာတွေက တစ်ခါသုံးပစ္စည်းဖြစ်တာကြောင့် လူနာတစ်ယောက် ကျောက်ကပ်ဆေးပြီးတိုင်း စွန့်ပစ်ရတယ်။ ကျောက်ကပ်တစ်ခါဆေးရင် ကုန်ကျစရိတ်က ငွေကျပ် သုံးသောင်းကျော်တယ်။ ကျောက်ကပ်ဆေးတဲ့စက်တစ်လုံးရဲ့ တစ်နှစ် ကုန်ကျစရိတ်က ကျပ်သိန်း ၃၀၀ ကျော်တယ်။ ဒါကြောင့် အသစ်ထပ်ချဲ့ချင်ပေမယ့် မတတ်နိုင်သေးဘူးလို့ မန္တလာစိုးမြင့်က ပြောပြပါတယ်။

    “ကျောက်ကပ်ဝေဒနာရှင်တွေ အမြောက်အမြားရှိနေတာ သိပေမယ့် ကိုယ်နိုင်သလောက် လုပ်ပေးနေရတာပါ။ ဆရာဖေမြင့်ရဲ့ နှလုံးသား အာဟာရစာအုပ်ထဲက သောင်ပြင်မှာ ပြန်လွှတ်ပေးတဲ့လူလိုပေါ့။ တစ်ကောင်အသက်ရှင်ခွင့်ရရင်လည်း တစ်ကောင်ပေါ့ဆိုတဲ့ စိတ်ထားနဲ့ လုပ်နေရတာပါ။ မြန်မာနိုင်ငံမှာ မြင့်မြတ်ဖြူစင်က ပထမဆုံးအခမဲ့ ကျောက်ကပ်ဆေးပေးခြင်းကို ကုသိုလ်ဖြစ်လုပ်ပေးနိုင်တာမို့ ဂုဏ်ယူတယ်” လို့ ဒေါ်ခင်သိန်းက ဆိုတယ်။

    မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်အထူးကုဆေးခန်းကို ၂၀၁၅ ခုနှစ်အတွက် အာရှနိုင်ငံများ ဆေးရုံစီမံခန့်ခွဲမှု ညီလာခံမှာ Corporate Social Responsibility ခေါင်းစဉ်နဲ့  Excellent Award ဆုချီးမြှင့်ခံရပါတယ်။ နိုင်ငံပေါင်း ၁၁ နိုင်ငံက ဆေးရုံပေါင်း ၁၀၂ ရုံထဲက ရွေးချယ်ချီးမြင့်တာ။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဆေးရုံများထဲက ပထမဆုံးချီးမြှင့်ခံရတာလို့ မန္တလာဦးစိုးမြင့်က ဆိုပါတယ်။

    နိုင်ငံတကာ အသိအမှတ်ပြု ဆုချီးမြှင့်ကြတာလည်း ဝမ်းသာစရာဖြစ်ပါတယ်။ တကယ့်ကို လူမျိုး၊ ဘာသာ၊ လူတန်းစားမခွဲခြားဘဲ လူနာတိုင်းကို ကူညီကုသပေးနေတာ။ မြင့်မြတ်ဖြူစင်ရှိနေလို့ ဆင်းရဲနွမ်းပါးသူများအတွက် အားထားစရာဖြစ်နေရတာကို ပိုပြီး ဝမ်းသာပါတယ်။ ဒီအလုပ်ကို လုပ်ဆောင်နေကြတဲ့ မွတ်စလင်မိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါတယ်။

     

    ဆက်စပ်သတင်းဖတ်ဖို့
    ————————-
    မြင့်မြတ်ဖြူစင် မွတ်စလင် ကုသိုလ်ဖြစ်ဆေးခန်း (၄)နှစ်ပြည့် အထိမ်းအမှတ် ကျောက်ကပ်တု သွေးသန့်စင်သည့် ဌာန ဖွင့်လှစ်
    http://www.m-mediagroup.com/news/34754

  • ပလက်စတစ်အိတ်ဖြင့် မက်ဆီအင်္ကျီလုပ်ဝတ်ခဲ့သည့် အာဖဂန်ကေလးငယ်ထံသို့ မက်ဆီက ဂျာစီပေးပို့

    ပလက်စတစ်အိတ်ဖြင့် မက်ဆီအင်္ကျီလုပ်ဝတ်ခဲ့သည့် အာဖဂန်ကေလးငယ်ထံသို့ မက်ဆီက ဂျာစီပေးပို့

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆
    M-Media

    messi

    – ပလတ်စတစ်အိတ်ဖြင့် မက်ဆီ၏ အင်္ကျီကို ဖန်တီးကာ ဘောလုံးကစားခဲ့သည့် အသက် ၅ နှစ်အရွယ် အာဖဂန်ကလေးငယ်အား မက်ဆီက လက်မှတ်ရေးထိုးထားသည့် အာဂျင်တီးနား ဂျာစီကို ပေးပို့ခဲ့သည်ဟု သိရသည်။

    မူရ်တာဇာ အဟ်မာဒီဆိုသည့် ကလေးငယ်ဖြစ်ပြီး မက်ဆီအား ကြိုက်နှစ်သက်သည့် ၎င်းမှာ မက်ဆီဝတ်ဆင်ကစားသည့် ဘောလုံးအင်္ကျီကို လိုချင်သော်လည်း မတတ်နိုင်သောကြောင့် အစ်ကိုဖြစ်သူက ပလက်စတစ်အိတ်တွင် မက်ဆီ၏ အမည်နှင့် ကျောနံပါတ်တို့ကို ဘောပင်ဖြင့်ရေးထိုးကာ ၎င်းအား ၀င်ဆင်ကစားစေခဲ့ခြင်း ဖြစ်သည်။

    ထို ပလတ်စတစ်အင်္ကျီ ၀တ်ထားသောပုံမှာ ဇန်န၀ါရီလအတွင်းကာ ဆိုရှယ်မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားခဲ့ပြီး မက်ဆီကလည်း ထိုကလေးငယ်အကြောင်းကို သိရှိသွားခဲ့သည်။ ထို့နောက် ၎င်း၏ အာဂျင်တီးနား အင်္ကျီတွင် လက်မှတ်ရေးထိုးကာ အာဖဂန်အလယ်ပိုင်း ဂါဇ်နီပြည်နယ်တွင် နေထိုင်သည့် မူရ်တာဇာထံသို့ ယူနီဆက်ဖ်မှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။

    “သားက မက်ဆီကိုချစ်ပြီး၊ ဒီအင်္ကျီက မက်ဆီဟာ သာကိုချစ်တယ်ဆိုတာ ပြသနေတာပါပဲ” ဟု မူရ်တာဇာ၏ ပြောကြားမှုကို ယူနီဆက်ဖ်က ပြန်လည်ဖော်ပြခဲ့သည်။

    ဖခင်ဖြစ်သူ မိုဟာမက် အာရစ်ဖ် အဟ်မာဒီက “ယူနီဆက်က အမျိုးသမီးတစ်ဦးဟာ ကျွန်တော်တို့ကို ဆက်သွယ်လာပြီး မူရ်တာဇာဟာ မက်ဆီထံကနေ လက်ဆောင်တစ်ခု ရတော့မယ်လို့ ပြီးခဲ့တဲ့ ၂ ရက်အရင်က ပြောကြားခဲ့ပါတယ်။ ဒီလက်ဆောင်ရတဲ့အတွက် သားက သိပ်ပျော်နေပါတယ်” ဟု ပြောကြားခဲ့သည်။

    မူရ်တာဇာ၏ ပက်စတစ်အိတ်ဝတ်ထားသော ဓာတ်ပုံမှာ အွန်လိုင်းတွင် ပြန့်နှံ့သွားခဲ့ပြီးနောက် မက်ဆီမှာ မူရ်တာဇာနှင့် တွေ့ဆုံရန် စီစဉ်နေသည်ဟု အာဖဂန်ဘောလုံးအဖွဲ့ချုပ်က ဖေဖော်ဝါရီလ အစောပိုင်းတွင် ပြောကြားခဲ့သည်။

    Ref: Aljazeera