News @ M-Media

Blog

  • လက်ရှိအနေအထား၌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်သေး

    လက်ရှိအနေအထား၌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်သေး

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆

    M-Media
    daw su

    – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရပ်ဝန်းသတင်းနှင့် ယမန်နေ့က မြန်မာတိုင်းမ်သို့ ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးပြောကြားသော သတင်းအရ ဦးသိန်းစိန်အစိုးရထံမှ အာဏာလွှဲပြောင်းရယူရေးအတွင်း ထိပ်တိုက်တွေ့မည့်လမ်းကြောင်းကို ဒေါ်အောင်ဆန်းစုကြည် ရှောင်ရှားလိုက်သည်ဟု သိရသည်။

    ဦးထင်ကျော်နှင့် ဦးမျိုးအောင်ကို သမ္မတနှင့် ဒုသမ္မတနေရာအတွက် ရွေးချယ်ရန် လျာထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သော အမည်မဖော်လိုသူတစ်ဦးက ပြောကြားသည်။

    ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံခြားရေးဝန်ကြီး နေရာယူဖွယ်ရှိနိုင်သည်။ ၎င်းရာထူးသည် သမ္မတနှင့် အနီးဆုံးနေရာတွင်ရှိပြီး၊ စစ်တပ်မှ ထိန်းချုပ်ထားသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ပါဝင်နေမည်ဖြစ်သည်။ ထိုသို့အားဖြင့် လွှတ်တော်မှ သူမအား သမ္မတနေရာ ခန့်အပ်မှုအပါအ၀င် ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေပြင်ဆင်ရေးကိစ္စများအပေါ် စစ်တပ်နှင့် ရှေ့ဆက် စေ့စပ်ဆွေးနွေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သုံးကြိမ် တွေ့ဆုံပြီးသည်အထိ သူမ၏သမ္မတဖြစ်ရေးကို ပိတ်ဆို့ထားသော ဥပဒေနှင့် ပတ်သက်၍ မည်သည့်အဖြေမှ ပြတ်ပြတ်သားသား မရရှိခဲ့ချေ။ ဖေဖော်ဝါရီ ၁၇ ရက် တွေ့ဆုံမှုတွင်လည်း တင်းမာသယောင် ရှိခဲ့သည်။

    လွန်ခဲ့သောရက်သတ္တပတ်များအတွင်း NLD မှ ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်ရေးကို လွှတ်တော်၌ မဲခွဲသည့်နည်းဖြင့် ကြိုးပမ်းသွားမည်ဟု ကောလဟလများ ပျံ့နှံ့ခဲ့ပြီး၊ ပါတီမှအရေးပါသူအချို့က ၎င်းကိုနှစ်သက်လက်ခံကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ မည်သည့် ဆုံးဖြတ်ချက်မျှ မချခဲ့ပေ။

    သို့သော် မပြင်ဆင်နိုင်သည့်သဘောထားကို စစ်တပ်က ရှင်းလင်းစွာ ပြသခဲ့သည်။ ယခုရက်သတ္တပတ်အစောပိုင်း ရှမ်းပြည်နယ် ကလောစစ်တက္ကသိုလ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥပဒေကြောင်းအရ အခြေခံဥပဒေပြင်ဆင်ရေးတင်သွင်းချက်ကို စစ်တပ်မှ သုံးသပ်ရဦးမည်ဟု ပြောကြားခဲ့သည်။

    ဖွဲ့စည်းပုံဥပဒေဆိုင်းငံ့ရေး အဆိုပြုချက်ကို ဆန့်ကျင်ကာ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်အစိုးရအဖွဲ့ကို သမ္မတအဖြစ် ဦးဆောင်မည်မဟုတ်ဟု ဆုံးဖြတ်လိုက်ကြောင်း၊ စစ်တပ်နှင့်ထိပ်တိုက်တွေ့မှုမှဖြစ်ပေါ်လာမည့်ဆိုးကျိုးကို ရှောင်လွှဲခြင်းဖြစ်ကြောင်း ၎င်းNLD ထိပ်တန်းခေါင်းဆောင်က ဆိုသည်။ သူမသည် အမျိုးသားရင်ကြားစေ့ရေးကိုသာကို ဦးစားပေးသွားမည်ဟု အစဉ်သဖြင့်ပြောဆိုချက်အတိုင်း NLD အဖွဲ့ဝင်မဟုတ်သူများကို လွှတ်တော်တွင် ပြောရေးဆိုခွင့်အား ပေးထား၏။

    “သူတို့က ခုထက်ထိ ဘာအဆိုကိုမှ တင်သွင်းမှု မရှိသေးဘူး။ ဒါကိုကြည့်ခြင်းဖြင့် NLD က သူတို့ရဲ့အစီအစဉ်ကို ရုပ်သိမ်းဖွယ်ရှိပြီး သူတို့အမိန့်အောက်မှာရှိမယ့် သမ္မတကို အဆိုတင်သွင်းပါလိမ့်မယ်။ တည်ငြိမ်မှုပျက်ပြားစေမယ့် အန္တရာယ်လမ်းကြောင်းကို သူတို့ရွေးချယ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို နောက်ကွယ်ကနေပဲ ဦးဆောင်မယ်လို့ ပြောခဲ့တာပေါ့” ဟု အာဏာပိုင်တစ်ဦးက ပြောကြားသည်။

    ထိုအနေအထားအတိုင်း ရှေ့ဆက်လျှင်ပင် ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်နေရာယူရမည်ကို ခက်ခဲစွာ ဆုံးဖြတ်ရပေဦးမည်။

    အကယ်၍ သူမသည် အစိုးရအဖွဲ့ဝင် ဖြစ်လာလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၆၄ အရ ပါတီလုပ်ငန်းစဉ်များကို ဆောင်ရွက်ခွင့် မရှိတော့။ ၎င်းသည် သူမ၏ခေါင်းဆောင်မှုနှင့်ပတ်သက်၍ NLD အတွက် လတ်တလော စိန်ခေါ်ချက်တစ်ခုဖြစ်နေသည်။ သို့သော် သူမသည် အစိုးရအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဝင်းထိန်သည် ပါတီ၏ဦးစီးအဖြစ်လည်းကောင်း နေရာယူသွားဖွယ်ရှိသည်ဟု အဆိုပါအရင်းအမြစ်ထံမှ သိရသည်။

    “သူမ နိုင်ငံခြားရေးဝန်ကြီးဖြစ်မယ်လို့ ကျွန်တော် အတိအကျတော့ မပြောနိုင်ဘူး။ သို့ပေမယ့် ဒါဟာ ဖြစ်နိုင်ချေ အရှိဆုံးပါပဲ။ ကျွန်တော့်ဖက်က ပြန်ပြောင်းသုံးသပ်ကြည့်ချက်အရ ဒေါ်စုဟာ ဦးဝင်းထိန်ကို ရွေးကောက်ပွဲ မ၀င်စေခဲ့တဲ့ အစီအမံကို တွေ့ရတယ်။ သူမကိုယ်စား ပါတီကို စီမံကိုင်တွယ်စေဖို့ ဖြစ်ပါလိမ့်မယ်”။

    NLD ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူများကမူ ယမန်နေ့သတင်းကို အတည်ပြုရန် ငြင်းဆိုခဲ့ကြ၏။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဖြစ်လာမည်လော၊ သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမည်လော ဟူသည့်မေးခွန်းအပေါ် ဦးဥာဏ်ဝင်းက “ဒီအရေးနဲ့ပတ်သက်ပြီး ကျွန်တော် မသိရှိထားလို့ ဘာသတင်းအချက်အလက်မှ မပေးနိုင်ပါဘူး” ဟု ဖြေကြားခဲ့သည်။

    NLD အနေဖြင့် မတ်လ ၁၇ ရက် နောက်ဆုံးထား၍ လွှတ်တော်နှစ်ရပ်စလုံး၌ သမ္မတလောင်းအမည်စာရင်းများကို တင်သွင်းရမည်ဖြစ်သည်။ မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး မဲအများဆုံးရသူသည် သမ္မတ၊ ဒုတိယမဲအများဆုံးရသူသည် ဒုတိယသမ္မတဖြစ်လာပေမည်။ ဦးထင်ကျော်နှင့် ဦးမျိုးအောင်တို့နှစ်ဦးအနက် တစ်ဦးဦးမှာ သမ္မတ ဖြစ်လာနိုင်ကြောင်း၊ သို့သော် သက်တမ်းပြည့်တာဝန်ထမ်းဆောင်လိမ့်မည်မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စေ့စပ်ညှိနှိုင်းမှုအဆင်ပြေပါက ကာလအတိုင်းအတာတစ်ရပ်အတွင်း သမ္မတဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

    NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက မိမိနှင့်အခြားလွှတ်တော်အမတ်များသည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေလိုကြသည်၊ မဖြစ်နိုင်လျှင်လည်း သူမရွေးချယ်မည့် သူမ၏စီမံမှုအောက်က သမ္မတကို လက်ခံရန် အသင့်ရှိသည်၊ ယင်းကိစ္စကို ပါတီအတွင်း ဆွေးနွေးခြင်းမရှိသဖြင့် ထိုသူသည် မည်သူမည်ဝါဟု မသိရကြောင်း၊ သို့သော် ဦးထင်ကျော်၊ ဦးမျိုးအောင်နှင့် ဒေါ်စုကြည်၏မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း – တစ်ဦးဦးဖြစ်နိုင်သည်ဟု ညွှန်းဆိုဖော်ပြခံရကြာင်း ပြောကြားသည်။ ပါတီ၏တရားဝင်ပြောရေးဆိုခွင့်ရှိသူအတိုင်းပင် သူလည်း NLD ၏ အစီအမံကို မဆိုစလောက်သာ ပြောပြနိုင်၏။

    “သူတို့နဲ့ပတ်သက်ပြီး မှတ်ချက်မပေးလိုသော်လည်း သူတို့အားလုံးက သမ္မတဖြစ်ဖို့ အရည်အချင်းပြည့်မှီသူတွေ ဖြစ်ကြပါတယ်”။

    Ref: Myanmar Times

  • တိုင်းပြည်တွင် အာဏာရှင်စနစ် ပေါ်ထွက်လာပြီဟု မလေးရှား ဒုဝန်ကြီးချုပ်ဟောင်း ပြော

    တိုင်းပြည်တွင် အာဏာရှင်စနစ် ပေါ်ထွက်လာပြီဟု မလေးရှား ဒုဝန်ကြီးချုပ်ဟောင်း ပြော

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    muhyidin

    – မိမိတို့တိုင်းပြည်တွင် အာဏာရှင်စနစ်သစ်တစ်ခု ပေါ်ထွက်လာမှုကို တွေ့မြင်နေရပြီး ဒီမိုကရေစီ အခြေခံများ ပျက်သုဉ်းနေပြီးဟု မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း မွဟ်ယစ်ဒင် ယာဆင်က ယနေ့တွင် ပြောကြားလိုက်သည်။

    Facebook စာမျက်နှာမှတစ်ဆင့် ထိုကဲ့သို့ ရေးသားလိုက်ခြင်းဖြစ်ပြီး အာဏာရ UMNO ပါတီ၏ ဗဟိုကောင်စီ ဒုတိယဥက္ကဌအဖြစ်မှ ရပ်ဆိုင်းခံရပြီးနောက် တစ်ရက်အကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ မွဟ်ယစ်ဒင်ကမူ ၎င်းမှာ ပါတီဝင်များ၏ ရွေးကောက်တင်မြှောက်မှုကို ခံထားရခြင်းကြောင့် ယခုကဲ့သို့ တာဝန်မှရပ်ဆိုင်းမှုမှာ ဒီမိုကရေစီ နည်းလမ်းမကျဟု ပြောကြားခဲ့သည်။

    အဖွဲ့ဝင် ၂၅ ဦးပါဝင်ပြီး ပါတီ၏ ပေါ်လစီများကို ရေးဆွဲသည့် အဆိုပါဗဟိုကောင်စီမှာ စည်းကမ်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာမှုမရှိဘဲ၊ ၎င်းအား တာဝန်မှ ရပ်ဆိုင်းမှုတွင်လည်း အကြောင်းပြချက်မပေးဘဲ၊ ခုခံခွင့်လည်း မပေးခဲ့ဟု ဒုတိယ၀န်ကြီးချုပ်ဟောင်းက ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုဆုံးဖြတ်ချက်အတွက် မိမိအနေဖြင့် အယူခံဝင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ပြည်သူများအနေဖြင့် နိုင်ငံရေး၊ ဘာသာရေးနှင့် လူမျိုးရေး အသုံးချမှုများကို လက်မခံရန်နှင့် ပြည်သူများ၏ ထောက်ခံမှုကို မရသည့် နိုင်ငံရေးအသင်းအဖွဲ့များအား ဆန့်ကျင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။

    “UMNO ဟာ ပါတီရဲ့ တန်ဖိုးရှိတဲ့စနစ်တွေ ဆုံးရှုံးကုန်ပါပြီ။ ခေါင်းဆောင်တွေကလည်း ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာကို မပြောနိုင်တော့ပါဘူး” ဟု မွဟ်ယစ်ဒင်က ရေသားခဲ့သည်။

    မွဟ်ယစ်ဒင်မှာ နိုင်ငံပိုင် 1MDB လုပ်ငန်းနှင့် ပတ်သက်သည့် ၀န်ကြီးချုပ်နာဂျစ်၏ ခြစားမှုပြဿနာကို ဝေဖန်ခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်အတွင်းက ကက်ဘိနတ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

    Ref: Channelnewsasia

  • ဖီဖာဥက္ကဌအဖြစ် ယူအီးအက်ဖ်အေအတွင်းရေးမှူး ရွေးချယ်ခံရ

    ဖီဖာဥက္ကဌအဖြစ် ယူအီးအက်ဖ်အေအတွင်းရေးမှူး ရွေးချယ်ခံရ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    gianni-infantino_3583775b

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ ဥက္ကဌအဖြစ် ယူအီးအက်ဖ်အေ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဂီယန်နီ အင်ဖန်တီနိုမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် မဲပေးမှု ဒုတိယအကျော့တွင် ဆွစ်ဇာလန်နိုင်ငံသား အင်ဖန်တီနိုမှာ စုစုပေါင်း ထောက်ခံမဲ ၁၁၅ မဲ ရရှိခဲ့ပြီး အဖွဲ့ဝင် ၂၀၇ ဦးရှိသည့် ဖီဖာတွင် လိုအပ်သော မဲအရေအတွက် ၁၀၄ မဲထက် ပို၍ ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ ၂၀၁၉ ခုနှစ်အထိ ဖီဖာဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

    အခြားရေးပန်းစားသူ တစ်ဦးဖြစ်သည့် ဘာရိန်းနိုင်ငံမှ ရှိခ် ဆလ်မန် ဘင် အီဘရာဟင် အလ် ခါလီဖာမှာ ၈၈ မဲ ရရှိခဲ့ သည်။ ဂျော်ဒန်နိုင်ငံမှ အိမ်ရှေ့မင်းသား အလီ ဘင် အလ် ဟူစိန်ကမူ ၄ မဲသာ ရရှိခဲ့ပြီး ပြင်သစ်မှ ဂျယ်ရိုမီ ရှမ်ပိန်က မဲ မရခဲ့ပေ။ အသက် ၄၅ နှစ်အရွယ်ရှိပြီး ရှေ့နေဟောင်းဖြစ်သူ အင်ဖန်တီနိုမှာ ၎င်းအား မဲပေးသူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ဖီဖာရဲ့ပုံရိပ် ပြန်ကောင်းအောင်နဲ့ လေးစားမှုပြန်ရောက်အောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။ ကမ္ဘာတစ်ဝှမ်းက လူတိုင်း ကျွန်တော်တို့ကို လေးစားလာကြပါလိမ့်မယ်။ ခင်ဗျားတို့အားလုံးရဲ့ ဥက္ကဌ ဖြစ်ချင်ပါတယ်။ အခုအချိန်ဟာ ဘောလုံးလောကကို ပြန်လည်အဖတ်ဆယ်ဖို့ အချိန်ပါပဲ။ ဖီဖာဟာ ခက်ခဲတဲ့အချိန်တွေနဲ့ ပြဿနာတွေကို ဖြတ်သန်းခဲ့ပြီးပါပြီ။ ဒါတွေက ပြီးဆုံးသွားပါပြီ။ လေးစားမှုပြန်ရအောင် ကျွန်တော်တို့ ကြိုးစားရမှာဖြစ်ပြီး ဘောလုံးဆိုတဲ့ အံ့သြဖွယ် အားကစားနည်းကို ပြန်လည် အာရုံစိုက်ရပါမယ်” ဟု ဥက္ကဌအဖြစ် ရွေးချယ်ခံရပြီးနောက် အင်ဖန်တီနိုက ပြောကြားခဲ့သည်။

    အန်ဖန်တီနိုမှာ ပထမကျော့ မဲပေးမှုကတည်းက ၈၈ မဲဖြင့် ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • တိုက်စစ်မှူး မဟ်ရက်ဇ် ထွက်ခွာလိုပါက မတားဟု လက်စတာနည်းပြပြော

    တိုက်စစ်မှူး မဟ်ရက်ဇ် ထွက်ခွာလိုပါက မတားဟု လက်စတာနည်းပြပြော

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    mehraz 2

    – အသင်းရှိ ခြေစွမ်းပြနေသော တိုက်စစ်မှူး မဟ်ရက်ဇ်အား အသင်းတွင် ဆက်ရှိနေစေရန် အတင်းအကျပ် တောင်းဆို မည်မဟုတ်ဘဲ ထွက်ခါလိုက ထွက်ခွာခွင့်ပေးမည်ဟု လက်စတာနည်းပြ ကေလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    အသက် ၂၅ နှစ်အရွယ် အလ်ဂျီးရီးယားတိုက်စစ်မှူး မဟ်ရက်ဇ်မှာ ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် လက်စတာအသင်းအတွက် အဓိကကျသည့် တိုက်စစ်မှူးဖြစ်ပြီး ၂၅ ပွဲ ကစားရာတွင် ၁၄ ဂိုး သွင်းယူပေးထားနိုင်သည်။ ၎င်း၏ စွမ်းဆောင်ရည်ကြောင့် ဥရောပအသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသည်။ ရာနီယေးရီကမူ အသင်းမှထွက်ချင်သည့် ကစားသမားကို မတားဟု ဆိုသည်။

    “ကစားသမားအားလုံးကို ကျွန်တော် ထိန်းထားချင်ပါတယ်။ သူတို့အားလုံးကို ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက်က ကျွန်တော့်ဆီလာပြီး ‘ဘော့စ်-ကျွန်တော့်ရည်မှန်းချက်ကြောင့် အဲဒီကိုသွားချင်တယ်’ လို့ ပြောလာရင်တော့ ကျွန်တော်ကလည်း ‘သွားပါ။ ကံကောင်းပါစေကွာ’ လို့ ပြောမှာပါ။ ဒီမှာ နေရတာပျော်ရွှင်တဲ့ ကစားသမားမျိုးကိုသာ ကျွန်တော် လိုချင်ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ဟာ အသင်းကောင်းတစ်သင်းအဖြစ် ပေါ်ထွက်လာမှာပါ။ ဒါပေမယ့် ဘာစီလိုနာတို့ ရီးယဲလ်မက်ဒရစ်တို့လို အသင်းမျိုးတော့ မဟုတ်ပါဘူး” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • MH370 ပျောက်ဆုံးမှုအတွက် တရုတ်နိုင်ငံသား ၂ ဦးက မလေးရှားလေကြောင်းလိုင်းကို တရားစွဲ

    MH370 ပျောက်ဆုံးမှုအတွက် တရုတ်နိုင်ငံသား ၂ ဦးက မလေးရှားလေကြောင်းလိုင်းကို တရားစွဲ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    mh 70

    – MH370 လေယာဉ်မှာပျောက်ဆုံးမှုမှာ ပါသွားတဲ့ တရုတ်ခရီးသည်တစ်ဦးရဲ့ မိသားစုဝင်နှစ်ယောက်ဟာ မလေးရှား လေကြောင်းလိုင်းကို တရားစွဲဆိုခဲ့တယ်လို့ ဘေဂျင်းတရားရုံးက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    အမှုကို ဘေဂျင်းရထားပို့ဆောင်ရေးတရားရုံးမှာ အောင်မြင်စွာ စာရင်းသွင်းခဲ့တယ်လို့ တရားရုံးရဲ့ တရားဝင်ဝဘ်ဆိုက်မှာ ကြေငြာခဲ့ပြီး၊ တရားစွဲဆိုမှုမှာ မွန်ထရီယဲလ် သဘောတူညီချက်နဲ့ သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများအရ လေယာဉ်ပျက်ကျမှုနဲ့ဆက်စပ်ကာ ယွမ် ၄.၇ သန်း (ကန်ဒေါ်လာ ၇၁၉၀၀၀) နစ်နာကြေးပေးဖို့ တောင်းဆိုထားပါတယ်။

    လေယာဉ်မတော်တဆမှုဖြစ်ပြီး တစ်နှစ်ကြာ ၂၀၁၅ မတ်လ ၈ ရက်နေ့မှသာလျှင် လေယာဉ်ပျက်ကျခဲ့မှုကို မိသားစုဝင်တွေကို အသိပေးခဲ့တယ်လို့ တရားလိုက ထွက်ဆိုထားကြောင်း အဲဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ၂၀၁၄ ခုနှစ် မတ်လက ကွာလာလမ်ပူကနေ ဘေဂျင်းအသွား လမ်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ MH370 လေယာဉ်ပေါ်မှာ ခရီးသည် စုစုပေါင်း ၂၃၉ ဦး ပါဝင်ပြီး အဲဒီအထဲက ၁၅၀ လောက်ဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရတော့ လေယာဉ်က အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းထဲ လမ်းကြောင်းပြောင်းကာ ထိုးကျပျက်စီးသွားတယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် ပျက်စီးခဲ့တဲ့ နေရာရော အကြောင်းရင်းပါ အတည်မပြုနိုင်သေးပါဘူး။

    နိုင်ငံတကာ သဘောတူညီချက်တွေအရ မိသားစုဝင်တွေအနေနဲ့ လေကြောင်း မတော်တဆမှုတွေအတွက် တရားစွဲဆိုနိုင်တဲ့ကာလဟာ ၂ နှစ် ရှိနေပြီး အခု MH370 လေယာဉ်ပျက်ကျမှုအတွက် အမေရိကန်၊ မလေးရှား၊ သြစတေးလျက ဥပဒေအဖွဲ့အစည်းတွေဟာ လေယာဉ်ပေါ်လိုက်ပါသွားသူတွေရဲ့ ဆွေးမျိုးသားချင်းတွေကိုယ်စား တရားစွဲဆိုဖို့ ဆောင်ရွက်နေပါတယ်။

    အဲဒီလေယာဉ်ပျောက်ဆုံးမှုမှာ ပါဝင်သွားသူ တရုတ်နိုင်ငံသားတွေအတွက် အရပ်ဖက်ဆိုင်ရာ တရားစွဲဆိုမှုအားလုံးကို ကိုင်တွယ်ဖို့အတွက် ဘေဂျင်းတရားရုံးချုပ်က ရထားပို့ဆောင်ရေး တရားရုံးကို တာဝန်လွှဲအပ်ထားပါတယ်။

    Arab News