News @ M-Media

Blog

  • ဂျပန်နိုင်ငံတွင် ဇီကာကူးစက်နေသူ ပထမဆုံး တွေ့ရှိ

    ဂျပန်နိုင်ငံတွင် ဇီကာကူးစက်နေသူ ပထမဆုံး တွေ့ရှိ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    zika 11

    – ဘရာဇီးလ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ဆယ်ကျော်သက် ဂျပန်အမျိုးသားတစ်ဦးတွင် ဇီကာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရသည်ဟု ဂျပန်သတင်းဌာန NHK က ကြေငြာလိုက်ပြီး နိုင်ငံအတွင်း ပထမဆုံး ဇီကာဗိုင်းရပ်စ် တွေ့ရှိမှုလည်း ဖြစ်သည်။

    အဆိုပါလူငယ်မှာ မြို့တော်တိုကျို အနောက်တောင်ပိုင်းရှိ ကာနာဂါဝါ ပြည်နယ်မှဖြစ်ပြီး ဘရာဇီးလ်မှ ဂျပန်သို့ ပြန်ရောက်လာပြီးနောက် အဖျားနှင့် အရေပြားယားယံမှု ရောဂါများကို ခံစားခဲ့ရသောကြောင့် ဆေးရုံ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ထိုကဲ့သို့ ဇီကာဗိုင်းရပ်စ် ကူစက်နေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    တိုကျိုကျန်းမာရေးဝန်ကြီးဌာနကမူ NHK ၏ ထိုသတင်းဖော်ပြချက်နှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။ အဆိုပါ ဇီကာဗိုင်းရပ်စ်မှာ ပြီးခဲ့သည့်နှစ် မေလမှစတင်ကာ လက်တင်အမေရိက နိုင်ငံများတွင် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဘရာဇီးလ်နိုင်ငံတွင် ကူးစက်သူပေါင်း ၄၀၀၀ ကျော် ရှိနေသည်။

    ဂျပန်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှုမှာ လွန်ခဲ့သည့် ၃ နှစ်ခန့်က တစ်ကြိမ် တွေ့ရှိခဲ့ရဖူးပြီး ထိုစဉ်ကလည်း နိုင်ငံရပ်ခြားမှ ပြန်ရောက်လာသူထံတွင် တွေ့ခဲ့ရခြင်းဖြစ်သည်။

    Ref: Channelnewsasia

  • အခက်ခဲဆုံးပြိုင်ဘက်မှာ စမောလင်းဖြစ်သည်ဟု လက်စတာတိုက်စစ်မှူး ဗာဒီ ပြော

    အခက်ခဲဆုံးပြိုင်ဘက်မှာ စမောလင်းဖြစ်သည်ဟု လက်စတာတိုက်စစ်မှူး ဗာဒီ ပြော

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    verdy

    – ပရီးမီးယားလိဂ် ဇယားကို ဦးဆောင်နေသည့် လက်စတာအသင်း၏ တိုက်စစ်မှူးဖြစ်သူ ဂျာမီ ဗာဒီက မိမိအတွက် အခက်ခဲဆုံးပြိုင်ဘက်မှာ မန်ယူအသင်းမှ ခရစ်စမောလင်းဖြစ်သည်ဟု ဖွင့်ဟပြောကြားလိုက်သည်။

    အင်္ဂလန်တိုက်စစ်မှူး ဗာဒီမှာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်၌ ၁၉ ဂိုး သွင်းယူထားကာ ဂိုးအများဆုံးသွင်းယူသည့် စာရင်းတွင် ထိပ်ဆုံး၌ ဦးဆောင်နေသည်။ ၎င်းကမူ မိမိအတွက် အခက်အခဲဆုံး ပြိုင်ဘက်မှာ တစ်နိုင်ငံတည်းသား စမောလင်းဖြစ်သည်ဟု ဆိုသည်။

    “တစ်ယောက်ချင်းအဆင့်မှာတော့ ခရစ်စမောလင်းဟာ ကျွန်တော့်အတွက် အခက်ခဲဆုံးပါ။ သူဟာ တော်တော်လေး သန်မာပြီး၊ ဘာမှလုပ်လို့မရအောင်၊ လှည့်ထွက်လို့မရအောင် တားဆီး ပိတ်ပင်တတ်ပါတယ်။ အဲဒီအချိန်မျိုးမှာ အသင်းဖော်တွေကိုလည်း လှုပ်ရှားလို့ရအောင် ဆောင်ရွက်ဖို့ ခက်ပါတယ်” ဟု ဗာဒီက ပြောကြားခဲ့သည်။

    လက်စတာနှင့် မန်ယူတို့မှာ ဧပြီလ ၃၀ ရက်နေ့ နောက်ပိုင်းမှ တွေ့ဆုံရမည်ဖြစ်သောကြောင့် ဗာဒီမှာ စမောလင်းနှင့် လတ်တလော ထိပ်တိုက်တွေ့ဆုံရန် မရှိသေးပေ။

    Ref: Goal

  • ဆီးရီးယားအပစ်ရပ်ရေး သဘောတူညီချက်ကို အဓိက အတိုက်အခံအဖွဲ့က ထောက်ခံ

    ဆီးရီးယားအပစ်ရပ်ရေး သဘောတူညီချက်ကို အဓိက အတိုက်အခံအဖွဲ့က ထောက်ခံ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    syria 5

    – အမေရိကန်နှင့် ရုရှားတို့က ဆောင်ရွက်သော တိုက်ခိုက်မှုရပ်တန့်ရေး အစီအစဉ်တွင် အခြားသောအဖွဲ့များ ပါဝင်လို စိတ် ရှိ၊ မရှိကို စမ်းသပ်သည့်အနေဖြင့် ၂ ပတ်ကြာ ယာယီအပစ်ရပ်ရေး အစီအစဉ်ကို ဆီးရီးယား၏ အဓိက အတိုက်အခံအဖွဲ့ဖြစ်သော High Negotiations Committee က ထောက်ခံခဲ့သည်ဟု သိရသည်။

    ဆီးရီးယားအစိုးရနှင့် လက်နက်ကိုင်သူပုန်အဖွဲ့များအကြား တိုခိုက်မှုများကို ရပ်တန့်ရန်အတွက် အမေရိကန်နှင့် ရုရှားတို့မှာ ယခုသီတင်းပတ်အစောပိုင်းက သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီး ထိုသဘောတူညီချက်တွင် IS အကြမ်းဖက်အဖွဲ့နှင့် အလ်-နူဆရာတပ်ဦးတို့ မပါဝင်ပေ။

    ထိုသဘောူညီချက်မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် အပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးကာ သန်းခေါင်ယံအချိန်တွင် လုံးဝ အပစ်ရပ်ရန် တိုက်တွန်းထားသည်။

    High Negotiations Committee မှ ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ၂ ပတ်တာ ယာယီငြိမ်းချမ်းရေးက အခြားသောအဖွဲ့များအနေဖြင့် အပစ်ရပ်ရေးတွင် ကတိတည်မှု ရှိလားဆိုသည်ကို ဆုံးဖြတ်ရန် အခွင့်အရေးရှိသည်ဟု ဖော်ပြထားသည်။

    ရုရှားကမူ ဆီးရီးယားအစိုးရအနေဖြင့် အဆိုပါ အပစ်ရပ်ရေး သဘောတူညီချက်ကို လေးစားရန် အသင့်ရှိနေသည်ဟု မိမိတို့အား အခိုင်အမာ ပြောကြားထားကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • ယီမင်ဒုက္ခသည်များအတွက် ဆော်ဒီက အိမ်ယာများ ဆောက်လုပ်ပေးမည်

    ယီမင်ဒုက္ခသည်များအတွက် ဆော်ဒီက အိမ်ယာများ ဆောက်လုပ်ပေးမည်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    – လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘုရင်ဆလ်မန်စင်တာ KSCHRW က ဒီဘောက်တီနိုင်ငံမှာ ရှိနေတဲ့ ယီမင်ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးအတွက် အိမ်ယာစုစုပေါင်း အခု ၃၀၀ ဆောက်လုပ်ပေးမယ်လို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

    “ယခုစီမံကိန်းဟာ ဒီဘောက်တီမှာရှိတဲ့ ယီမင်ပြည်သူတွေ ထိခိုက်ခံစားနေရတာ သက်သာစေဖို့ရည်ရွယ်ပါတယ်၊ ဆောက်လုပ်မယ့် အိမ်ယာစနစ်အားလုံးမှာ လေအေးပေးစက်တွေ တပ်ဆင်ပေးသွားပါမယ်” လို့ KSCHRW ရဲ့ အထွေထွေကြီးကြပ်ရေးမှူး ဒေါက်တာ အဘ်ဒူလာ အလ်-ရာဘီယာက ပြောကြားခဲ့ပါတယ်။

    လာမယ့်တစ်ပတ်ထဲမှာ အိမ်ယာတွေကို ဆောက်လုပ်သွားမှာဖြစ်ပြီး အခုသဘောတူညီချက်ဟာ ဘုရင်ဆလ်မန်ရဲ့လမ်းညွှန်မှုနဲ့ ယီမင်ပြည်သူတွေအတွက် စီစဉ်ပေးမယ့် KSCHRW ရဲ့ စီမံကိန်း အခု ၅၀ ထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ အလ်-ရာဘီယာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အိမ်ယာတွေအပြင် ယီမင်ဒုက္ခသည်တွေအတွက် ကျန်းမာရေးအဆောက်အဦးတွေ၊ ဗလီဝတ်ကျောင်းတော်တွေနဲ့ အခြား လိုအပ်တာတွေကိုလည်း KSCHRW က စီစဉ်ပေးသွားဖို့ ရှိနေပါတယ်။

    “မိမိတို့စင်တာဟာ ထိခိုက်ခံစားခဲ့ရတဲ့ ယီမင်ဒုက္ခသည်တွေ အနည်းဆုံး အသက်ရှင်ရပ်တည်ရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ လိုအပ်မယ့်အရာအားလုံးကို ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်” လို့ အလ်-ရာဘီယာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Arabnews

  • လူကုန်ကူးမှုနှင့်ပတ်သက်၍ မြန်မာ ၂ ဦးကို မလေးရှား ဖမ်းဆီး

    လူကုန်ကူးမှုနှင့်ပတ်သက်၍ မြန်မာ ၂ ဦးကို မလေးရှား ဖမ်းဆီး

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    malaysia

    – မလေးရှားနိုင်ငံ ပဲရ်လစ်ပြည်နယ်တွင် တွေ့ရှိခဲ့ရပြီး လူကုန်ကူးခံရသူများဟု ယုံကြည်ရသော လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် မလေးရှားရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်သည်ဟု သိရသည်။

    အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားများဖြစ်ပြီး ၀မ်ကီလီယမ် တောထဲရှိ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာတွင် အစောင့်အဖြစ် တာဝန်ယူခဲ့သည်ဟု ယုံကြည်ရကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဂိုဟ် ကော့လီယန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “သူတို့ ၂ ဦးကို လူကုန်ကူးခံရသူတွေက ရွေးထုတ်ပေးထားတာပါ။ အဲဒီ သံသယရှိသူ ၂ ဦးထံကနေ ကျွန်တော်တို့ စစ်ချက်တွေ ယူနေပါတယ်”

    ထို့ပြင် မြန်မာနှင့် ထိုင်းနိုင်ငံသားများဟု ယူဆရသည့် သံသယရှိသူ နောက်ထပ် ၆ ဦးကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေနေပြီး မကြာမီ ဖမ်းမိရန် မျှော်လင့်ထားသည်ဟု ဂိုဟ်က ထည့်သွင်းပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှဟု ယုံကြည်ရသည့် လူ ၁၀၆ ဦး၏ ရုပ်ကြွင်းများကို မလေးရှား-ထိုင်း နယ်စပ်နီး ၀မ်ကီလီယမ်တောထဲတွင် ပြီးခဲ့သည့်နှစ်က တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ လူကုန်ကူးသည့် အဖွဲ့များကို ပြီးခဲ့သည့် နှစ်အတွင်း နှိမ်နှင်းခဲ့ပြီးနောက် မလေးရှားနိုင်ငံတွင် လူကုန်ကူးသူများအား ထားရှိရာစခန်းများ၊ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားရာ နေရာများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    Ref: Channelnewsasia