News @ M-Media
Blog
  • ဒေါ်နယ်ထရမ့်အား အမေရိကန်ပြည်သူများ ဆန့်ကျင်ဆန္ဒပြ
    ဒေါ်နယ်ထရမ့်အား အမေရိကန်ပြည်သူများ ဆန့်ကျင်ဆန္ဒပြ
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
    M-Media
    anti trump
    – ရီပက်ဘလစ်ကန်သမ္မတလောင်းဖြစ်ရေး ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဆူဆူပူပူဖြစ်စေတဲ့ အပြောအဆိုတွေကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ်မှာ အမေရိကန်ပြည်သူတွေက ဆန္ဒပြမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
    တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အဲဒီဆန္ဒပြမှုမှာ လူရာပေါင်းများစွာ ပါဝင်ခဲ့ပြီး “အမုန်းတရားကိုဆန့်ကျင်ကာ စည်းလုံးကြ၊ ထရမ့်နဲ့ တယူသန်မှုအားလုံးကို ဆန့်ကျင်ကြ” စတဲ့ စာတမ်းတွေကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
    ဆန္ဒပြသူတစ်ဦးက “ထရမ့်ရဲ့ဟောပြောချက်တွေဟာ ကျွန်တော်တို့အားလုံးအတွက် အလွန်ကြောက်မက်ဖွယ်ရာကောင်းတယ်ဆိုတာ တစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးကို သိစေချင်ပါတယ်။ ကျွန်တော်တို့ ဒါကို မထောက်ခံပါဘူး။ ကျွန်တော်တို့က ဒီလိုအမုန်းတရားတွေနဲ့ ခွဲခြားမှုမပါဘဲ ဦးဆောင်မှုပေးနိုင်တဲ့သူမျိုးကိုသာ ရှာဖွေနေတာပါ” လို့ ပြောကြားခဲ့ပါတယ်။
    ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်တဲ့ကာလတစ်လျှောက်လုံး လူဝင်မှုကိစ္စ၊ ဒုက္ခသည်များရဲ့အခြေအနေ၊ အစ္စလာမ်ဘာသာအပေါ် ဝေဖန်ပြောဆိုနေခဲ့တာပါ။ ၂၀၁၅ ဒီဇင်ဘာမှာ အမေရိကန်နိုင်ငံကို ဘယ်မွတ်ဆလင်တစ်ဦးတစ်ယောက်မှ ၀င်ရောက်ခြင်းမပြုဖို့ ၎င်းက ပြောဆိုလိုက်ပြီးနောက်တွင် သူ့အား ပြင်းပြင်းထန်ထန် ၀ိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။
    အခုလို အငြင်းပွားစရာမှတ်ချက်တွေချခဲ့သော်လည်း ထရမ့်အနေနဲ့ နိုင်ငံတစ်ဝှမ်းမှာ မဲအရေအတွက် ဦးဆောင်လျက်ရှိပြီး ရီပက်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း အမည်စာရင်းမှာ လက်ရှိအချိန်ထိ လူကြိုက်အများဆုံးဖြစ်နေခဲ့ပါတယ်။
    Ref : Presstv
  • အေစီမီလန်မှာ တတိယနေရာကို စိန်ခေါ်နိုင်သည်ဟု နည်းပြပြော
    အေစီမီလန်မှာ တတိယနေရာကို စိန်ခေါ်နိုင်သည်ဟု နည်းပြပြော
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
    M-Media
    ac milan
    – မိမိတို့အသင်းမှာ ပိုမိုတောင့်တင်းသည့်အသင်း ဖြစ်လာခဲ့ပြီး စီးရီးအေ ထိပ်ဆုံး ၃ သင်းစာရင်းတွင် ၀င်နိုင်သည်ဟု အေစီမီလန်နည်းပြ စီနီဆာ မီဟိုင်းလိုဗစ်ခ်ျက ပြောကြားလိုက်သည်။
    အေစီမီလန်မှာ ယခုရာသီတွင် ထိပ်ဆုံး၌ရှိနေသည့် အသင်းများဖြစ်သော ရိုမားနှင့် နာပိုလီတို့အား သရေကစားထားကာ ဖီအိုရင်တီးနားနှင့် အင်တာတို့ကိုမူ အနိုင်ကစားထားနိုင်သည်။ လက်ရှိ ပွဲစဉ် ၂၆ အပြီးတွင် အေစီမီလန်မှာ အဆင့် ၆ နေရာတွင်ရှိနေပြီး တတိယနေရာမှ ဖီအိုရင်တီးနားအသင်းနှင့် ၈ မှတ် ကွာဟနေသည်။
    “ဖီအိုရင်တီးနား၊ အင်တာ၊ နာပိုလီတို့အပါအ၀င် ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပြီးတဲ့နောက် တကယ်လို့ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ဟာ တတိယနေရာအတွက် တိုက်ပွဲဝင်နိုင်မှာပါ” ဟု မီဟိုင်းလိုဗစ်ခ်ျက ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အသင်းမှာ ပိုမိုကောင်းမွန်သော ကစားပုံနှင့် ဆုံးဖြတ်ချက်ကို လိုအပ်ကြောင်း၊ အသင်းမှာ ပိုမိုတောင့်တင်းလာပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • အရပ်မြင့်သူများ နှလုံးနှင့် ဆီးချိုဖြစ်နိုင်ချေနည်းပါး၊ ကင်ဆာအန္တရာယ်ပိုများ
    အရပ်မြင့်သူများ နှလုံးနှင့် ဆီးချိုဖြစ်နိုင်ချေနည်းပါး၊ ကင်ဆာအန္တရာယ်ပိုများ
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
    M-Media
    taller people
    – လူတစ်ယောက်ရဲ့ အရပ်အမြင့်ဟာ ကျန်းမာရေးနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာ လေ့လာမှုအသစ်တစ်ရပ်က ဖော်ထုတ်လိုက်ပြီး အရပ်မြင့်တာက ခန္ဓာကိုယ်မှာ အဆီများတာ၊ အခြားသော အကြောင်းအရင်းတွေနဲ့ မဆိုင်ဘဲ ရောဂါအတော်များများ ဖြစ်စေနိုင်တဲ့အပြင် လူရဲ့သေဆုံးမှုနှုန်းအပေါ် အရေးပါတဲ့အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
    ဂျာမနီနိုင်ငံက Institute of Human Nutrition အသင်းက ဒီလေ့လာမှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး အရပ်မြင့်သူတွေဟာ အရပ်ပုသူတွေထက် နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ အမျိုးအစား ၂ ဆီးချို ဖြစ်နိုင်ချေနည်းပါးတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကင်ဆာရောဂါဖြစ်နိုင်ချေကတော့ အရပ်မြင့်သူတွေမှာ ပိုများပါတယ်။
    “ရောဂါထိန်းချုပ်ရေးဆိုင်ရာ သိပ္ပံဌာနရဲ့ အချက်အလက်တွေအရ ၆.၅ စင်တီမီတာ အရပ်အမြင့်လေ နှလုံးသွေးကြောရောဂါနဲ့သေဆုံးနိုင်ချေ ၆ ရာခိုင်နှုန်းလောက် လျော့ကျလေဖြစ်ပါတယ်၊ သို့သော် ကင်ဆာနဲ့သေဆုံးနိုင်ချေကတော့ ၄ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်ဆိုတာ ဖော်ပြနေပါတယ်” လို့ Institute of Human Nutrition က ပရော်ဖက်ဆာ မာသီးယက်စ် ရှာလ်ဇီက ပြောကြားခဲ့ပါတယ်။
    အရင့်မြင့်သူတွေမှာ နှလုံးသွေးကြောရောဂါနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါအန္တရာယ် နည်းပါးသွားရတာဟာ အင်ဆူလင်ကို ပိုမိုတုံ့ပြန်လွယ်ပြီး၊ အသည်းထဲမှာလည်း အဆီပိုနည်းတာကြောင့်ဖြစ်တယ်လို့ လေ့လာမှုမှာ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် ကင်ဆာဖြစ်နိုင်ချေအန္တရာယ် မျာပြားတဲ့အကြောင်း ဆေးပညာရှင်တွေအနေနဲ့ သတိပေးထားသင့်တယ်လို့ လေ့လာမှုမှာ ပါဝင်ခဲ့သူ ပရော်ဖက်ဆာ စတီဖင်က ပြောကြားခဲ့ပါတယ်။
    SM/IINA
  • မွတ်စလင်မ် ကလောင်ရှင်များ ( ပါမောက္ခ ဒေါက်တာ အောင်ဇော် )
    မွတ်စလင်မ် ကလောင်ရှင်များ ( ပါမောက္ခ ဒေါက်တာ အောင်ဇော် )
    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media
    စာအုပ်စင်ကဏ္ဍ –
    UAZ
    – ဒီလထွက်စာအုပ်သစ်များထဲက ရှားပါးမှတ်တမ်းစာအုပ်လေးတစ်အုပ်ကို ညွှန်းလိုပါတယ်။ ပါမောက္ခ ဒေါက်တာ (ဦး)အောင်ဇော် ရဲ့ “မွတ်စလင်မ် ကလောင်ရှင်များ” ဖြစ်ပါတယ်။ ဟုဒိုင်ဗီယာစာပေတိုက်ရဲ့ ပွဲဦးထွက်စာစဉ်(၁)ပါ။ စာရေးသူဟာ “တိုင်းရင်းမွတ်စလင်မ် စာပြုစာဆိုပုဂ္ဂိုလ်ကျော်များ” အမည်နဲ့ စာပြုစာဆိုပုဂ္ဂိုလ် ၁၂၂ ဦးရဲ့ ဘ၀နဲ့စာပေအကြောင်းကို ရေးသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ယခုတစ်ကြိမ်မှာတော့ သက်ရှိထင်ရှားရှိဆဲ မွတ်စလင်မ်ကလောင်ရှင်များ(အများစု)အကြောင်းကို လက်လှမ်းမီသမျှ စုဆောင်းဖော်ထုတ်မှတ်တမ်းတင်ထားကြောင်း၊ မိမိဆန္ဒအလျောက် မှတ်တမ်းတင်မခံလိုသူနဲ့ လက်လှမ်းမမီသေးသူများ ကျန်ရစ်နေသေးကြောင်း၊ အခြေအနေပေးပါက ပါသင့်ပါထိုက်သူများ ပါအောင် ထပ်မံကြိုးပမ်းရဦးမှာဖြစ်ကြောင်း စာရေးသူက အမှာစာမှာ ရေးသားဖော်ပြထားပါတယ်။
    စာအုပ်တန်ဖိုး ၂၅၀၀ ကျပ်၊ ဖြန့်ချိရေးကတော့ Noble Brothers Co., Ltd အမှတ် ၁၃၃၊ ၇ လွှာ၊ အခန်းအမှတ် ၇၁၂၊ စက်ရုံလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး၊ ဖုန်း – ၀၉ ၅၀၇၃၃၁၃ ကို ဆက်သွယ်မှာကြားနိုင်ပါတယ်။
  • အစွန်းရောက်မှုကျွတ်တန်းဝင်ခဲ့သူ ကျွန်တော့်မိတ်ဆွေ
    အစွန်းရောက်မှုကျွတ်တန်းဝင်ခဲ့သူ ကျွန်တော့်မိတ်ဆွေ
    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media
    အာဖဂန်မှ တာလီဘန် တပ်ဖွဲ့ဝင်များ
    –  အနောက်တိုင်းမှာ မွတ်စ်လင်မ်တစ်ဦးက အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ပြုလုပ်တိုင်း “သူတို့က ငါတို့ကို ဘာကြောင့် မုန်းတီးနေတာလဲ” ဆိုတဲ့ မေးခွန်း ထွက်ပေါ်လာလေ့ရှိတယ်။
    (အဲ့ဒီအခါမှာ) ကျွန်တော့်သူငယ်ချင်း “ရဖီးအုလ္လာဟ် ကာကာ” ထံက စိတ်အနှောင့်အယှက်ဖြစ်စရာ အဖြေမျိုးတွေ ထွက်ရှိလာတတ်ပါတယ်။ သူဟာ ကျွန်တော် သိကျွမ်းသမျှလူတွေထက် အံ့သြထူးခြားတဲ့ဘ၀ကို ဖြတ်ကျော်လာခဲ့သူဖြစ်တယ်။ ရဖီးဟာ တာလီဘန်ကို ထောက်ခံပြီး အမေရိကန်နိုင်ငံကို မုန်းတီးနေခဲ့တဲ့ ပါကစ္စတန်လူငယ်တစ်ဦးပါ။ ရဖီးရဲ့အစ်ကိုက တာလီဘန်အဖွဲ့ထဲ ကာလတစ်ရပ်အထိ ၀င်ရောက်ခဲ့သူဖြစ်ပေမယ့် ခုချိန်မှာ တာလီဘန်တွေက ရဖီးကို သတ်ဖို့ကြိုးစားလာမလားဆိုပြီး ကျွန်တော် စိုးရိမ်နေမိတယ်။ ဒါပေမယ့်လည်း ကျွန်တော် အတွေးလွန်နေတာပဲ ဖြစ်ပါစေ။
    ရဖီးမှာ မောင်နှမ ၁၃ ဦးရှိတယ်။ မျိုးနွယ်စုပဋိပက္ခတွေနဲ့ ကျော်ကြားလှတဲ့ အာဖဂန်နယ်စပ်အနီး ရွှံ့တဲလေးတစ်လုံးအတွင်းမှာ သူတို့ ကြီးပြင်းလာကြတယ်။ မိဘနှစ်ပါးကတော့ စာပေမတတ်ရှာတဲ့ လယ်သမားတွေဖြစ်တယ်။ ပဉ္စမတန်းပြီးစီးချိန်မှာပဲ မဒရဆာ(ဘာသာရေးစာသင်ကျောင်း) အပို့ခံလိုက်ရလို့ ရဖီးရဲ့ပညာရေးက အဆုံးသတ်သွားခဲ့တယ်။ သူ့မိခင်က သူ့ကို ဟာဖိဇွ်(ကုရ်အာန်ကျမ်းအာဂုံဆောင်သူ) ဖြစ်စေချင်နေခဲ့တာလေ။
    “လူတွေက သူတို့ရဲ့ကလေးငယ်တွေကို ဟာဖိဇ်ွကျောင်း ပို့လိုကြတဲ့အကြောင်းရင်းတစ်ခုကတော့ – ဟာဖိဇ်ွတစ်ပါးဟာ သုခဘုံကို ၀င်ရောက်ခွင့်ရသလို နောက်ထပ်လူ ၁၀ ဦးကိုလည်း ခေါ်ဆောင်သွားနိုင်တယ်လေ။ ကျွန်တော့်မိခင်က ကျွန်တော့်ကို ဟာဖိဇွ် ဖြစ်စေလိုတယ်။ ကျွန်တော်ဟာ သူမအတွက် သုခဘုံဝင်ခွင့်လက်မှတ် ဖြစ်စေနိုင်လို့ပါပဲ” ဆိုပြီး ရဖီးက သုခဘုံရောက်နိုင်ရေးနဲ့ပတ်သက်တဲ့ ဒေသန္တရဆိုင်ရာယုံကြည်မှုတစ်ခုကို ရှင်းပြတယ်။
    အဆုံးသတ်ကျတော့ ရဖီးရဲ့ဘ၀ အသွင်ပြောင်းသွားခဲ့တယ်။ သူ့ရဲ့အစ်ကိုအကြီးဆုံး အခ်သာရ်က မရအရ ငွေရှာပြီး ရဖီးကို ဘလူးချစ္စတန်ခရိုင်က အကောင်းဆုံးအများပိုင်ကျောင်းကို ပို့လိုက်တယ်။ ရဖီးဟာ ဥာဏ်ရည်ထက်မြက်ပြီး အတန်းထဲမှာလည်း ထိပ်တန်းအဆင့်ဝင်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူဟာ အစ္စလာမ်နိုင်ငံရေးဆိုတဲ့ မှိုင်း မိသွားခဲ့ရတယ်။ ၀ါရင့်သမ္ဘာရင့် အစ္စလာမ့်ရေးရာဆရာတစ်ဦးတစ်ဦးက သူ့ကို အနောက်တိုင်းရွံရှာသူ တာလီဘန်ဘက်တော်သားအဖြစ် ပုံသွင်းလိုက်ပါတယ်။
    “၉/၁၁ အရေးအခင်းဟာ အမေရိကန်တွေကိုယ်တိုင်ကပဲ ပြုလုပ်ခဲ့ခြင်းဖြစ်တယ်၊ အဲ့ဒီအခင်းဖြစ်ပွားတဲ့နေ့က ဂျူးလူမျိုး ၄၀၀၀ လုပ်ငန်းခွင်ကို ရောက်မလာခဲ့ဘူးဆိုတဲ့ အခြေအမြစ်မဲ့အဆိုတွေကို ကျွန်တော် ထောက်ခံခဲ့တယ်။ တာလီဘန်တွေက အလွတ်တန်းတိုက်ခိုက်ရေးသမားတွေလို့ ကျွန်တော် ထင်မြင်ခဲ့တယ်လေ”။
    အစွန်းရောက်ဝါဒရဲ့အဆိပ်ဖြေဆေးဟာ ပညာရေးဖြစ်တဲ့အကြောင်း ကျွန်တော် မကြာခဏ ရေးသားလေ့ရှိပါတယ်။ သို့သော်လည်း ပါကစ္စတန်မှာကျတော့ အထက်တန်းကျောင်းက ရဖီးကို အယူသည်းတစ်ယူသန် ဖြစ်သွားစေခဲ့တယ်။ “ပညာရေးဆိုတာလည်း ပြဿနာတစ်ခု ဖြစ်လာစေနိုင်ပါတယ်” လို့ သူက သရော်စကားဆိုပါတယ်။
    သူပြောတာလည်း မမှားပါဘူး။ ပညာရေးရဲ့သြဇာကလည်း အဲ့ဒီအခြေအနေမျိုးရောက်အောင် လွယ်ကူသွားစေနိုင်တယ်လေ။ အိုဆာမာ ဘင်လာဒင်က အင်ဂျင်နီယာတစ်ဥိးဖြစ်တယ်။ လက်ရှိ အလ်ကိုင်ဒါအဖွဲ့ခေါင်းဆောင် အိုင်မန် အလ်ဇ၀ါဟ်ရီကလည်း ဘာသာစကားသုံးမျိုးကျွမ်းကျင်သူ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်နေပါတယ်။ ပါကစ္စတန်ဆရာဝန် သို့မဟုတ် အင်ဂျင်နီယာအချို့ဟာ ရံဖန်ရံခါ အစွန်းရောက်ဝါဒီတွေ ဖြစ်သွားတတ်တယ်၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံရဲ့ပညာရေးစံနစ်က ဝေဖန်ပိုင်းခြားနိုင်သောစွမ်းရည်မပါဝင်တဲ့ ဘွဲ့လက်မှတ်တစ်ခု ရယူရေးကိုသာ လမ်းကြောင်းပေးထားလို့ပါပဲ လို့ဆိုပြီး ရဖီးက
    မှတ်ချက်ပြုထားပါတယ်။
    အလှူရှင်တိုင်းပြည်များအနေနဲ့ ပညာရေးကို အားပေးသင့်ပေမယ့် သင်ရိုးညွှန်းတမ်းတွေကို ပိုပြီး အလေးထားကရုပြုသင့်ပါတယ်လို့ ရဖီးက ဆိုတယ်။ သူမှန်တယ်လို့ ကျွန်တော် ထင်မြင်တယ်။ အာဖရိကနဲ့ အာရှတိုက်က ဆင်းရဲတဲ့နိုင်ငံများရဲ့ အစွန်းရောက်မဒရဆာကျောင်းများကို ငွေကြေးထောက်ပံ့ပေးနေကြတဲ့ ဆော်ဒီအာရေဗျလို တိုင်းပြည်တွေအပေါ် ကျွန်တော်တို့ ပိုမို ဖိအားပေးရမှာလည်း ဖြစ်ပါတယ်။
    မိန်းကလေးများရဲ့ပညာရေးကဏ္ဍမှာလည်း ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံရပါဦးမယ်။ ဒီအချက်က လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို အပြောင်းအလဲဖြစ်စေနိုင်လို့ပါ။ ပညာတတ်အမျိုးသမီးတွေဟာ ကလေး အများအပြား မယူတတ်ကြတဲ့အတွက် လူငယ်တွေ ဘေးထွက်ပျက်စီးမှုကို လျှော့ချရာလည်း ရောက်ပါတယ်။ ဒါဟာ (လူငယ်တွေ ဘေးထွက်ပျက်စီးတာဟာ) အစွန်းရောက်ဝါဒ၊ စစ်မက်တွေနဲ့ အပြန်အလှန်ဆက်နွှယ်နေခြင်းရဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်နေတယ်။ ဒါ့အပြင် ပညာသင်မိန်းကလေးများကလည်း ပညာသင်ယောက်ျားလေးများကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ရဖီးလိုမျိုးပေါ့။
    လာဟိုမြို့ကောလိပ်ကို ရဖီး သွားတက်တဲ့အချိန်ကျမှ ပညာတတ်အမျိုးသမီးများကို ပထမဆုံး ကြုံဆုံခဲ့ရတယ်။ အမျိုးသမီးတွေဟာ ဥာဏ်ရည်တစ်ဆင့်နိမ့်ကျပြီး ပညာတတ်အမျိုးသမီးတွေက အကျင့်စာရိတ္တ ယိုယွင်းနေသူတွေလို့ တစ်ချိန်က သူ ထင်မှတ်ထားခဲ့တယ်။
    “ကျွန်တော် ဘယ်အမျိုးသမီးနဲ့မှ ပြောဆိုဆက်ဆံတာမျိုး မရှိခဲ့ဖူးဘူး။ ကောလိပ်ရောက်တဲ့အခါကျမှ အတန်းထဲမှာ ထူးချွန်လှတဲ့၊ ပွင့်လင်းဖော်ရွေတဲ့ အမျိုးသမီးတွေရှိနေတာကို တွေ့ရတဲ့အခါ ကျွန်တော် တအံ့တသြဖြစ်သွားရပါတယ်”။
    ဒါဟာ မိန်းကလေးတွေရဲ့ပညာသင်ကြားရေးကို နားလည်ခံစား-အားပေးထောက်ခံသူဖြစ်လာအောင် ရဖီးကို တွန်းပို့လိုက်တဲ့အကြောင်းတွေထဲက ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ သူ့မိသားစုဝင်အတွင်းမှာပါ တိုက်တွန်းလာစေခဲ့တယ်။ သူ့အစ်မကြီးများက စာပေမတတ်ကြပေမယ့် ညီမအငယ်ဆုံးကတော့ ကောလိပ်တက်နေပါပြီ။
    my friend
    ယခင်တာလီဘန်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ခဲ့သူ ရဖီးအုလ္လာဟ် ကာကာ
    ရဖီးဟာ South Dakota က Augustana ကောလိပ်မှာ ပညာသင်ကြားဖို့ ဖူးလ်ဘရိုက် Fulbright စကောလားရှစ်ကို ရရှိခဲ့တယ်။ အဲ့ဒီအတွေ့အကြုံက သူ့ကို အမေရိကန်နိုင်ငံအပေါ် ပိုပြီး နားလည်သွားစေပါတယ်။ သို့ပေမယ့်လည်း အမေရိကန်ရဲ့မူဝါဒအများအပြားကို စိတ်တိုင်းမကျ ဖြစ်နေဆဲပါ။ ကောလိပ်တက်ပြီး Rhodes စကောလားရှစ်ကို ထပ်မံရရှိတယ်။ အဲ့ဒီနောက် ယမန်နှစ်မှာ အော့စ်ဖို့ဒ် Oxford တက္ကသိုလ်ကနေ ဘွဲ့ဆွတ်ခူးရယူနိုင်ခဲ့တယ်။
    သူ အခု လန်ဒန်မှာ ရှိနေပြီး ပါကစ္စတန်သတင်းစာတွေမှာ စာရေးနေပါတယ်။ ဘလူးချစ္စတန်က ဆင်းရဲချို့တဲ့ကလေးငယ်များအတွက် ဘော်ဒါကျောင်းတစ်ခု စတင်တည်ထောင်နိုင်အောင် ပြည်တော်ပြန်ရေးကို စီစဉ်နေပါတယ်။ နိုင်ငံရေးလောကထဲလည်း ခြေစုံပစ် ၀င်ရောက်မှာဖြစ်ပါတယ်။ တကယ်လို့ သူ့ရဲ့ ရွာပြန်ခရီးမှာ တာလီဘန်တွေ ဒုက္ခမပေးခဲ့ဘူးဆိုရင်ပေါ့။
    ဒီနေ့မှာတော့ ရဖီးဟာ တာလီဘန်၊ အခြေအမြစ်မဲ့အဆိုတွေ၊ အမေရိကန်ဆန့်ကျင်ရေးမျက်ကန်းဝါဒတွေအပေါ် ပယ်လှန်တဲ့ အသံရှင်တစ်ဦး ဖြစ်နေပါပြီ။ အမေရိကန်ပြည်ထောင်စုက ဒေါ်နယ်ထရမ့်ရဲ့ မွတ်စ်လင်မ်တားဆီးရေးအဆိုကို လက်မခံခြင်း အကြောင်းရင်းလည်း ပါဝင်ပါတယ်။ ဒေါ်နယ်ထရမ့်လို အစွန်းရောက်အမေရိကန်တွေရဲ့အသံတွေက အစ္စလာမ်ကမ္ဘာတစ်ခွင်က အစွန်းရောက်သမားတွေရဲ့အသံများကို ထပ်ဆင့် အားဖြည့်ပေးနေတာဖြစ်တယ်လို့ ရဖီးက ဆိုပါတယ်။
    အစ္စလာမ်လောကထဲက အစွန်းရောက်ဝါဒကို တိုက်ခိုက်ဖို့အတွက် အနောက်တိုင်းဟာ ဒရုန်းတိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေ၊ ပြည်ပစစ်စခန်းတွေမှာ ဒေါ်လာဘီလီယံနဲ့ချီပြီး အသုံးပြုနေကြတယ်။ ဒါပေမယ့် ပညာရေးနဲ့ အမျိုးသမီးများဘ၀မြှင့်တင်ရေးကဏ္ဍကို ကျွန်တော်တို့ လျစ်လျူရှုထားကြတယ်။ တကယ်လို့ နည်းမှန်လမ်းမှန်ပြုလုပ်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် အသွင်ကူးပြောင်းမှု ပိုမိုချောမွေ့သွားစေမှာဖြစ်ပါတယ်။ စစ်သည်တစ်ဦးအတွက် တစ်နှစ်စာကုန်ကျစားရိတ်က စာသင်ကျောင်း ၂၀ ကို လည်ပတ်စေနိုင်တာကြောင့် ဘယ်ဖက်ကို အလေးပေးသင့်သလဲဆိုတာ ကျွန်တော်တို့ စဉ်းစားသုံးသပ်ရပါတော့မယ်။
    မည်သို့ပင်ဆိုစေ အစွန်းရောက်ဝါဒဆန့်ကျင်ရေးမှာ စာအုပ်တစ်အုပ်က ပိုမိုအစွမ်းထက်တဲ့ အင်အားစုတစ်ရပ် ဖြစ်လာစေနိုင်တယ်လို့ ရဖီးက ကျွန်တော်တို့ကို သင်ကြားပေးလိုက်ပါပြီ။ ဒါပေမယ့် အဲ့ဒီစာအုပ်ဟာ မှန်ကန်ကောင်းမွန်တဲ့စာအုပ် ဖြစ်ရပါလိမ့်မယ်။
    မူရင်း – My Friend, the Former Muslim Extremist by Nicholas Kristof ; The New York Times
    ပြန်ဆိုသူ – လှိုင်းသစ်အောင်