News @ M-Media

Blog

  • အမေရိကန်စစ်အခြေစိုက်စခန်းအတွက် ဂျပန်ပြည်သူများ ထပ်မံဆန္ဒပြ

    အမေရိကန်စစ်အခြေစိုက်စခန်းအတွက် ဂျပန်ပြည်သူများ ထပ်မံဆန္ဒပြ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media

    japan 3

    – အိုကီနာဝါကျွန်း တောင်ဘက်မှာ အမေရိကန်စစ်စခန်းတစ်ခု ပြန်လည်နေရာရချထားရေး ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချတဲ့အနေနဲ့ မြို့တော်တိုကျိုရဲ့ လမ်းတွေပေါ်မှာ ယမန်နေ့က လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။

    ဆန္ဒပြသူ ၂၈၀၀၀ ခန့်ဟာ တိုကျိုမြို့လယ်ခေါင်က ပါလီမန်အဆောက်အအုံကို ၀ိုင်းထားခဲ့ပြီး လက်တွေကို ချိတ်ဆက်ကာ “စစ်စခန်းမဆောက်ရ” လို့လည်း ဟစ်အော်ခဲ့ကြပါတယ်။ နိုင်ငံတစ်ဝှမ်းက အခြားမြို့တွေမှာလည်း ဂျပန်ပြည်သူတွေက အဲဒီလို ဆန္ဒပြမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

    အမေရိကန်ရဲ့ Futenma ရေတပ်အခြေစိုက်စခန်း တည်ရှိတဲ့နေရာဟာ လူဦးရေ သိပ်သည်းလာတဲ့အတွက် အိုကီနာဝါကို ပြောင်းရွှေ့ဖို့ အမေရိကန်နဲ့ ဂျပန်တို့က ၁၉၉၆ ခုနှစ်မှာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းက မြေပြင်စစ်ပွဲတွေရဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ အိုကီနာဝါပြည်သူတွေကတော့ အမေရိကန် စစ်အခြေစိုက်စခန်းကို လုံးဝ ရွှေ့ပြောင်းစေချင်ကြပါတယ်။

    အဲဒီစစ်အခြေစိုက်စခန်းက အမေရိကန်စစ်သားတွေကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကိုလည်း ဂျပန်ပြည်သူတွေက ထောက်ပြကြပါသေးတယ်။ အိုကီနာဝါကျွန်းဟာ ဂျပန်ကျွန်းမကြီးထက် ထိုင်ဝမ်နဲ့ပိုနီးပြီး ဂျပန်နိုင်ငံမှာရှိနေတဲ့ အမေရိကန်စစ်သားတွေရဲ့ ထက်ဝက်လောက်က အဲဒီကျွန်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။

    မနှစ်က အောက်တိုဘာလမှာ အိုကီနာဝါအုပ်ချုပ်ရေးမှူး တာကီရှီအိုနာဂါက အငြင်းပွားစရာဖြစ်နေတဲ့ အမေရိကန်စစ်အခြေစိုက်စခန်း ရွှေ့ပြောင်းခွင့်ကို ငြင်းဆန်ခဲ့ပါတယ်။ သို့သော် ဂျပန်အစိုးရက မြို့တော်ဝန်ကို တရားရုံးမှာ အမှုဖွင့်လိုက်ပြီး အဆိုပါစခန်းကို ပြန်လည်နေရာချခွင့် ခွင့်ပြုမှသာလျှင် အမှုရုတ်သိမ်းပေးမယ်လို့ဆိုပါတယ်။

    Ref; Presstv

  • အင်တာမီလန်သို့ ပြန်လာနိုင်သည်ဟု မော်ရင်ဟိုပြော

    အင်တာမီလန်သို့ ပြန်လာနိုင်သည်ဟု မော်ရင်ဟိုပြော

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆
    M-Media

    inter

    – မိမိ၏ အနာဂတ်တွင် အင်တာမီလန်အသင်းအား နည်းပြနိုင်ဖွယ်ရှိနေသည်ဟု အသင်းလက်မဲ့ဖြစ်နေသည့် မော်ရင်ဟိုက ၀န်ခံပြောကြားလိုက်သည်။

    အသက် ၅၃ နှစ်အရွယ် မော်ရင်ဟိုမှာ ယမန်နေ့က အင်တာမီလန်အသင်းနှင့် ဆမ်ဒိုးရီးယားအသင်းတို့၏ ပွဲစဉ်ကို ဧည့်သည်တော်အဖြစ် တက်ရောက်ကြည့်ရှုခဲ့သည်။ ချယ်ဆီးမှ ထုတ်ပယ်ခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် မော်ရင်ဟိုမှာ မန်ယူအား ရာသီကုန်တွင် ကိုင်တွယ်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။ အင်တာမီလန်ကို မော်ရင်ဟိုက ၂ နှစ်ကြာ ကိုင်တွယ်ခဲ့ဖူးပြီး နောက်ဆုံးနှစ်ဖြစ်သော ၂၀၁၀ ခုနှစ်တွင် ဖလားသုံးလုံးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    “မိမိရဲ့ မိသားစုကိုဆီကို ပြန်ရောက်လာသလိုပါပဲ။ ကျွန်တော်ထွက်ခွာသွားတာ ၆ နှစ်ကြာခဲ့ပေမယ့် ၆ ရက်လောက်ပဲရှိသေးတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ရလဒ်တွေ၊ အောင်မြင်မှုတွထက်ပိုပြီး ဘောလုံးလောကမှာ အရေးအကြီးဆုံးကတော့ အမြဲတမ်းကျန်ရစ်နေမယ့် အပြန်အလှန်ခင်မင်နားလည်မှုနဲ့ ရင်းနှီးမှုပါပဲ။ တစ်နေ့ပြန်လာနိုင်မလားဆိုရင်တော့ – ဘာ့ကြောင့် ပြန်မလာနိုင်ရမှာလဲ။ ကျွန်တော် ချယ်ဆီးကို ပြန်သွားခဲ့တယ်။ ဒါဆို ဘာ့ကြောင့် အင်တာကို ပြန်မလာနိုင်ရမှာလဲ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အိန္ဒိယတွင် မျိုးနွယ်စုတစ်စု ဆန္ဒပြမှုအတွင်း လူ ၁၀ ဦးသေဆုံး

    အိန္ဒိယတွင် မျိုးနွယ်စုတစ်စု ဆန္ဒပြမှုအတွင်း လူ ၁၀ ဦးသေဆုံး

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆
    M-Media

    india 4

    – အိန္ဒိယအစိုးရ၏ မျိုးနွယ်စုအခြေခံ ခွဲတမ်းစနစ်တွင် ပါဝင်ခွင့်မရမှုကို ဆန့်ကျင်သည့်အနေဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် ဂျတ် မျိုးနွယ်မှ ပြုလုပ်သော ဆန္ဒပြမှုအတွင်း အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ပြီး ၁၅၀ ဒဏ်ရာရရှိခဲ့သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    အဆိုပါဆန္ဒပြမှုမှာ နိုင်ငံမြောက်ပိုင်း ဟာရ်ယာနာပြည်နယ်တွင် တစ်ပတ်ကြာ ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က တိုက်ခိုက်မှုများလည်း ဖြစ်ခဲ့ကာ မြို့တော်နယူးဒေလီသို့ ရေပေးဝေနေသည့် စနစ်ကို ဆန္ဒပြသူများက ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် နယူးဒေလီရှိ ရေးပေးဝေမှုမှာလည်း ထိခိုက်ခဲ့သည်။

    အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရိုးရာအရ ခွဲခြားဆက်ဆံခြင်းခံခဲ့ရသော မျိုးနွယ်များအား ကူညီရန်အတွက် စနစ်တစ်ခုကို ပြဌာန်းထားပြီး ထိုစနစ်တွင် ပါဝင်မှုမရခြင်းအတွက် ဂျတ် မျိုးနွယ်များက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထိုဆန္ဒပြမှုမှာ သောကြာနေ့တွင် အကြမ်းဖက်မှုအသွင် ဖြစ်လာခဲ့ပြီး ကျောင်းများ၊ ဆိုင်များ၊ အစိုးရအဆောက်အဦးများ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့ပြင် ဆန္ဒပြသူများမှာ ကားလမ်းများကိုလည်း ပိတ်ပင်ခဲ့ကြသည်။

    လက်ရှိအချိန်တွင် ဟာရ်ယာနာပြည်နယ်တွင် စစ်သားထောင်ပေါင်းများစွာကို တပ်ဖြန့်ချထားပြီး မသင်္ကာပါက ပစ်ခတ်ခွင့်ကိုလည်း ပေးထားသည်။

    Ref: Aljazeera

  • ထောပတ်သီးစားခြင်းက ခန္ဓာကိုယ်ရှိ အဆီကို သိသိသာသာလျှော့ချပေးနိုင်

    ထောပတ်သီးစားခြင်းက ခန္ဓာကိုယ်ရှိ အဆီကို သိသိသာသာလျှော့ချပေးနိုင်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆
    M-Media

    fruit

    – လူ့ရဲ့ ခန္ဓာကိုယ်မှာ ပိုနေတဲ့ ကိုလက်စထရောတွေကို ထောပတ်သီးက သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုအသစ်အရ တွေ့ရှိရပါတယ်။

    ကယ်လီဖိုးနီးယားပြည်နယ် Hass Avocado Board အဖွဲ့က သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုအရ ဒီလို တွေ့ရှိခဲ့ရတာဖြစ်ပြီး အဆီကျစေတာအပြင် ထောပတ်သီးဟာ နှလုံးရောဂါ ဖြစ်နိုင်ချေကိုပါ လျှော့ချပေးတယ်လို့ ဆိုပါတယ်။ အဖွဲ့ရဲ့အုပ်ချုပ်မှုဒါရိုက်တာ အမီလီယာနို အက်စ်ကိုဘီဒိုက “နေ့စဉ်စားသုံးတဲ့ အစားအသောက်ပုံစံမှာ လတ်ဆတ်တဲ့ထောပတ်သီးတွေဟာ အကျိုးကျေးဇူး အများကြီးရှိတယ်ဆိုတာ ယခုလေ့လာမှုက သက်သေပြလိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီတွေ့ရှိချက်ကို Jornal of Clinical Lipidology မှာ ဖော်ပြခဲ့တာဖြစ်ပြီး ထောပတ်သီးဟာ အဆီခဲကို ပျော်စေနိုင်တယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်တွေက စံချိန်မီ ထောပတ်သီး ၁၀ လုံးနဲ့ လူ ၂၂၉ ယောက်ကို စမ်းသပ်ခဲ့တာဖြစ်ပြီး ကိုလက်စထရောအပေါ်မှာ ထောပတ်သီးရဲ့အကျိုးသက်ရောက်မှုကို စောင့်ကြည့် တိုင်းတာခဲ့ကြပါတယ်။

    တစ်နေ့ကို ထောပတ်သီးတစ်လုံးကနေ တစ်လုံးခွဲအထိ စားသုံးခြင်းက ကိုလက်စထရော စုစုပေါင်းကို သိသိသာ
    သာကျဆင်းစေတဲ့အကြောင်း တွေ့ရှိခဲ့ကြပါတယ်။ Hass Avocado Board အဖွဲ့က အာဟာရဆိုင်ရာ ဒါရိုက်တာ ဒေါက်တာနစ်ကီဖို့ဒ်က “ထောပတ်သီးဟာ အာဟာမျှတစွာ စားသောက်မှုပုံစံရဲ့ တစ်စိတ်တစ်ပိုင်း၊ ကိုလက်စထရောကင်း အစားထိုးအစားအစာဖြစ်သလို ပုံမှန်ကိုလက်စထရောအဆင့် ရှိနေအောင် ထိန်းသိမ်းဖို့အတွက် အကူအညီဖြစ်စေတဲ့ အသီးလည်းဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ကလေးသူငယ်အခွင့်အရေး စီမံကိန်းအတွက် အသက် ၁၇ နှစ်အရွယ် ကျောင်းသူကို ဆော်ဒီရွေးချယ်

    ကလေးသူငယ်အခွင့်အရေး စီမံကိန်းအတွက် အသက် ၁၇ နှစ်အရွယ် ကျောင်းသူကို ဆော်ဒီရွေးချယ်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆
    M-Media

    saudi girl

    – ကလေးသူငယ်အခွင့်အရေး လှုပ်ရှားမှု အသိပညာပေး စီမံကိန်းမှာ ဦးဆောင်ဖို့အတွက် ဆော်ဒီလူ့အခွင့်အရေးကော်မရှင် HRC က အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦးကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

    ရာဝမ် အလ်-မရ်ဝါနီဆိုသူ ဖြစ်ပြီး HRC ရဲ့ စီမံကိန်းတွေဖန်တီးဖို့အတွက် လူငယ်တွေဆီကနေ အတွေးအမြင်တွေကို ရယူမှတ်တမ်းတင်ဖို့ တာဝန်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။ အလ်-မရ်ဝါနီဟာ ရေဒီယို အစီအစဉ်တစ်ခုမှာ ကလေးသူငယ် အခွင့်အရေးအကြောင်းကို ထုတ်လွှင့်တင်ဆက်နေသူလည်း ဖြစ်ပါတယ်။

    သူကမလည်း HRC ရဲ့ အဲဒီစီမံကိန်းမှာ ပါဝင်လုပ်ဆောင်ဖို့ စိတ်လှုပ်ရှားနေတယ်လို့ ဆိုပြီး၊ အသက် ၁၈ နှစ်မပြည့်သေးတဲ့အတွက် မလုပ်ဖို့တိုက်တွန်းသူတွေလည်း ရှိနေပါတယ်။

    “ဒီအတားအဆီးကို ဖြတ်ကျော်ဖို့ ကျွန်မ ကြိုးစားနေပါတယ်။ ကလေးသူငယ်နဲ့ လူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်ဖို့ ကျွန်မ စိတ်နှစ်မြုပ် ဆောင်ရွက်သွားမှာပါ။ ကိုယ်နေချင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရေး ကူညီရာမှာ လူတိုင်း အခွင့်အရေးတစ်ခုရရှိဖို့ဆိုတာ ကျွန်မအတွက် သိပ်အရေးကြီးပါတယ်” လို့ အလ်-မရ်ဝါနီက ပြောကြားခဲ့ပါတယ်။

    အလ်-မရ်ဝါနီဟာ သူမအသက် ၉ နှစ်အရွယ် ၂၀၀၇ ခုနှစ်ကတည်းက ကလေးသူငယ်ဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စိတ်ကိုကုစားပေးတဲ့ နည်းလမ်တစ်ခုကို တီထွင်ခဲ့သူ တိုနီဘူဇန်နဲ့တွေ့ပြီး ၂၀၀၉ ခုနှစ်မှာ သူ့ရဲ့ သင်တန်းကို တက်ပြီးတဲ့နောက်ပိုင်းမှာတော့ သူမဟာ အာရပ်ကမ္ဘာမှာ အသက်အငယ်ဆုံး စိတ်ပိုင်းဆိုင်ရာ ကုသသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

    ၂၀၁၀ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် လူသားထုဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်၊ ၂၀၁၁ ခုနှစ် မတ်လအတွင်း အမျိုးသားစကားဝိုင်းညီလာခံ၊ ၂၀၀၁ ခုနှစ် ဒီဇင်ဘာက TEDx Dirah အမျိုးသမီးညီလာခံ စတာတွေအပါအ၀င် အမျိုးမျိုးသော ကလေးငယ်သူငယ်အခွင့်အရေး ဖိုရမ်နဲ့ ညီလာခံတွေမှာ မိန့်ခွန်းပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အလ်မရ်ဝါနီက သူမရဲ့ အတွေ့အကြုံတွေကိုလည်း စာအုပ်အဖြစ်ရေးသားနေပြီး ဒီနှစ်ကုန်ပိုင်းမှာ ထွက်ဖို့ရှိနေပါတယ်။ သူမ ဒီလိုအောင်မြင်လာမှုမှာ အဓိက အရေးပါသူကတော့ မိသားစုပဲဖြစ်တယ်လို့ အလ်-မရ်ဝါနီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: ArabNews