News @ M-Media

အမေရိကန်စစ်အခြေစိုက်စခန်းအတွက် ဂျပန်ပြည်သူများ ထပ်မံဆန္ဒပြ

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
M-Media

japan 3

– အိုကီနာဝါကျွန်း တောင်ဘက်မှာ အမေရိကန်စစ်စခန်းတစ်ခု ပြန်လည်နေရာရချထားရေး ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချတဲ့အနေနဲ့ မြို့တော်တိုကျိုရဲ့ လမ်းတွေပေါ်မှာ ယမန်နေ့က လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူ ၂၈၀၀၀ ခန့်ဟာ တိုကျိုမြို့လယ်ခေါင်က ပါလီမန်အဆောက်အအုံကို ၀ိုင်းထားခဲ့ပြီး လက်တွေကို ချိတ်ဆက်ကာ “စစ်စခန်းမဆောက်ရ” လို့လည်း ဟစ်အော်ခဲ့ကြပါတယ်။ နိုင်ငံတစ်ဝှမ်းက အခြားမြို့တွေမှာလည်း ဂျပန်ပြည်သူတွေက အဲဒီလို ဆန္ဒပြမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

အမေရိကန်ရဲ့ Futenma ရေတပ်အခြေစိုက်စခန်း တည်ရှိတဲ့နေရာဟာ လူဦးရေ သိပ်သည်းလာတဲ့အတွက် အိုကီနာဝါကို ပြောင်းရွှေ့ဖို့ အမေရိကန်နဲ့ ဂျပန်တို့က ၁၉၉၆ ခုနှစ်မှာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းက မြေပြင်စစ်ပွဲတွေရဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ အိုကီနာဝါပြည်သူတွေကတော့ အမေရိကန် စစ်အခြေစိုက်စခန်းကို လုံးဝ ရွှေ့ပြောင်းစေချင်ကြပါတယ်။

အဲဒီစစ်အခြေစိုက်စခန်းက အမေရိကန်စစ်သားတွေကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကိုလည်း ဂျပန်ပြည်သူတွေက ထောက်ပြကြပါသေးတယ်။ အိုကီနာဝါကျွန်းဟာ ဂျပန်ကျွန်းမကြီးထက် ထိုင်ဝမ်နဲ့ပိုနီးပြီး ဂျပန်နိုင်ငံမှာရှိနေတဲ့ အမေရိကန်စစ်သားတွေရဲ့ ထက်ဝက်လောက်က အဲဒီကျွန်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။

မနှစ်က အောက်တိုဘာလမှာ အိုကီနာဝါအုပ်ချုပ်ရေးမှူး တာကီရှီအိုနာဂါက အငြင်းပွားစရာဖြစ်နေတဲ့ အမေရိကန်စစ်အခြေစိုက်စခန်း ရွှေ့ပြောင်းခွင့်ကို ငြင်းဆန်ခဲ့ပါတယ်။ သို့သော် ဂျပန်အစိုးရက မြို့တော်ဝန်ကို တရားရုံးမှာ အမှုဖွင့်လိုက်ပြီး အဆိုပါစခန်းကို ပြန်လည်နေရာချခွင့် ခွင့်ပြုမှသာလျှင် အမှုရုတ်သိမ်းပေးမယ်လို့ဆိုပါတယ်။

Ref; Presstv

Comments

Leave a Reply