News @ M-Media

Blog

  • ဘာကာတိုက်စစ်အား ထိန်းချုပ်ရန် နည်းလမ်းရှာမည်ဟု ၀င်းဂါးပြော

    ဘာကာတိုက်စစ်အား ထိန်းချုပ်ရန် နည်းလမ်းရှာမည်ဟု ၀င်းဂါးပြော

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media

    baca

    – ဘာစီလိုနာအသင်း၏ တိုက်စစ်အတွဲဖြစ်သော မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့အား အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးခဲ့ပြီး၊ ၎င်းတို့၏ ဂိုးသွင်းနိုင်စွမ်းအား တားဆီးရန် နည်းလမ်းရှာသွားမည်ဟု ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ အင်္ဂါနေ့တွင် ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲ ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အာဆင်နယ်မှာ ဘာစီလိုနာနှင့် တွေ့ဆုံခဲ့သည့် ၇ ကြိမ်တွင် တစ်ကြိမ်သာ အနိုင်ရရှိထားသည်။ ၀င်းဂါးကမူ ဘာစီလိုနာ၏တိုက်စစ်အား သတိပြုရမည်ဟု ၀န်ခံခဲ့သည်။

    “သူတို့တွေဟာ သိပ်ကိုလက်ဖျားခါလောက်တဲ့ ရဲဘော်ရဲဘက်တွေပါပဲ။ တစ်ဦးချင်းပါရမီသာမကဘဲ သူတို့ ၃ ယောက်စလုံးဟာ နားလည်မှုနဲ့ အစေးကပ်မှု ကောင်းကောင်းရှိတယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ပြီးတော့ သူတို့မှာ တော်တော်လေးကောင်းတဲ့ စည်းလုံးညီညွတ်မှုလည်း ရှိပါတယ်” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ဘာကာတိုက်စစ်အား ထိန်းချုပ်ရန်အတွက် နည်းလမ်းရှာမည်ဟုလည်း ဆိုသည်။

    “သူတို့တစ်ယောက်ချင်းစီဟာ ရပ်တန့်ဖို့ခက်ပါတယ်။ စုပေါင်းပြီးတော့ နည်းလမ်းတစ်ခု ရှာရပါလိမ့်မယ်”

    Ref: Goal

  • အစ္စလာမ်ကြောက်ရောဂါနှင့်ပတ်သက်၍ မင်နီဆိုတာ မွတ်စလင်များ ဆန့်ကျင်ဆန္ဒပြ

    အစ္စလာမ်ကြောက်ရောဂါနှင့်ပတ်သက်၍ မင်နီဆိုတာ မွတ်စလင်များ ဆန့်ကျင်ဆန္ဒပြ

    ဖဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media

    minesota

    – မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေကြောင့် အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်က မွတ်စလင်တွေဟာ ယမန်နေ့မှာ ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    “ကျွန်တော် စိန့်လူးဝစ်မြို့မှာ ကြီးပြင်းခဲ့တာပါ၊ အခု ကျွန်တော်ကြီးပြင်းခဲ့တဲ့မြို့မှာ ကျွန်တော်ကိုယ်တိုင် လူမျိုးရေးခွဲခြားမှုကို ရင်ဆိုင်နေရပါတယ်” လို့ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ဘီလာလ်မွတ်စ်တာဖာက ပြောကြားခဲ့ပါတယ်။

    မွတ်စတာဖာက ၎င်းအနေနဲ့ အာဖရိကနွယ်ဖွား အမေရိကန်တစ်ယောက်အဖြစ်ရော အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာသူ အနေနဲ့ပါ ခွဲခြားဆက်ဆံခံနေရတယ်လို့ ဆိုပြီး အစ္စလာမ်နဲ့ အကြမ်းဖက်မှုအကြား ဆက်နွယ်နေတယ်လို့ အထင်ရောက်နေတာကို ပြောင်းလဲပစ်ဖို့ ယခုလမ်းလျှောက်ဆန္ဒပြမှုမှာ ပါဝင်ဆင်နွှဲခဲ့တာလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အစ္စလာမ်ကြောက်ရောဂါဆန့်ကျင်ရေး အဲဒီဆန္ဒပြမှုကို အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ မင်နီဆိုတာဌာနခွဲက စီစဉ်ခဲ့တာဖြစ်ပါတယ်။ အဖွဲ့အစည်း ၂၆ ခု ပါဝင်ခဲ့တယ်လို့ စီစဉ်သူ ကာရင် ရှရက်ဖ်နာဂျဲလ်က ပြောကြားခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ လူငယ်တွေကို တစ်သီးတစ်ခြားဖြစ်စေတဲ့ အဲဒီလို ကြောက်ရွံ့မှုတွေကို အဆုံးသတ်ဖို့ မျှော်လင့်နေကြပါတယ်။

    Ref: IINA

  • အမေရိကန်စစ်အခြေစိုက်စခန်းအတွက် ဂျပန်ပြည်သူများ ထပ်မံဆန္ဒပြ

    အမေရိကန်စစ်အခြေစိုက်စခန်းအတွက် ဂျပန်ပြည်သူများ ထပ်မံဆန္ဒပြ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media

    japan 3

    – အိုကီနာဝါကျွန်း တောင်ဘက်မှာ အမေရိကန်စစ်စခန်းတစ်ခု ပြန်လည်နေရာရချထားရေး ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချတဲ့အနေနဲ့ မြို့တော်တိုကျိုရဲ့ လမ်းတွေပေါ်မှာ ယမန်နေ့က လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။

    ဆန္ဒပြသူ ၂၈၀၀၀ ခန့်ဟာ တိုကျိုမြို့လယ်ခေါင်က ပါလီမန်အဆောက်အအုံကို ၀ိုင်းထားခဲ့ပြီး လက်တွေကို ချိတ်ဆက်ကာ “စစ်စခန်းမဆောက်ရ” လို့လည်း ဟစ်အော်ခဲ့ကြပါတယ်။ နိုင်ငံတစ်ဝှမ်းက အခြားမြို့တွေမှာလည်း ဂျပန်ပြည်သူတွေက အဲဒီလို ဆန္ဒပြမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

    အမေရိကန်ရဲ့ Futenma ရေတပ်အခြေစိုက်စခန်း တည်ရှိတဲ့နေရာဟာ လူဦးရေ သိပ်သည်းလာတဲ့အတွက် အိုကီနာဝါကို ပြောင်းရွှေ့ဖို့ အမေရိကန်နဲ့ ဂျပန်တို့က ၁၉၉၆ ခုနှစ်မှာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းက မြေပြင်စစ်ပွဲတွေရဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ အိုကီနာဝါပြည်သူတွေကတော့ အမေရိကန် စစ်အခြေစိုက်စခန်းကို လုံးဝ ရွှေ့ပြောင်းစေချင်ကြပါတယ်။

    အဲဒီစစ်အခြေစိုက်စခန်းက အမေရိကန်စစ်သားတွေကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကိုလည်း ဂျပန်ပြည်သူတွေက ထောက်ပြကြပါသေးတယ်။ အိုကီနာဝါကျွန်းဟာ ဂျပန်ကျွန်းမကြီးထက် ထိုင်ဝမ်နဲ့ပိုနီးပြီး ဂျပန်နိုင်ငံမှာရှိနေတဲ့ အမေရိကန်စစ်သားတွေရဲ့ ထက်ဝက်လောက်က အဲဒီကျွန်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။

    မနှစ်က အောက်တိုဘာလမှာ အိုကီနာဝါအုပ်ချုပ်ရေးမှူး တာကီရှီအိုနာဂါက အငြင်းပွားစရာဖြစ်နေတဲ့ အမေရိကန်စစ်အခြေစိုက်စခန်း ရွှေ့ပြောင်းခွင့်ကို ငြင်းဆန်ခဲ့ပါတယ်။ သို့သော် ဂျပန်အစိုးရက မြို့တော်ဝန်ကို တရားရုံးမှာ အမှုဖွင့်လိုက်ပြီး အဆိုပါစခန်းကို ပြန်လည်နေရာချခွင့် ခွင့်ပြုမှသာလျှင် အမှုရုတ်သိမ်းပေးမယ်လို့ဆိုပါတယ်။

    Ref; Presstv

  • အင်တာမီလန်သို့ ပြန်လာနိုင်သည်ဟု မော်ရင်ဟိုပြော

    အင်တာမီလန်သို့ ပြန်လာနိုင်သည်ဟု မော်ရင်ဟိုပြော

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆
    M-Media

    inter

    – မိမိ၏ အနာဂတ်တွင် အင်တာမီလန်အသင်းအား နည်းပြနိုင်ဖွယ်ရှိနေသည်ဟု အသင်းလက်မဲ့ဖြစ်နေသည့် မော်ရင်ဟိုက ၀န်ခံပြောကြားလိုက်သည်။

    အသက် ၅၃ နှစ်အရွယ် မော်ရင်ဟိုမှာ ယမန်နေ့က အင်တာမီလန်အသင်းနှင့် ဆမ်ဒိုးရီးယားအသင်းတို့၏ ပွဲစဉ်ကို ဧည့်သည်တော်အဖြစ် တက်ရောက်ကြည့်ရှုခဲ့သည်။ ချယ်ဆီးမှ ထုတ်ပယ်ခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် မော်ရင်ဟိုမှာ မန်ယူအား ရာသီကုန်တွင် ကိုင်တွယ်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။ အင်တာမီလန်ကို မော်ရင်ဟိုက ၂ နှစ်ကြာ ကိုင်တွယ်ခဲ့ဖူးပြီး နောက်ဆုံးနှစ်ဖြစ်သော ၂၀၁၀ ခုနှစ်တွင် ဖလားသုံးလုံးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    “မိမိရဲ့ မိသားစုကိုဆီကို ပြန်ရောက်လာသလိုပါပဲ။ ကျွန်တော်ထွက်ခွာသွားတာ ၆ နှစ်ကြာခဲ့ပေမယ့် ၆ ရက်လောက်ပဲရှိသေးတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ရလဒ်တွေ၊ အောင်မြင်မှုတွထက်ပိုပြီး ဘောလုံးလောကမှာ အရေးအကြီးဆုံးကတော့ အမြဲတမ်းကျန်ရစ်နေမယ့် အပြန်အလှန်ခင်မင်နားလည်မှုနဲ့ ရင်းနှီးမှုပါပဲ။ တစ်နေ့ပြန်လာနိုင်မလားဆိုရင်တော့ – ဘာ့ကြောင့် ပြန်မလာနိုင်ရမှာလဲ။ ကျွန်တော် ချယ်ဆီးကို ပြန်သွားခဲ့တယ်။ ဒါဆို ဘာ့ကြောင့် အင်တာကို ပြန်မလာနိုင်ရမှာလဲ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အိန္ဒိယတွင် မျိုးနွယ်စုတစ်စု ဆန္ဒပြမှုအတွင်း လူ ၁၀ ဦးသေဆုံး

    အိန္ဒိယတွင် မျိုးနွယ်စုတစ်စု ဆန္ဒပြမှုအတွင်း လူ ၁၀ ဦးသေဆုံး

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆
    M-Media

    india 4

    – အိန္ဒိယအစိုးရ၏ မျိုးနွယ်စုအခြေခံ ခွဲတမ်းစနစ်တွင် ပါဝင်ခွင့်မရမှုကို ဆန့်ကျင်သည့်အနေဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် ဂျတ် မျိုးနွယ်မှ ပြုလုပ်သော ဆန္ဒပြမှုအတွင်း အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ပြီး ၁၅၀ ဒဏ်ရာရရှိခဲ့သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    အဆိုပါဆန္ဒပြမှုမှာ နိုင်ငံမြောက်ပိုင်း ဟာရ်ယာနာပြည်နယ်တွင် တစ်ပတ်ကြာ ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က တိုက်ခိုက်မှုများလည်း ဖြစ်ခဲ့ကာ မြို့တော်နယူးဒေလီသို့ ရေပေးဝေနေသည့် စနစ်ကို ဆန္ဒပြသူများက ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် နယူးဒေလီရှိ ရေးပေးဝေမှုမှာလည်း ထိခိုက်ခဲ့သည်။

    အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရိုးရာအရ ခွဲခြားဆက်ဆံခြင်းခံခဲ့ရသော မျိုးနွယ်များအား ကူညီရန်အတွက် စနစ်တစ်ခုကို ပြဌာန်းထားပြီး ထိုစနစ်တွင် ပါဝင်မှုမရခြင်းအတွက် ဂျတ် မျိုးနွယ်များက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထိုဆန္ဒပြမှုမှာ သောကြာနေ့တွင် အကြမ်းဖက်မှုအသွင် ဖြစ်လာခဲ့ပြီး ကျောင်းများ၊ ဆိုင်များ၊ အစိုးရအဆောက်အဦးများ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့ပြင် ဆန္ဒပြသူများမှာ ကားလမ်းများကိုလည်း ပိတ်ပင်ခဲ့ကြသည်။

    လက်ရှိအချိန်တွင် ဟာရ်ယာနာပြည်နယ်တွင် စစ်သားထောင်ပေါင်းများစွာကို တပ်ဖြန့်ချထားပြီး မသင်္ကာပါက ပစ်ခတ်ခွင့်ကိုလည်း ပေးထားသည်။

    Ref: Aljazeera