News @ M-Media

ဒေါ်နယ်ထရမ့်အား အမေရိကန်ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
M-Media

anti trump

– ရီပက်ဘလစ်ကန်သမ္မတလောင်းဖြစ်ရေး ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဆူဆူပူပူဖြစ်စေတဲ့ အပြောအဆိုတွေကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ်မှာ အမေရိကန်ပြည်သူတွေက ဆန္ဒပြမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အဲဒီဆန္ဒပြမှုမှာ လူရာပေါင်းများစွာ ပါဝင်ခဲ့ပြီး “အမုန်းတရားကိုဆန့်ကျင်ကာ စည်းလုံးကြ၊ ထရမ့်နဲ့ တယူသန်မှုအားလုံးကို ဆန့်ကျင်ကြ” စတဲ့ စာတမ်းတွေကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြသူတစ်ဦးက “ထရမ့်ရဲ့ဟောပြောချက်တွေဟာ ကျွန်တော်တို့အားလုံးအတွက် အလွန်ကြောက်မက်ဖွယ်ရာကောင်းတယ်ဆိုတာ တစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးကို သိစေချင်ပါတယ်။ ကျွန်တော်တို့ ဒါကို မထောက်ခံပါဘူး။ ကျွန်တော်တို့က ဒီလိုအမုန်းတရားတွေနဲ့ ခွဲခြားမှုမပါဘဲ ဦးဆောင်မှုပေးနိုင်တဲ့သူမျိုးကိုသာ ရှာဖွေနေတာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်တဲ့ကာလတစ်လျှောက်လုံး လူဝင်မှုကိစ္စ၊ ဒုက္ခသည်များရဲ့အခြေအနေ၊ အစ္စလာမ်ဘာသာအပေါ် ဝေဖန်ပြောဆိုနေခဲ့တာပါ။ ၂၀၁၅ ဒီဇင်ဘာမှာ အမေရိကန်နိုင်ငံကို ဘယ်မွတ်ဆလင်တစ်ဦးတစ်ယောက်မှ ၀င်ရောက်ခြင်းမပြုဖို့ ၎င်းက ပြောဆိုလိုက်ပြီးနောက်တွင် သူ့အား ပြင်းပြင်းထန်ထန် ၀ိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။

အခုလို အငြင်းပွားစရာမှတ်ချက်တွေချခဲ့သော်လည်း ထရမ့်အနေနဲ့ နိုင်ငံတစ်ဝှမ်းမှာ မဲအရေအတွက် ဦးဆောင်လျက်ရှိပြီး ရီပက်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း အမည်စာရင်းမှာ လက်ရှိအချိန်ထိ လူကြိုက်အများဆုံးဖြစ်နေခဲ့ပါတယ်။

Ref : Presstv

Comments

Leave a Reply