News @ M-Media

Blog

  • ဖလား ၃ လုံးအောင်ပွဲအတွက် ခြေစွမ်းတည်ငြိမ်ရန် လိုအပ်ဟု ၀င်းဂါးပြော

    ဖလား ၃ လုံးအောင်ပွဲအတွက် ခြေစွမ်းတည်ငြိမ်ရန် လိုအပ်ဟု ၀င်းဂါးပြော

    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media

    winger 3

    – ဖလား ၃ လုံးအောင်ပွဲ ရရှိချင်ပါက အသင်းမှာ တည်ငြိမ်ရမည်ဖြစ်ပြီး၊ ရာသီကုန်အထိ ယခုခြေစွမ်းမျိုး ဆက်ရှိနေရမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ပရီးမီးယားလိဂ်တွင် တတိယနေရာ၌ ရှိနေပြီး ထိပ်ဆုံးမှ လက်စတာနှင့် ၃ မှတ်သာ ကွာဟသည်။ FA ဖလားတွင်လည်း ပဉ္စမအဆင့်သို့ တက်ရောက်သွားခဲ့ပြီး ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်သို့ ရောက်ရှိနေသည်။ ၀င်းဂါးကမူ အသင်းမှာ ယခုနှစ်အတွင်း ဖလား ၃ လုံးအား စိန်ခေါ်နိုင်ရန် လုံးလောက်သည့် အခြေအနေမျိုး ရှိနေပြီး ထိပ်ဆုံးခြေစွမ်းတွင် တည်ငြိမ်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

    “ပြိုင်ပွဲ ၃ ခုမှာ ကစားနေရတာဟာ သိပ်တော့ မလွယ်ပါဘူး။ ဖလား ၃ လုံးစလုံးရနိုင်လားလို့ ခင်ဗျားမေးလာရင်တော့ နည်းနည်း မတူဘူးပေါ့လေ။ လွန်လွန်ကျွံကျွံပြောရရင်တော့ ဖလား ၃ လုံး ရနိုင်ပါတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာမျိုး မရှိဖို့နဲ့ ခြေစွမ်းကောင်းတွေကို အဆက်မပြတ် ပြနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘိုင်ယန်မြူးနစ်လိုမျိုး၊ ဘာစီလိုနာလိုမျိုး အသင်းတိုင်းရဲ့အထက်မှာ ရှိရမှာပေါ့လေ။ ခက်တော့ခက်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • သြစတေးလျ အစ္စလာမ့်ရေးရာပြတိုက်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

    သြစတေးလျ အစ္စလာမ့်ရေးရာပြတိုက်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media

    OIC

    – သြစတေးလျ အစ္စလာမ့်ရေးရာပြတိုက် (IMA) နဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မဲလ်ဘုန်းက Deakin တက္ကသိုလ်မှာ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အိုအိုင်စီအတွင်းရေးမှူးချုပ် အီယဒ် အာမီန်း မဒနီလည်း တက်ရောက်ခဲ့ပါတယ်။

    IMA ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းနေတဲ့ မွတ်စ်တာဖာ ဖာဟိုရ်က ပြတိုက်ရဲ့ အရေးပါတဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေကို အကျဉ်းချုံး ဖော်ပြခဲ့ပြီး သြစလေးလျမှာရှိတဲ့ ဘာသာစုံလူမျိုးစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို မြှင့်တင်ပေးတဲ့နေရာမှာ ပါဝင်ခဲ့တဲ့ ပြတိုက်ရဲ့ အခန်းကဏ္ဍကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။

    အဲဒီ အစ္စလာမ့်ရေးရာပြတိုက်ကို ၂၀၁၂ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

    အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မဒနီဟာ သြစတေးလျဝန်ကြီးချုပ် မဲကွမ်တန်ဘူလ်၊ ၀န်ကြီးတွေ၊ မြို့တော်ဝန်တွေ၊ အိုအိုင်စီဆိုင်ရာ သြစတေးလျအထူးသံတမန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နောက်ပြီး မဲလ်ဘုန်းတက္ကသိုလ်မှာရှိတဲ့ အာရဗ်နှင့် အစ္စလာမ့်ရေးရာလေ့လာရေးဌာနမှာလည်း စကားပြောခဲ့ပါတယ်။

    ယခုလည်ပတ်မှုအတွင်း အိုအိုင်စီခေါင်းဆောင်နဲ့အတူ နိုင်ငံတကာအစ္စလာမ့်ဓမ္မသတ်ပညာရှင်များ အတွင်းရေးမှူး ဒေါက်တာ အဗ္ဗဒူဆလမ်အဘာဒီနှင့် အိုအိုင်စီအကြီးတန်းအရာရှိတွေလည်း ပါဝင်ခဲ့ပါတယ်။

    Ref: IINA

  • ပလက်စတစ်အိတ်တွင် ၎င်း၏အမည်ရေးထိုးကာ ၀တ်ဆင်ကစားခဲ့သည့် အာဖဂန်ကလေးငယ်ကို မက်ဆီ တွေ့ဆုံမည်

    ပလက်စတစ်အိတ်တွင် ၎င်း၏အမည်ရေးထိုးကာ ၀တ်ဆင်ကစားခဲ့သည့် အာဖဂန်ကလေးငယ်ကို မက်ဆီ တွေ့ဆုံမည်

    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media

    messi

    – ပလက်စတစ်အိတ်တွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၏ ကျောနံပါတ်နှင့် အမည်ကိုရေးထိုးကာ ၀တ်ဆင်၍ ဘောလုံးကစားခဲ့သည့် အာဖဂန်ကလေးငယ်အား မက်ဆီက တွေ့ဆုံရန် စီစဉ်နေသည်ဟု အာဖဂန်ဘောလုံးအဖွဲ့ချုပ်က ပြောကြားလိုက်သည်။

    မြို့တော်ကဘူးလ် ဆင်ခြေဖုံးရှိ ဂါဇ်နီဒေသတွင် နေထိုင်သော အသက် ၅ နှစ်အရွယ် မူတာဇာ အဟ်မာဒီဖြစ်ပြီး မက်ဆီအား အရူးအမူး ကြိုက်နှစ်သော်လည်း ဒေသမတည်ငြိမ်သည့်အတွက် မိသားစုမှာ ချို့တဲ့သောကြောင့် မက်ဆီ၏ ဂျာစီကို ၀ယ်ယူဝတ်ဆင်နိုင်သည့် အခြေအနေ မရှိပေ။

    ၎င်း၏ အသက် ၁၅ နှစ်အရွယ် အစ်ကို ဟိုမာယွန်ကမူ ညီဖြစ်သူ၏ဆန္ဒ ပြည့်ဝစေရန် အဖြူနှင့် အပြာစင်းပါဝင်သည့် ပလက်စတစ်အိတ်ဟောင်းတစ်ခုတွင် ဆော့ပင်ဖြင့် မက်ဆီ၏ အမည်နှင့် နံပါတ်တို့ကို ရေးထိုး၍ အဟ်မာဒီအား ၀တ်ဆင်ကာ ဘောလုံးကစားစေခဲ့သည်။ ထိုကဲ့သို့ မက်ဆီအမည်ရေးထိုးထားသည့် ပလက်စတစ်အိတ်အား ၀တ်ဆင်ထားသည့် အဟ်မာဒီ၏ ပုံမှာ ဇန်န၀ါရီလ အလယ်ပိုင်းက အွန်လိုင်းစာမျက်နှာတွင် ပြန့်နှံ့ခဲ့သည်။

    မက်ဆီ၏အဖေဖြစ်သူ ဂျော့ဂ်ျမက်ဆီက ၎င်း၏ သားမှာ ထိုပုံကို တွေ့ရှိသွားခဲ့ပြီးနောက် အဆိုပါ ကလေးငယ်လေးအတွက် တစ်ခုခုဆောင်ရွက်ပေးချင်စိတ် ဖြစ်သွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    အာဖဂန်ေmessi 2ဘာလုံးအဖွဲ့ချုပ် AFF ကမူ မက်ဆီမှာ အဟ်မာဒီအား အမြန်ဆုံး တွေ့ဆုံလိုနေသော်လည်း လာရောက်မည့် ရက်အတိအကျကို မသတ်မှတ်ရသေးဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

     

    “အဲဒီကလေးနဲ့တွေ့ဖို့အတွက် မက်ဆီက ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်ကို ဆက်သွယ်ခဲ့ပါတယ်” ဟု AFF ပြောရေးဆိုခွင့်ရှိသူ ဆယဒ်အလီ ကာဇီမီက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    “မက်ဆီက အာဖဂန်လာမှာလား၊ ကလေးကာ စပိန်ကိုသွားမှာလား၊ သူတို့နှစ်ယောက် တတိယနိုင်ငံတစ်ခုခုမှာ တွေ့ကြမှာလားဆိုတာ ချိန်နေပါတယ်”

    ဘာစီလိုနာအသင်းက ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်မပေးခဲ့သော်လည်း ကဘူးလ်မြို့ရှိ စပိန်သံရုံးကမူ ကလေးငယ်နှင့် မက်ဆီတို့ ဥရောပတွင် တွေ့ဆုံနိုင်ရေး အစွမ်းကုန်ကြိုးပမ်းပေးသွားမည်ဟု ပြောကြားခဲ့သည်။

     

    Ref: Todayonline

  • မဟာ တမန်တော်နေ့ အထိမ်းအမှတ် ဘာသာကြီး(၄)ခု မှ ဆရာတော်ကြီးများ ဟောပြောခဲ့တဲ့ တရားပွဲ

    မဟာ တမန်တော်နေ့ အထိမ်းအမှတ် ဘာသာကြီး(၄)ခု မှ ဆရာတော်ကြီးများ ဟောပြောခဲ့တဲ့ တရားပွဲ

    ဖေဖော်ဝါရီ ၂ ၊ ၂၀၁၆
    M-Media
    သတင်း ဆောင်းပါး- ကိုဇင်
    3

    ၁၄၉ဝ ကြိမ်မြောက် မဟာတမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံချစ်ကြည်ရေး အခမ်းအနားနှင့် (၃၈)ကြိမ်မြောက် မဟာတမန်တော်မြတ်ကြီး နှင့် တကွ ထွက်ရပ်ပေါက်(ဝလီ) သူတော်စင်ကြီးများ အတွက် ဆုတောင်းမေတ္တာပို့ (အူရွတ်စ်) ပွဲတော် မဟာတမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ငြိမ်းချမ်းရေး မေတ္တာတရားပွဲ ကို ၃ဝ-၁-၂ဝ၁၆ နှင့် ၃၁-၁-၂ဝ၁၆ နေ့များက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်၊ အနော်မာအနောက်(၈)လမ်းတွင် ည ၈းဝဝ နာရီအချိန်မှ စတင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အခမ်းအနား ပထမညဖြစ်သော ၃ဝ-၁-၂ဝ၁၆(စနေနေ့)ညတွင် ကျင်းပသည့် “၁၄၉ဝ ကြိမ်မြောက် မဟာ တမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံချစ်ကြည်ရေးတရားပွဲ”တွင် ဆရာတော် ဘဒ္ဒန္တကုသလ (ဓမ္မာစရိယ) ၊  ဥက္ကဋ္ဌ ဆရာတော်၊ သာကေတမြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အောင်ဆုထူးပန်ကျောင်းတိုက်)၊  သိက္ခာတော်ရ ဆရာ ဦးတင်မင်းထွန်း  (ဓမ္မကထိက) (မြန်မာနိုင်ငံခရစ်ယာန်ဓမ္မတက္ကသိုလ်၊ အင်းစိန်)၊ အလ်ဟာဂ်ျဦးစိန်ဌေး  (စိန်ဌေးဟန်) – အီမာမသ်-အအ်ဝဟ်အကယ်ဒမီ၊  ဒု-ကျောင်းအုပ်၊ အလ်အဇ်ဟရ်အစ္စလာမ့်သိပ္ပံ(ရန်ကုန်)နှင့် ဦးအောင်နိုင်(ဟိန္ဒူပညာရှိ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဗဟိုအဖွဲ့)တို့အသီးသီးက သက်ဆိုင်ရာဘာသာ အလိုက် ချစ်ကြည်ငြိမ်းချမ်းရေး တရားများကို ဟောကြားခဲ့ကြပြီး ည ၁၂းဝဝ နာရီခန့်တွင် တမန်တော်မြတ် (ငြိမ်းချမ်းပါစေ)ထံသို့ မေတ္တာပို့သီကျူးသည့် ဓမ္မလင်္ကာများကို ရွတ်ဆိုခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြ ပါသည်။

    အခမ်းအနား ဒုတိယညဖြစ်သည့် ၃၁-၁-၂ဝ၁၆ (တနင်္ဂနွေနေ့)ညတွင် ကျင်းပသည့် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၃၈)ကြိမ်မြောက်  “မဟာတမန်တော်မြတ်ကြီးနှင့် တကွ ထွက်ရပ်ပေါက် ဝလီ သူတော်စင်ကြီးများအတွက် ဆုတောင်းမေတ္တာပို့ (အူရွတ်စ်)ပွဲတော်နှင့် မဟာတမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ငြိမ်းချမ်းရေး မေတ္တာတရားပွဲ”ကို ဆက်လက်ကျင်းပခဲ့ရာ ယင်း အခမ်းအနားတွင် ဆရာတော် ဘဒ္ဒန္တသီလာစာရ ၊ ပဓာန နာယကဆရာတော်၊ သာသနာပြု နယ်လှည့်ဓမ္မကထိက (ဒု-ဥက္ကဋ္ဌ ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့၊ အောင်သိဒ္ဓိကျောင်းတိုက်)၊ သိက္ခာတော်ရ ဆရာ ဦးမောင်မောင်ချစ် (သင်းအုပ်ဆရာတော်၊ သာကေတမြို့မနှစ်ခြင်းအသင်းတော်)၊ ခလီဖွါဟ် အလ်ဟာဂ်ျ ဆရာဦးအေးလွင် – ကာဒရီယာ အာလီယာ၊ အစ္စလာမ့် ဓမ္မဗိမာန် (ဦးဆောင်ဆော်သြရေးမှူး)တို့က ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးတရားများ ဟောကြားခဲ့ကြပါသည်။

    12592328_940367039386296_8877315680862740390_n

    ၎င်းပြင် အဆိုပါ တနင်္ဂနွေနေ့၊ နံနက် (၁ဝးဝဝ)နာရီတွင် ပွဲအထိမ်းအမှတ်အနေဖြင့် လူမျိုး/ဘာသာမရွေး အန္တရာယ်ကင်း စတုဒိသာ ထမင်းဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။

    မြန်မာနိုင်ငံတွင် ယခုကဲ့သို့ တမန်တော်နေ့အထိမ်းအမှတ် အခမ်းအနားများနှင့် အစ္စလာမ်ဘာသာဝင် ထွက်ရပ်ပေါက်(ဝလီ) သူတော်စင်ကြီးများ၏ အထိမ်းအမှတ် အခမ်းအနားများကို ရှေးမဆွကပင် ကျင်းပလေ့ရှိခဲ့ကြပြီး အခမ်းအနားသို့ကြွရောက်လာကြသော ဆရာတော် သံဃာတော်များကို နေ့လည် ဆွမ်း ဆက်ကပ်ခြင်းနှင့် ပရိသတ်ကြီးကိုလည်း လူမျိုး/ဘာသာ မခွဲခြားဘဲ စတုဒိသာထမင်းဖြင့် တည်ခင်းဧည့်ခံလေ့ရှိကြပါသည်။ ဤသည်မှာ မြန်မာ-မွတ်စလင်မ် တို့၏ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားကို ရိုသေကိုင်းရှိုင်းမှု၊ တမန်တော်များ/သူတော်စင်များကို ရိုသေလေးစားမှု၊ မိမိတို့ကိုးကွယ်ရာ ဘာသာတရား အပြင် အခြားဘာသာမှ ဆရာတော်/သံဃာတော် များကိုလည်း ရိုသေလေးစားမှု၊ လူမျိုး/ဘာသာမခွဲခြားဘဲ ရက်ရောစွာ လှူဒါန်းပေးကမ်းမှုနှင့် မြန်မာနိုင်ငံတွင်းရှိ အခြားသော ဘာသာဝင်များနှင့်လည်း သင့်တင့်လျောက်ပတ်စွာ ပေါင်းသင်းနေထိုင်မှု  အစရှိသည့် မြန်မာမွတ်စလင်မ်တို့၏ ပုံရိပ်မှန်ကိုဖော်ပြသည့် ဖော်ပြချက်များတွင် အပါအဝင်ဖြစ်ပါသည်။
    IMG_6621
    သာကေတမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌဆရာတော် ကလည်း “ဘာဘာကြီး ထမင်းကျွေးတာ ဘုန်းကြီးစားဖူးကြောင်း၊ တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုသလို ဘာဘာကြီးရဲ့ ကျေးဇူး ဘုန်းကြီးမှာရှိကြောင်း၊ သို့ဖြစ်ပါသောကြောင့် ယခု ဘုန်းကြီးကျေးဇူးလာဆပ်ခြင်းဖြစ်ကြောင်း၊ ကျေးဇူးရှိတဲ့ လူကို ကျေးဇူးဆပ်ရမှာ ဘုန်းကြီးတို့ရဲ့မင်္ဂလာတရားတော်ဖြစ်ကြောင်း” အစရှိသည်ဖြင့် ထည့်သွင်းဟော ကြားသွားခဲ့သလို ရန်ကုန်တိုင်းဒေသကြီး အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့၊      ဒု-ဥက္ကဋ္ဌ ဆရာတော်ကလည်း “မြန်မာနိုင်ငံမှာကိုးကွယ်နေကြသော ဘာသာကြီး ၄ ခုသည် မြန်မာပြည်တွင် တည်ထောင်ခဲ့ခြင်း မဟုတ်ကြောင်း၊ မည်သည့်ဘာသာကမျှ Made in Burma လုပ်၍မရကြောင်း၊ မိမိကိုးကွယ်ရာ ဘာသာ၏ အဆုံးအမများကို လေးလေးစားစားဖြင့် သေချာစွာ လိုက်နာ ကျင့်သုံးရန် လိုသလို အခြားဘာသာများကိုလည်း လေ့လာရန်လို အပ်ကြောင်း၊ ထိုသို့လေ့လာ ပါမှ တစ်ဘာသာနှင့် တစ်ဘာသာကြားတွင် လေးစား စာနာစိတ်များပေါ်ပေါက်လာမည်ဖြစ်ကြောင်း” ဖြင့် ထည့်သွင်းဟောကြား သွားခဲ့ပါသည်။

    ဗုဒ္ဓဘာသာဝင်စာရေးဆရာတစ်ဦးဖြစ်သူ မှော်ဝန်းကြည်မြတ် (မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင်) ကလည်း ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက မြန်မာနိုင်ငံတွင် မှီတင်းနေထိုင် လာခဲ့ကြပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာစောင့်သိရိုသေခဲ့ကြသော၊ မြန်မာပြည်လွတ်လပ်ရေး ကြိးပမ်းရာတွင် လည်း အခြားတိုင်းရင်းသားများနည်းတူ ရွပ်ရွပ်ချွံချွံပါဝင်ဆောင်ရွက်ခဲ့ကြသော၊ မြန်မာစာပေနှင့် မြန်မာသမိုင်းတွင် ထင်ရှား ကျော်ကြားခဲ့ကြသော  မြန်မာ မွတ်စလင်မ်ကြီးများ၏ သမိုင်းကြောင်းကိုလည်း အမည်နှင့်အထောက်အထား ခိုင်လုံစွာဖြင့် ဂုဏ်ပြုမုဒိတာစကားပြောကြားခဲ့ပြီး ၎င်းတို့သည် မြန်မာပြည်မှာနေခဲ့သော သမိုင်းကြောင်းကောင်းခဲ့ကြသည့် ပုဂ္ဂိုလ်များဖြစ်ကြသည့်အတွက် ၎င်းတို့အယူဝါဒကို လက်မခံလျှင်တောင်မှ ၎င်းတို့ကို မြန်မာလူမျိုးတွေလိုပဲ တိုင်းရင်းသားအဖြစ် ဆက်ဆံသင့်ကြောင်းဖြင့် ဟောပြောတင်ပြခဲ့ပါသည်။

    ၎င်းပြင် ကြွရောက်တော်မူလာကြသော အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ ဘာသာအသီးသီးမှ ဆရာတော်များ ကလည်း ဘာသာပေါင်းစုံငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး တရားတော်များကို အသီးသီးဟောကြားတော်မူခဲ့ကြကြောင်း သတင်းရရှိပါသည်။ ။

  • ဆော်ဒီ ဗိသုကာ နယ်မြေအတွင်း ကျောက်ခေတ်နှင့် ကြေးခေတ် အသုံးအဆောင်များ တွေ့ရှိ

    ဆော်ဒီ ဗိသုကာ နယ်မြေအတွင်း ကျောက်ခေတ်နှင့် ကြေးခေတ် အသုံးအဆောင်များ တွေ့ရှိ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media

    saudi-franch

    – ဆော်ဒီ-ပြင်သစ် ဗိသုကာရှင်များ ပူးပေါင်းကာ ဆော်ဒီမြို့တော် ရီယာ့ဒ်မှာရှိတဲ့ အလ်ခါ့ဂ်ျဒေသက သမိုင်းဝင်နေရာတွေကို တူးဖော်ရှာဖွေမှုအတွင်း ကျောက်ခေတ်၊ ကြေးခေတ်နဲ့ အဘ္ဘာစစ်ဘုရင်တွေလက်ထက်က ရှေးဟောင်းသမိုင်းဝင်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

    အဲဒီလိုရှာဖွေတွေ့ရှိမှုကြောင့် ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်း မြှင့်တင်ရေးအတွက် အရေးပါတဲ့နေရာတစ်ခု ဖြစ်လာမှာဖြစ်ပြီး ဆော်ဒီ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းအမွေအနှစ်များဆိုင်ရာ ကော်မရှင် (SCTNH) က တာဝန်ရှိသူ တစ်ဦးကတော့ ရီယာ့ဒ်မြို့တော်ဝန် မင်းသား ဖိုင်ဆယ် ဘင် ဘန်ဒါက ဆော်ဒီ-ပြင်သစ်အဖွဲ့ရဲ့ အလ်ခါ့ဂ်ျ ဒေသမှာရှိတဲ့ အလ်ယမာမာဟ် ရှေးဟောင်းသမိုင်းဝင်နယ်မြေမှာ ဗိသုကာဆိုင်ရာ တူးဖော်ရှာတွေ့မှုတွေကို လက်ခံအသိအမှတ်ပြုခဲ့တယ်လို့ ပြောခဲ့ပါတယ်။

    အလ်-ခါ့ဂ်ျဒေသမှာ ရှေးဟာင်းသုတေသနလုပ်ငန်း လုပ်ဆောင်နေတာဟာ ၅ နှစ်ရှိနေပြီဖြစ်ပါတယ်။

    “အဲဒီအချိန်ကာလအတွင်းမှာ တူးဖော်ရေးအဖွဲ့ဟာ အနောက်မြောက် ရှဒီဒါတောင်ကုန်းမှာ ကျောက်ခေတ်လက်ရာတွေကို တွေ့ရှိခဲ့ပြီး အလ်ခရာခ်ျအလယ်လောက်မှာရှိတဲ့ သမိုင်းဝင် အလ်-ဘီနာမှာတော့ ဗလီတစ်လုံးကို တွေ့ရှိခဲ့ပါတယ်” လို့ အဲဒီတာဝန်ရှိသူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဗိသုကာပညာရှင်တွေရဲ့အဆိုအရ ယင်းဗလီဝတ်ကျောင်းတော်ဟာ အဘ္ဘာစစ် ဘုရင်တွေလက်ထက်က ဗလီဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ နေရာအဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ ရီယာ့ဒ်မြို့ အုပ်ချုပ်ရေးအဖွဲ့၊ အလ်-ခါ့ဂ်ျ စည်ပင်သာယာအဖွဲ့တို့ဟာ SCTNH၊ ရီယာဒ်မြို့တော် ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

    အလ်-ခ့ါဂ်ျက ဘုရင်အဘ်ဒူလ်အဇီးဇ် ဘုရင့်နန်းတော်နဲ့ ပတ်ပတ်လည်နေရာကို ပြန်လည်တူးဖော်ကာ သမိုင်းဝင်နေရာတစ်ခု အဖြစ်ပြောင်းလဲသွားဖို့လည်း သူတို့က စီစဉ်နေပါတယ်။

    SCTNH ရဲ့ ဒီလို အားထုတ်ကြိုးပမ်းမှုတွေဟာ ဗိသုကာနေရာတွေကို ရှာဖွေဖော်ထုတ်ပြီး ဆော်ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ထုတ်ဖော်ပြသနိုင်ဖို့၊ ရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်ဖို့နဲ့ ပြည်သူလူထုကို ပိုမိုချပြနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    Ref: Arabnews