ဖေဖော်ဝါရီ ၇၊ ၂၀၁၆
M-Media
– အံ့သြဖွယ် ခြေစွမ်းကောင်းများ ပြသကာ ပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့် လက်စတာအသင်းမှာ အင်္ဂလန်ပြည်သူများ၏ နှလုံးသား ကို ဖမ်းစားနိုင်ခဲ့ပြီဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
ယမန်နေ့က မန်စီးတီးအသင်းအား အဝေးကွင်းတွင် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့ပြီးနောက် လက်စတာမှာ ဒုတိယနေရာမှ စပါးကို ၅ မှတ်၊ တတိယနေရာမှ မန်စီးတီးကို ၆ မှတ် ဖြတ်ထားနိုင်သည်။ ၀င်းဂါးကမူ လက်စတာ၏ အနေအထား၊ ကစားပုံများက အင်္ဂလိပ်ဘောလုံးပရိတ်သတ်များ၏ နှလုံးသားနှင့် မျှော်လင့်ချက်များကို ဖမ်းစားနိုင်ခဲ့သည်ဟု ဆိုသည်။
“ရာသီကုန်အထိ လက်စတာရရှိမယ့် အရာတစ်ခုကတော့ ကျွန်တော်တို့ ပရိတ်သတ်၊ မန်စီးတီးပရိတ်သတ်နဲ့ စပါး ပရိတ်သတ်တို့ကလွဲလို့ တစ်နိုင်ငံလုံး သူတို့အနောက်မှာ ရှိနေမယ်ဆိုတာပါပဲ။ နာမည်ကြီးကစားသမားတွေ မ၀ယ်လို့ ခင်ဗျားတို့က ကျွန်တော့်ကို ဝေဖန်တယ်။ ဒါပေမယ့် နာမည်ကြီးကစားသမားတစ်ယောက်မှမရှိတဲ့ အသင်းကို ခင်ဗျားတို့ အားပေးရပါလိမ့်မယ်။ လက်စတာဟာ လက်ဖျားခါလောက်အောင်ကောင်းတာကိုမြင်ရတာ ကျေနပ်စရာလို့ ကျွန်တော်ထင်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.