News @ M-Media

Blog

  • ဗလင်စီယာကို စာနာမိသည်ဟု ဘာကာနည်းပြပြော

    ဗလင်စီယာကို စာနာမိသည်ဟု ဘာကာနည်းပြပြော

    ဖေဖော်ဝါရီ ၄၊ ၂၀၁၆
    M-Media

    valen

    – မိမိတို့နှင့် တွေ့ဆုံခဲ့သည့် ဗလင်စီယာအသင်း၏ ကံကြမ္မာအတွက် ၀မ်းနည်းမိပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရသော နည်းပြ ဂယ်ရီ နဗီးလ်ကိုလည်း စာနာမိသည်ဟု ဘာကာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ယမန်နေ့က ကစားခဲ့သည့် ဘာစီလိုနာနှင့် ဗလင်စီယာတို့ပွဲတွင် ဘာကာက ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဆွာရက်ဇ်က ၄ ဂိုးနှင့် မက်ဆီက ဟက်ထရစ် အသီးသီး သွင်းယူခဲ့ကြသည်။ ဗလင်စီယာအသင်းအား နည်းပြအဖြစ် တာဝန်ယူခဲ့သည့် မန်ယူကစားသမားဟောင်း ဂယ်ရီ နဗီးလ်မှာ ၁၄ ပွဲ ကိုင်တွယ်ပြီးချိန်တွင် ၄ ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်သည်။

    “ဗလင်စီယာဟာ တော်တော်လေးဆိုးရွားတဲ့ အခြေအနေကို ဖြတ်သန်းနေရပါတယ်။ ကျွန်တော်တို့လိုအသင်းမျိုးကို ယှဉ်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဗလင်စီယာရဲ့ အခြေအနေကလည်း ကျေနပ်လောက်စရာ မဟုတ်ပါဘူး။ ပြိုင်ဘက်တွေ ဒီလိုအခြေအနေမျိုး ဖြစ်နေတာကို ကျွန်တော် မကြည့်ချင်ပါဘူး။ ကျွန်တော်တို့ဟာ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာပါ” ဟု အန်းရစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဗလင်စီယာမှာ ထိုအခြေအနေမှ ရုန်းထွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အသင်း၏ ရလဒ်များ ဆိုးရွားနေသော်လည်း ဂယ်ရီ နဗီးလ်ကမူ မိမိမှာ အသင်းမှ နှုတ်ထွက်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Goal

  • စက်ချုပ်ငှက်

    ဖေဖော်ဝါရီ ၄၊  ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်

    2.8

    အာရှနဲ့ အာဖရိက အပူပိုင်းဒေသက စက်ချုပ်ငှက် (TailorBird) တွေ ။ သူတို့ခိုနားရာအပင်ရဲ့ အရွက်တွေကို ခွက်ပုံစံ အသိုက်တည်ဆောက်တယ်။။

    သူတို့နှုတ်သီးလေးတွေကို အပ်အဖြစ်သုံးတယ်။ အရွက်တွေကို အပေါက်ဖောက်တယ်။ ကြိုးလား၊ အပင် ဖိုင်ဘာမျှင်တွေကို သုံးတယ်။

    ပင့်ကူမျှင်ကိုတောင် သုံးတတ်တယ်။ ပင့်ကူမျှင်ကြိုးကို အပေါက်ထဲထည့်တယ်။ ဆွဲတယ်။

    ကျွန်တော်တို့ ပင့်ကူမျှင်ကို အထုံးကြီးတစ်ခုဖြစ်သွားအောင် လုပ်တတ်လား။ သူကတော့ လုပ်တတ်တယ်။ ဒီအတိုင်း ထပ်ကာထပ်ကာ လုပ်တယ်။ သစ်ရွက်၂ရွက်ချုပ်ပြီးသားဖြစ်သွားတယ်။

    သူ ဘယ်က သင်ထားတာလဲ။

    (Amazing Animal Tool-Users and Tool-Makers By Leon Gray , Pg 15)

  • မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ၏ သားဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်

    မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ၏ သားဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    malay 3

    – မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ရဲ့ သားဖြစ်သူဟာ ပြည်နယ်ဝန်ကြီးချုပ်နေရာကနေ နှုတ်ထွက်သွားခဲ့ပြီး ၀န်ကြီးချုပ် နာဂျစ် ရာဇတ်က သူနဲ့ ပုခုံးချင်းယှဉ်မယ့် ပြိုင်ဘက်ကို ရှင်းလင်းတာ ဖြစ်မယ်လို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက ရှုမြင်နေကြပါတယ်။

    ကဒါဟ်ပြည်နယ် ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၅၁ နှစ်အရွယ် မုခ်ရစ်ဇ် မုခ်ရစ်ဇ်ဖြစ်ပြီး အာဏာရ UMNO ပါတီရဲ့ ဖိအားပေးမှုကြောင့် ယမန်နေ့က ရာထူးကနေ နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ မလေးရှားမီဒီယာတွေကဖော်ပြကြပါတယ်။

    မုခ်ရစ်ဇ်ဟာ အနာဂတ် မလေးရှား ၀န်ကြီးချုပ်နေရာအတွက် လျာထားခံရသူတစ်ယောက် ဖြစ်ပေမယ့် ငွေကြေးခြစားမှု ပြဿနာနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်နာဂျစ်ကို မဟာသီယာက ဝေဖန်ခဲ့ပြီး ရာထူးကနှုတ်ထွက်ဖို့ တောင်းဆိုခဲ့တာကြောင့် မုခ်ရစ်ဇ်ရဲ့ ၀န်ကြီးချုပ်ဖြစ်ရေး အခွင့်အလမ်းကို ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

    အစိုးရပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ 1Malaysia Development ကနေ ဒေါ်လာ လေးဘီလီယံလောက် ပျောက်ဆုံးခဲ့တယ်လို့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က သတင်းတွေထွက်ပေါ်ခဲ့တဲ့ ပြဿနာအတွက် မလေးရှားအစိုးရဟာ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပါတယ်။

    အဲဒီလုပ်ငန်းကို ၂၀၀၉ ခုနှစ်မှာ နာဂျစ်က တည်ထောင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းမှာ အမေရိကန် ဒေါ်လာ ၆၈၁ သန်းလောက် ရှိနေတဲ့ အထောက်အထားတွေ ထွက်ပေါ်လာပြီးတဲ့နောက် နာဂျစ်ကိုယ်တိုင် ထိုပြဿနာမှာ ပါဝင်ခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်း မဟာသီကတော့ နာဂျစ်ဘ်အနေနဲ့ ရာထူးကနေ နှုတ်ထွက်ပေးပြီး အမှုရင်ဆိုင်ဖို့တောင်းဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့လက မလေးရှား ရှေ့နေချုပ် မိုဟာမက် အာပန်ဒီ အလီက နာဂျစ်အပါ် စွပ်စွဲထားမှုများကို ချေဖျက်ခဲ့ပြီး အဲဒီပိုက်ဆံတွေဟာ ဆော်ဒီတော်ဝင်မိသားစုရဲ့ သီးသန့်အလှူငွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီသတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ နာဂျစ်က ဒုတိယ၀န်ကြီးချုပ်နဲ့ ရှေ့နေချုပ်တို့လို သူ့ကို ဝေဖန်သူတွေကို ထုတ်ပယ်တာမျိုးလုပ်ပြီး ကတ်ဘိနက်အဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။

    Ref: presstv

  • အမေရိကန်သမ္မတအိုဘားမား ဗလီဝတ်ကျောင်းတော်သို့ သွားရောက်လည်ပတ်၊ မွတ်စလင်များ၏ တိုင်းပြည်အပေါ် ပေးဆပ်မှုကို ချီးကျူး

    အမေရိကန်သမ္မတအိုဘားမား ဗလီဝတ်ကျောင်းတော်သို့ သွားရောက်လည်ပတ်၊ မွတ်စလင်များ၏ တိုင်းပြည်အပေါ် ပေးဆပ်မှုကို ချီးကျူး

    ဖေဖော်ဝါရီ ၄၊ ၂၀၁၆
    M-Media

    obama 3

    – အမေရိကန်သမ္မတ ဘာရက်အိုဘားမားမှာ ၎င်း၏ သမ္မတသက်တမ်းတွင် ပထမဆုံးအကြိမ်အဖြစ် ဘာလ်တီမိုးရှိ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်လည်ပတ်ခဲ့ပြီး နိုင်ငံရေး ရည်ရွယ်ချက်အတွက် အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် စွပ်စွဲပြောဆိုမှုများကို ရှုတ်ချခဲ့သည်။

    ဗလီဝတ်ကျောင်းတော်တစ်လုံး၊ မူကြိုမှ Grade 12 အထိ သင်ကြားသည့် ကျောင်းတစ်ကျောင်းတို့ ပါဝင်သည့် Islamic Society of Baltimore ကို အိုဘားမားက ယမန်နေ့တွင် သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင်လူ့အဖွဲ့အစည်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ စကားပြောဆိုခဲ့သည်။

    “လူအနည်းငယ်ရဲ့ လုပ်ရပ်တွေအတွက် အမေရိကန်မွတ်စလင်တွေဟာ မကြာခဏ ပစ်မှတ်ထားကာ အပြစ်တင်ခံနေရပါတယ်။ ဘာသာတရားတစ်ခုကို တိုက်ခိုက်တာဟာ ဘာသာတရားအားလုံးကို တိုက်ခိုက်တာပါပဲ။ လက်ခံလို့မရတဲ့ နိုင်ငံရေးအရ မကောင်းပြောဆိုမှုတွေကို အမေရိကန်မွတ်စလင်တွေအပေါ် ပြုလုပ်နေတာကို ကျွန်တော်တို့ ကြားနေရပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ တိုင်းပြည်မှာ နေရာမရှိပါဘူး” ဟု အိုဘားမားက Islamic Society of Baltimore တွင် ပြောကြားသည့်မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။

    ဗလီဝတ်ကျောင်းသို့ အဆိုပါ သွားရောက်လည်ပတ်မှုကို အိုဘားမားက Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့ကာ အမေရိကန်မွတ်စလင်များ၏ တိုင်းပြည်အပေါ် ပေးဆပ်မှု၊ တာဝန်ကျေပွန်မှုကို ချီးကျူးခဲ့သည်။

    “လယ်သမားတွေ၊ ကုန်သည်တွေနဲ့ Henry Ford ရဲ့ စက်ရုံက အလုပ်သမားတွေအဖြစ် အမေရိကန်မွတ်စလင်မျိုးဆက်တွေက ကျွန်တော်တို့တိုင်းပြည် တည်ဆောက်ရေးမှာ တစ်တပ်တစ်အား ပါဝင်ကူညီခဲ့ကြတယ်။ မွတ်စလင်တွေဟာ ကျွန်တော်တို့ရဲ့ ကလေးတွေကို ပုံဖေါ်ထုဆစ်ပေးတဲ့ ဆရာတွေ၊ ကျွန်တော်တို့ကျန်မာရေးအတွက် ယုံပုံအပ်နှံရတဲ့ ဆရာဝန်တွေလည်း ဖြစ်ပါတယ်။ သူတို့တွေဟာ နိုဘယ်ဆုတွေရခဲ့တဲ့ သိပ္ပံပညာရှင်တွေ၊ နည်းပညာအသစ်အဆန်းတွေကို တီထွင်ဖန်တီးတဲ့ လူငယ် စွန့်ဦးတီးထွင်သူတွေဖြစ်သလို၊ မိုဟာမက်အလီကနေ အဘ်ဒူလ် ဂျဘ်ဘားရ်အထိ ကျွန်တော်တို့ လက်ခုတ်လက်ဝါးတီး အားပေးခဲ့ကြရတဲ့ ချန်ပီယံကြီးတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်သမားတွေအဖြစ် ကျွန်တော်တို့ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ဆောင်ရွက်ပေးနေသူတွေပါ။ မွတ်စလင်တွေဟာ ယူနီဖောင်းဝတ်ပြီး ကျွန်တော်တို့ရဲ့ လွပ်လပ်မှုအတွက် အသက်၊ သွေးချွေးစတေးကာ စွန့်လွှတ်စွန့်စားနေကြသူတွေလည်းဖြစ်ပါတယ်” ဟု အိုဘားမားက ရေးသားဖော်ပြခဲ့သည်။

    us 4

    ထို့ပြင် လက်ရှိအချိန်၌ အမေရိကန်မွတ်စလင်များမှာ ခြိမ်းခြောက်မှုများနှင့် အရှက်စေမှုများ မြင့်တက်လာခြင်းကြောင့် စိတ်သောကရောက်နေကြကြောင်း၊ ဘာသာရေးအုပ်စုတစ်ခု ပစ်မှတ်ထားခံနေရပါက မိမိတို့က ရပ်တည်ပြောဆိုရန် တာဝန်ရှိကြောင်း အိုဘားမားက ဆိုသည်။

    “ကျွန်တော်တို့ဟာ တစ်ခုတည်သော အမေရိကန်မိသားစုဖြစ်ပြီး ဘာသာတရားတစ်ခုကို တိုက်ခိုက်တာက ကျွန်တော်တို့ ဘာသာတရားအားလုံးကို တိုက်ခိုက်တာဖြစ်ပါတယ်။ ဘာသာရေးအုပ်စုတစ်ခုဟာ ပစ်မှတ်ထားခံနေရပြီဆိုရင် အဲဒါကို ဆန့်ကျင်ပြောဆိုဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ လူမျိုးရေး ဒါမှမဟုတ် ဘာသာရေးကြောင့် ပြည်သူတွေကိုပစ်မှတ်ထားတဲ့ နိုင်ငံရေးမျိုးကို ကျွန်တော်တို့ ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဘာသာရေးစည်းခြားပြီး ကျွန်တော်တို့ကိုသွေးခွဲဖို့ အခြားသူတွေက ကြိုးစားနေကြတဲ့အချိန်မှာ – ကျွန်တော်တို့အားလုံးဟာ တူညီတဲ့ဂုဏ်သိက္ခာနဲ့ မွေးဖွားလာကြတဲ့ ဘုရားသခင်ရဲ့ သားသမီးတွေဖြစ်တယ် – ဆိုတဲ့ အခြေခံအမှန်တရားကို အသေအချာ ဆုပ်ကိုင်ထားရပါမယ်”

    အမေရိကန်မွတ်စလင်များ၏ ယုံကြည်ကိုးကွယ်မှုအတွက်လည်း အိုဘားမားက အာမခံခဲ့ပြီး မွတ်စလင်လူ့အဖွဲ့အစည်းမှာ အမေရိက၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ မိမိတို့မှာ စိတ်စိတ်ဝမ်းတည်း နေထိုင်ကာ ခိုင်မာတောင့်တင်းသည့် လူ့အဖွဲ့အစည်းအဖြစ် ဆက်လက်ရှိနေရမည်ဖြစ်ကြောင်း နိဂုံးချုပ်ရေး ရေးသားဖော်ပြခဲ့သည်။

    Ref: Aljazeera, Obama’s Facebook

  • အထိုင်များသူများ ဆီးချိုဖြစ်နိုင်ချေ ပိုများ

    အထိုင်များသူများ ဆီးချိုဖြစ်နိုင်ချေ ပိုများ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၆
    M-Media

    diabe

    – နေ့စဉ် အထိုင်များတဲ့သူတွေဟာ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေ ၅ ပုံ ၁ ပုံထက်ကို ပိုများတယ်လို့ ဒတ်ခ်ျလူမျိုး သိပ္ပံပညာရှင်တွေ ပြုလုပ်ခဲ့ပြီး လူ ၂၅၀၀ ပါဝင်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ သိရှိရပါတယ်။

    တစ်နေ့တာလုံးမှာ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတဲ့သူတွေအနေနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေ ပိုများနိုင်တာဖြစ်ပြီး၊ တစ်နေကုန် စားပွဲခုံမှာ ထိုင်အလုပ်လုပ်ကာ ညနေပိုင်း အားကစားခန်းမသွား လေ့ကျင့်ခန်းလုပ်ရုံလောက်နဲ့ ဆီးချိုဖြစ်နိုင်ချေကို မလျှော့ချနိုင်ဘူးလို့ သုတေသနရလဒ်တွေက ဖော်ပြနေပါတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တောင် အချိန်ကြာကြာထိုင်တဲ့ဒဏ်ကို လျှော့ချနိုင်မှာ မဟုတ်ပါဘူး။

    စမ်းသပ်မှုရလဒ်တွေအရဆိုရင် အမျိုးအစား ၂ ဆီးချိုရောဂါသည်တွေဟာ လှုပ်ရှားမှုအနည်းဆုံးသူတွေဖြစ်ပြီး တစ်နေ့ကို အလုပ်ချိန် ၉ နာရီထက်ပိုပြီး ၂၆ မိနစ်လောက် ဆက်တိုက် ထိုင်လေ့ရှိသူတွေ ဖြစ်ပါတယ်။ တစ်နေ့အလုပ်လုပ်ချိန်ပျှမ်းမျှ ၉ နာရီအပြင် အပိုတစ်နာရီလောက် အထိုင်များရင် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်း ပိုမြင့်တက်လာတယ်လို့ မက်စ်ထရစ်ခ်ျတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တွက်ချက်ပြခဲ့ပါတယ်။

    လေ့လာတွေ့ရှိချက်တွေအရ အခုလိုအဖြစ်များတဲ့သူတွေဟာ များသောအားဖြင့် ကွန်ပျူတာရှေ့မှာထိုင်ပြီး နေ့တစ်နေ့ရဲ့ သုံးပုံတစ်ပုံလောက် အလုပ်လုပ်နေကြတဲ့ ရုံးအလုပ်သမားတွေ၊ ပြီးတော့ ကုန်တင်ကားနဲ့ တက္ကစီယာဉ်မောင်းတွေ၊ ကောင်တာထိုင်တဲ့သူတွေ၊ လေယာဉ်မှူးတွေ စတဲ့သူတွေ ဖြစ်ပါတယ်။

    ဒီလို အထိုင်များတဲ့အပြုအမူဟာ အ၀လွန်ခြင်းနဲ့ ကင်ဆာရောဂါတွေနဲ့ပါ ဆက်စပ်လာမှာကို ဆရာဝန်တွေကလည်း စိုးရိမ်လျက်ရှိပါတယ်။

    အဲ့ဒီလိုအထိုင်များတာဟာ ကျောနာ၊ ဇက်နာ၊ ကြွက်သားနာတာတွေနဲ့လည်း တိုက်ရိုက် ဆက်စပ်နေပါတယ်။ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနကတော့ အလုပ်သမားတွေအနေနဲ့ တစ်နေ့ကို အနည်းဆုံး နှစ်နာရီလောက် ခြေလျင်လျှောက်သင့်တယ်လို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

    အစိုးရကျန်းမာရေးဌာနမှူး ဒိန်း ဆယ်လီ ဒေးဗီးစ်က လှုပ်ရှားမှု မရှိခြင်းဟာ ‘အသံတိတ်လူသတ်သမား’ လို့ သမုတ်ခဲ့ပါတယ်။ သူမက အရွယ်ရောက်သူတွေအနေဲ့ တစ်ပတ်မှာ မိနစ် ၁၅၀ လောက်ကို လေ့ကျင့်ခန်းအတွက် အသုံးပြုသင့်ပြီး ၂ နာရီခွဲလောက်ကို အသင့်အတင့် ပြုလုပ်ပေးကာ ၁၀ မိနစ်နဲ့ အထက်ကို ပြင်းပြင်းထန်ထန် ပြုလုပ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

    Ref: IINA