News @ M-Media

Blog

  • Facebook နှင့် Instagram တို့က လက်နက်ဆိုင်ရာ ကိစ္စများအား ပိတ်ပင်

    Facebook နှင့် Instagram တို့က လက်နက်ဆိုင်ရာ ကိစ္စများအား ပိတ်ပင်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၆
    M-Media

    face

    – လက်နက်တွေ၊ သေနတ်အစိတ်အပိုင်းတွေနဲ့ ကျည်ဆံတွေ အရောင်းအ၀ယ်ပြုလုပ်မှုနဲ့ ပတ်သက်တဲ့ စီစဉ်မှုတွေကို ပြုလုပ်ခွင့်ပေးမှာမဟုတ်တော့ဘူးလို့ Facebook နဲ့ သူ့ရဲ့ တွဲဖက်ဝန်ဆောင်မှုဖြစ်တဲ့ Instagram တို့က ကြေငြာလိုက်ပါတယ်။

    “လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ လူတွေဟာ Facebook အသုံးပြုပြီး တစ်ယောက်နဲ့တစ်ယောက် ပစ္စည်းအရောင်းအ၀ယ်ပြုလုပ်ဖို့ ဆောင်ရွက်လာကြပါတယ်။ ဒါနဲ့ပတ်သက်လို့ လူတွေ အသုံးပြုရ ပိုကောင်းလာအောင် ကျွန်တော်တို့ဟာ ထုတ်ကုန်အသစ်တွေကို တီထွင်၊ စမ်းသပ်၊ ဖြန့်ဖြူးနေပြီး၊ ကုန်ပစ္စည်းဆိုင်ရာ မူဝါဒတွေကိုလည်း ပြန်လည်သုံးသပ်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်” လို့ Facebook ရဲ့ ကမ္ဘာ့မူဝါဒရေးရာ စီမံခန့်ခွဲမှုဥက္ကဌက မိုနီကာ ဘစ်ကာ့တ်က သောကြာနေ့မှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

    Facebook ဟ ၂၀၁၄ မတ်လကတည်းက သေနတ်နဲ့ဆက်စပ်နေတဲ့ ကိစ္စတွေအတွက် အရေးယူမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး အရွယ်မရောက်သေးသူတွေပါဝင်တဲ့ သေနတ်ရောင်းချမှုပို့စ်တွေကို ဖယ်ရှားတာ၊ ပြည်နယ်နဲ့ ဖက်ဒရယ် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့တိုက်တွန်းတဲ့ Page ထားရှိဖို့ လိုအပ်ချက်တွေသတ်မှတ်တာ စတာတွေ ပါဝင်ပါတယ်။ ဆေးခြောက်၊ ဆေးပစ္စည်းနဲ့ မူးယစ်ဆေးရောင်းချဖို့ စီစဉ်မှုကိုလည်း Facebook က ပိတ်ထားခဲ့ပါတယ်။

    ဒါပေမယ့် လိုင်စင်နဲ့ လုပ်ကိုင်သူများကိုတော့ ခြွင်းချက်ပေးထားပြီး ၎င်းတို့အနေနဲ့ အွန်လိုင်းပေါ်က ရောင်းဝယ်ခွင့်မရှိပေမယ့် လုပ်ငန်းကြော်ငြာတာမျိုးတော့ ပြုလုပ်နိုင်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ အစီအစဉ်အသစ်မှာတော့ လက်နက်ရောင်းချမှုနဲ့ဆိုက်တဲ့ ကိစ္စရပ်အားလုံး အကျုံးဝင်မှာဖြစ်ပါတယ်။

    အချို့အသုံးပြုသူတွေက သုံးစွဲသူအခွင့်အရေးချိုးဖောက်တယ်လို့ ရှုမြင်တဲ့အတွက် စည်းမျဉ်းအသစ်ထုတ်ပြန်လိုက်တာကို မကြိုက်နှစ်သက်ကြပါဘူး။ Facebook ကတော့ စည်းမျဉ်းချိုးဖောက်သူတွေရဲ့ပို့စ်ကို အရင်ဆုံး ဖယ်ရှားမှာဖြစ်ပြီး အခြေအနေအလိုက် သုံးစွဲသူတွေကို အရေးယူသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်က အခြားဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Craiglist ဟာလည်း လက်နက်ရောင်းဝယ်မှုကို ပိတ်ပင်ထားပြီး၊ Googl AdWords လို ကြော်ငြာလုပ်ငန်းအများအပြားဟာလည်း လက်နက်ကြော်ငြာတွေကို ပိတ်ပင်တားမြစ်ထားပါတယ်။

    Ref: RT

  • ခြေစွမ်းပြခဲ့သည့် လူငယ်တိုက်စစ်မှူးကို မန်စီးတီးနည်းပြ ချီးကျူး

    ခြေစွမ်းပြခဲ့သည့် လူငယ်တိုက်စစ်မှူးကို မန်စီးတီးနည်းပြ ချီးကျူး

    ဇန်န၀ါရီ ၃၁၊ ၂၀၁၆
    M-Media

    nacho

    – FA ဖလား အက်စတွန်ဗီလာနှင့်ပွဲတွင် ခြေစွမ်းပြခဲ့သည့် လူငယ်ကစားသမား ကီလီချီ အိုင်ဟီယာနာချိုအား မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ချီးကျူးလိုက်ပြီး ဇက်ကိုနှင့် ယိုဗီတစ်တို့ကို ရောင်းချမှု မှန်ကန်ကြောင်း သက်သေပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    FA ဖလား စတုတ္ထအဆင့်အဖြစ် ယမန်နေ့က ကစားခဲ့သည့် ထိုပွဲတွင် မန်စီးတီးမှာ ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး အသက် ၁၉ နှစ်အရွယ် အိုင်ဟီယာနာချိုမှာ ဟက်ထရစ်သွင်းယူပေးခဲ့ကာ၊ စတာလင်က ၁ ဂိုး သွင်ယူပေးခဲ့သည်။ ပယ်လီဂရီနီကမူ အဓိကတိုက်စစ်မှူးများဖြစ်သည့် ဇက်ကိုနှင့် ယိုဗီတစ်တို့အား ယခုနှစ်အစတွင် ရိုးမားနှင့် အင်တာမီလန်သို့ ရောင်းချခဲ့ခြင်းမှာ မှန်ကန်သည်ဟု ဆိုသည်။

    “ကီလီချီက တော်တော်ကောင်းတဲ့ လူငယ်လေးပါ။ သူ့ကို နေ့တိုင်းစောင့်ကြည့်နေပြီး သူ ဘာလုပ်နိုင်တယ်ဆိုတာ ကျွန်တော် သိတဲ့အတွက်ကြောင့် ယိုဗီတစ်နဲ့ ဇက်ကိုတို့ကို ထွက်ခွင့်ပြုလိုက်တာပါ။ ကျွန်တော် တော်တော်လေး ကျေနပ်မိပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ပွဲအများကြီးကစားရန် ရှိနေသောကြောင့် ထိုပွဲတွင် အပြောင်းအလဲတစ်ချို့ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ မန်စီးတီးမှာ လက်ရှိအချိန်တွင် ဖလား ၄ လုံးလမ်းကြောင်းပေါ်၌ ရှိနေဆဲဖြစ်သည်။

    Ref: Goal

  • ဆော်ဒီရှိ ရှီအာဗလီဗုံးခွဲမှုကို အလ်-အဇ်ဟာရ်နှင့် ကုလတို့ ရှုတ်ချ

    ဆော်ဒီရှိ ရှီအာဗလီဗုံးခွဲမှုကို အလ်-အဇ်ဟာရ်နှင့် ကုလတို့ ရှုတ်ချ

    ဇန်န၀ါရီ ၃၁၊ ၂၀၁၆
    M-Media

    saudi mosque

    – ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) နဲ့ စွန်နီကမ္ဘာမှာ အမြင့်ဆုံး အစ္စလာမ်ဓမ္မတက္ကသိုလ်ဖြစ်တဲ့ အီဂျစ်နိုင်ငံက အလ်-အဇ်ဟာရ်တို့က ဆော်ဒီနိုင်ငံအရှေ့ပိုင်းပြည်နယ်မှာ ရှီအာဗလီတစ်လုံးကို အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ရှုတ်ချလိုက်ပါတယ်။

    အဲဒီတိုက်ခိုက်မှုဟာ ဆော်ဒီက ရှီအာအများစုနေထိုင်တဲ့ အလ်-အဆ်ဟာ ပြည်နယ် မဟာဆန်မြို့က ရီဇာဗလီဝတ်ကျောင်းတော်မှာ သောကြာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၄ ဦးသေဆုံးခဲ့ကာ ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုမှာပါဝင်တဲ့ တရားခံတွေ၊ စီစဉ်သူတွေ၊ ငွေကြေးထောက်ပံ့သူတွေ အားလုံးကို တရားဥပဒေရှေ့မှောက် အရောက်ပို့ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီဟာ ထိခိုက်သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် အလွန်ဝမ်းနည်းကြေကွဲရကြောင်း ပြောဆိုခဲ့ပါတယ်။

    “အကြမ်းဖက်မှု ဘယ်လိုပုံစံမျိုးမဆို ရာဇ၀တ်မှုဖြစ်ပြီး၊ ဘယ်လိုဆင်ခြေမှ ပေးလို့မရပါဘူး။ ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် ဒီကျူးလွန်မှုကို အသိအမှတ်မပြုနိုင်ပါဘူး” လို့ လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အလ်-အဇ်ဟာရ်တက္ကသိုလ်ကလည်း အဆိုပါတိုက်ခိုက်မှုဟာ ၀တ်ပြုဆုတောင်းရာ ကျောင်းတော်ရဲ့ မြင့်မြတ်မှုကို ဖျက်လိုဖျက်ဆီးပြုတာဖြစ်တယ်လို့ ပြောဆိုကာ ဝေဖန်ရှုတ်ချခဲ့ပါတယ်။ အဲဒီဗုံးခွဲမှုဟာ ဘယ်သူ့လက်ချက်မှန်း မသိသေးပေမယ့် အရင်က IS အဖွဲ့ဟာ ဒီလိုတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ဖူးတာကြောင့် အခုလုပ်ရပ်ဟာလည်း သူတို့အဖွဲ့ပဲဖြစ်မယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

    အဲဒီတိုက်ခိုက်မှုဟာ ဆော်ဒီက ရှီအာလူနည်းစုကို ပစ်မှတ်ထားပြုလုပ်တဲ့ တိုက်ခိုက်မှုတွေထဲက နောက်ဆုံးပေါ်ထွက်လာတဲ့ တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။

    Ref: Presstv

  • ရော်နယ်ဒိုနှင့်မက်ဆီတို့ ၂ ဦးပေါင်း ဂိုး ၁၀၀၀ ပြည့်ပြီ

    ရော်နယ်ဒိုနှင့်မက်ဆီတို့ ၂ ဦးပေါင်း ဂိုး ၁၀၀၀ ပြည့်ပြီ

    ဇန်န၀ါရီ ၃၁၊ ၂၀၁၆
    M-Media

    rnd

    – ယမန်နေ့က အက်သလက်တီကိုနှင့် ကစားခဲ့သည့်ပွဲတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ၁ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၎င်းနှင့် ရော်နယ်ဒိုတို့ နှစ်ဦး၏ စုစုပေါင်း သွင်းဂိုးမှာ ၁၀၀၀ အထိ ရောက်ရှိခဲ့သည်ဟု သိရသည်။

    ထိုပွဲတွင် မက်ဆီမှာ အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ကာ ထိုဂိုးမှာ ဘာစီလိုနာအတွက် ၎င်း၏ ၄၃၃ ဂိုးမြောက်ဖြစ်ပြီး နိုင်ငံအသင်းအတွက် သွင်းယူခဲ့သည့်ဂိုးများကိုပါ ထည့်သွင်းတွက်ချက်ပါက ၄၈၂ ဂိုး ရှိခဲ့ပြီဖြစ်သည်။ ရော်နယ်ဒိုကမူ စပို့တင်းလစ္စဘွန်း၊ မန်ယူနှင့် ရီးယဲလ်တို့တွင် စုစုပေါင်း သွင်းယူခဲ့သည့် ဂိုးပေါင်း ၄၆၃ ဂိုးရှိပြီး နိုင်ငံအသင်းအတွက် ၅၅ ဂိုး သွင်းယူပေးထားသောကြောင့် စုစုပေါင်း ၅၁၈ ဂိုး ရှိသည်။

    ထို့ကြောင့် ၎င်းတို့နှစ်ဦးပေါင်းဂိုးများကို စုပေါင်းတွက်ချက်ပါက ဂိုးပေါင်း ၁၀၀၀ ပြည့်မြောက်သွားပြီဖြစ်သည်။ ကမ္ဘာ့ဘောလုံးလောကတွင် ပြိုင်ဘက်များဖြစ်သည့် ၎င်းတို့နှစ်ဦးကြားတွင် သွင်းဂိုးအရေအတွက်၌ ရော်နယ်ဒိုက သာလွန်သော်လည်း ကလပ်အသင်းနှင့် ဆုဖလားရရှိမှုတွင်မူ မက်ဆီက ပိုမိုသာလွန်နေသည်။

    မက်ဆီမှာ ယခုလအစောပိုင်းကလည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ၅ ကြိမ်မြောက် ရရှိခဲ့ပြီး ရော်နယ်ဒိုကမူ ၃ ကြိမ်သာ ရရှိထားသည်။

    Ref: ESPNfc

  • မှတ်ဉာဏ်ဆုံးရှုံးသည့် အယ်ဇိုင်းမားရောဂါကို ကုသရန် လမ်းစပေါ်လာ

    မှတ်ဉာဏ်ဆုံးရှုံးသည့် အယ်ဇိုင်းမားရောဂါကို ကုသရန် လမ်းစပေါ်လာ

    ဇန်န၀ါရီ ၃၁၊ ၂၀၁၆
    M-Media

    alzyma

    – အယ်ဇိုင်းမားရောဂါရှိသူတွေမှာ တွေ့ရလေ့ရှိပြီး မှတ်ဉာဏ်ဆုံးရှုံးမှုတွေဖြစ်စေတဲ့ beta-amyloid ချပ်ပြားတွေကို ကြွက်တွေရဲ့ဦးနှောက်မှာ ကန့်သတ်ပစ်နိုင်တဲ့ နည်းလမ်းတစ်ခုကို စပိန်သိပ္ပံပညာရှင်တွေက မကြာခင်ကာလအတွင်း တွေ့ရှိခဲ့ပြီး ဒါဟာ အယ်ဇိုင်းမားရာဂါ ကုသနိုင်ဖို့ လမ်းစပေါ်လာတာပဲဖြစ်ပါတယ်။

    လူနဲ့သတ္တ၀ါတွေမှာ သင်ယူတတ်မှုနဲ့ မှတ်ဉာဏ်ဆိုင်ရာလုပ်ငန်းတွေဟာ ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြောအမျှင်တွေကြားက သတင်းအချက်အလက်ဖလှယ်မှုကို အခြေခံထားတာဖြစ်ပြီး အယ်ဇိုင်းမာရောဂါဖြစ်တဲ့အခါ beta-amyloid ချပ်ပြားတွေ အထပ်ထပ်တည်ဆောက်ကာ တစ်ဆက်တည်း အာရုံကြောအမျှင်တန်း (syanaptic connection) ကို ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

    ဒီလိုသိလာတာဟာ အယ်ဇိုင်းမားနဲ့ပက်သက်လို့ ပြည့်ပြည့်စုံစုံ နားလည်သွားတာမျိုးတော့ မဟုတ်ပါဘူးလို့ beta-amyloid ချပ်ပြားတွေ ကန့်သတ်နိုင်တဲ့ နည်းလမ်းကို တွေ့ရှိခဲ့တဲ့ စပိန် Basque Country တက္ကသိုလ်က သုတေသီတွေက ပြောပါတယ်။ ဒါပေမယ့် ပရိုတိန်းရဲ့ လုပ်ဆောင်ချက်တွေနဲ့ အသိဉာဏ်ပျောက်ဆုံးမှုအပေါ် အကျိုးသက်ရောက်မှုတွေကို နားလည်စပြုလာတာလို့ဆိုပါတယ်။

    Nature ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဒီ လေ့လာတွေ့ရှိချက်အသစ်မှာ သုတေသီတွေက ဦးနှောက်အတွင်းက အာရုံကြောဆဲလ်တွေ beta-amyloid ရဲ့ သက်ရောက်မှုဒဏ်ခံနိုင်မယ့် မော်လီကျူးကိရိယာတစ်ခုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ beta-amyloid ကို ပိတ်ဆို့လိုက်ခြင်းအားဖြင့် အလ်ဇိုင်းမားရောဂါဖြစ်နေတဲ့ ကြွက်တွေမှာ မှတ်ဉာဏ်ပြန်ရစေခဲ့တာဖြစ်ပါတယ်။

    “ဒါဟာ တိရစ္ဆာန်တွေကိုအသုံးပြုတဲ့ အခြေခံလေ့လာမှု ဖြစ်ပေမယ့်လည်း ဒီလေ့လာမှုဟာ ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်လုပ်ငန်းစဉ်ကို ထိန်းချုပ်တဲ့နည်းလမ်းကို ခွဲခြမ်းစိတ်ဖြာနားလည်မှုမှာ အထောက်အကူဖြစ်စေခဲ့ပြီး၊ ဒီနည်းလမ်းအားနည်းလာတဲ့အခါ ဖြစ်ပွားတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေအတွက် ကုသနိုင်ဖွယ်ရာနည်းလမ်းတွေဆီသွားဖို့ ကျွန်တော်တို့ကို တွန်းအားပေးနေပါတယ်” လို့ သုတေသီတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    Ref: IINA