News @ M-Media

Blog

  • လက်ရှိခြေစွမ်းကို ကျေနပ်မနေသင့်ဟု အသင်းသားများကို ဂျူဗင်တပ်စ်နည်းပြ သတိပေး

    လက်ရှိခြေစွမ်းကို ကျေနပ်မနေသင့်ဟု အသင်းသားများကို ဂျူဗင်တပ်စ်နည်းပြ သတိပေး

    ဇန်န၀ါရီ ၂၈၊ ၂၀၁၆
    M-Media

    juve

    – ကိုပါအီတာလီယာဖလားပြိုင်ပွဲတွင် အင်တာအား အကောင်းဆုံးခြေစွမ်းဖြင့် အနိုင်ယူနိုင်ခဲ့သော်လည်း မိမိတို့မှာ ကျေနပ်နေ၍မရဘဲ အလုပ်မပြီးဆုံးသေးဟု ဂျူဗင်တပ်စ်အသင်းနည်းပြ မက်ဆီမီလီယာနို အယ်လီဂရီက ပြောကြားလိုက်သည်။

    ပထမအကျော့အဖြစ် ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ဂျူဗင်တပ်စ်မှာ မိုရာတာ၊ ဒိုင်ဘာလာတို့၏ သွင်းဂိုး ၃ ဂိုးဖြင့် အင်တာအား ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့သည်။ သို့သော်လည်း ပယ်လီဂရီနီကမူ အသင်းသားများအနေဖြင့် ထပ်မံ တိုးတက်ရမည်ဟု ဆိုသည်။

    “အခုအချိန်မှာ ဂျူဗင်တပ်စ်အသင်းက ကောင်းနေပါတယ်။ အသင်းသားတွေကကလည်း ကောင်းကောင်းကစားနိုင်ပါတယ်။ လွယ်တော့မလွယ်ဘူးပေါ့လေ။ ကျွန်တော်တို့ဟာ ခံစစ်မှာ ကောင်းနေပေမယ့် ပြင်ဆင်တဲ့နေရာမှာ ပိုကောင်းအောင် လုပ်ရပါမယ်။ အခုအချိန်မှာ (စွမ်းဆောင်ရည်ကနေ) ကျေနပ်မှုတွေ ရရှိနေပေမယ့် လုပ်စရာတွေအများကြီး ရှိပါတယ်။ ကိုပါအီတာလီယာ ဖိုင်နယ်ကို ကျွန်တော်တို့ တက်ရအုံးမယ်။ လိဂ်မှာလည်း ကျွန်တော်တို့က ဒုတိယနေရာမှာပါ။ ပထမ မဟုတ်ပါဘူး” ဟု ပယ်လီဂရီနီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • နိုင်ငံအတွင်း သေနတ်ပစ်မှုကြောင့် သေဆုံးသည့် အမေရိကန်အရေအတွက်က စစ်ပွဲတွင် သေဆုံးမှုထက် ပိုများနေ

    နိုင်ငံအတွင်း သေနတ်ပစ်မှုကြောင့် သေဆုံးသည့် အမေရိကန်အရေအတွက်က စစ်ပွဲတွင် သေဆုံးမှုထက် ပိုများနေ

    ဇန်န၀ါရီ ၂၈၊ ၂၀၁၀၆
    M-Media

    us

    – ၁၉၆၃ ခုနှစ် နှောင်းပိုင်းမှာ သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရပြီးတဲ့နောက်ပိုင်းကစလို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိ နှစ်ပေါင်း ၅၀ အတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အမေရိကန်နိုင်ငံသားအရေအတွက်ဟာ အမေရိကန်ပါဝင်တဲ့ စစ်ပွဲတွေမှာ သေဆုံးခဲ့ရတဲ့ အမေရိကန်နိုင်ငံသား အရေအတွက်ထက် ပိုမို များပြားနေတယ်လို့ စစ်တမ်းတွေအရ သိရှိရပါတယ်။

    သေနတ်ထိန်းချုပ်ရး အသိပညာပေးအဖွဲ့တစ်ခုဖြစ်တဲ့ Virginia Center for Public Safety အဖွဲ့က ဇန်န၀ါရီ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လက်ကမ်းစာစောင်မှာ ဖော်ပြထားတာဖြစ်ပြီး နိုင်ငံရေးအချက်အလက်တွေကို ဖော်ပြနေတဲ့ PolitiFact ၀ဘ်ဆိုက်မှာတော့ အသေးစိတ်အချက်အလက်နဲ့တကွ ဖော်ပြထားပါတယ်။

    ကွန်ဂရက်သုတေသနဌာနရဲ့ မှတ်တမ်းတွေအရ တော်လှန်ရေးစစ်ပွဲကစတင်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလထိ စစ်ရေးပဋိပက္ခတွေမှာ သေဆုံးခဲ့သူ အမေရိကန်နိုင်ငံသား အရေအတွက်ဟာ ၁.၂ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ Binghamton တက္ကသိုလ် သမိုင်းဌာနကတော့ အမေရိကန်ပြည်တွင်းစစ်အတွင်း သေဆုံးသူဟာ ထုတ်ပြန်ထားတာထက် ၂၀ ရာခိုင်နှုန်း ပိုများမယ်လို့ ၂၀၁၂ ခုနှစ်က တွက်ချက်ခဲ့တာကြောင့် နှစ်ပေါင်း ၅၀ အတွင်းမှာ အမေရိကန်ပါဝင်တဲ့ စစ်ရေးပဋိပက္ခတွေအတွင်း သေဆုံးခဲ့သူ အမေရိကန်နိုင်ငံသားအရေအတွက်ဟာ ၁.၄ သန်းရှိမယ်လို့ မှတ်ယူနိုင်ပါတယ်။

    us fire arm death
    ပြည်နယ်အလိုက် သေနတ်ပစ်ခတ်မှု ဖြစ်ပွားသည့် အခြေအနေ

    တစ်ဖက်မှာ နိုင်ငံအတွင်း သေနတ်ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့သူ အမေရိကန်နိုင်ငံသား အရေအတွက်ဟာ ၁၉၆၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ၁.၅ သန်းနီးပါးလောက် ရှိခဲ့ကာ စစ်ပွဲတွေအတွင်းမှာ သေဆုံးခဲ့သူတွေထက်ကို ပိုများနေတာ တွေ့ခဲ့ရပါတယ်။

    အဲဒီသေနတ်ဖြစ်ခတ်မှုအတွေအတွင်းမှာ ၆၃ ရာခိုင်နှုန်းဟာ မိမိကိုယ်ကို သတ်သေတာဖြစ်ပြီး၊ ၃၃ ရာခိုင်နှုန်းကတော့ လူသတ်မှုတွေဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်အရင်က သေနတ်ပစ်ခတ်မှုအချက်အလက်တွေကိုတော့ ရှာဖွေလို့ မရခဲ့ဘူးလို့PolitiFact က ဆိုပါတယ်။

    ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် အမေရိကန်ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတွေမှာ သေဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံသားအရေအတွက်ထက် နိုင်ငံအတွင်းမှာဖြစ်ပွားတဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် သေဆုံးရသူအရေအတွက်ဟာ ပိုမိုများပြားတာကို တွေ့ရမှာဖြစ်ပါတယ်။

    နိုင်ငံအတွင်း မြင့်တက်လာတဲ့ သေနတ်ပစ်ခတ်မှုတွေကို တာဆီးဖို့အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အခုလအစောပိုင်းမှာ သေနတ်ထိန်းချုပ်ရေး အစီအစဉ်အသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

    လူဖြူအစွန်းရောက်အန္တရာယ်

    white
    ဂျီဟတ်ဝါဒီနှင့် လူဖြူအစွန်းရောက်များ၏ အကြမ်းဖက်တိုက်ခိုက်မှု နှိုင်းယှဉ်ချက်

    မီဒီယာတွေနဲ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေက အမေရိကန်နိုင်ငံဟာ ဂျီဟတ်ဝါဒီ အကြမ်းဖက်သမားတွေရဲ့ အန္တ္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ တွင်တွင်ပြောကြားခဲ့ပေမယ့် မှတ်တမ်းတွေအရ လူဖြူအစွန်းရောက်တွေနဲ့ အစိုးရ ဆန့်ကျင်သူတွေက အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးခြိမ်းခြောက်နေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    အိုစမာဘင်လာဒင်ဦးဆောင်တဲ့ အလ်ကိုင်းဒါးအဖွဲ့က ပြုလုပ်တဲ့ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီးနောက်ပိုင်းမှာ ဂျီဟတ်ဝါဒီအကြမ်းဖက်တိုက်ခိုက်မှုထက် လူဖြူအစွန်းရောက်တွေ၊ အစိုးရဆန့်ကျင်သူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုက အမေရိကန်နိုင်ငံတစ်ဝှမ်း ပိုမိုများပြားခဲ့တာပါ။

    ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက ချာလ်စတန်မြို့က လူမည်းခရစ်ယာဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုမှာ သေဆုံးသူတွေအပါအ၀င် လူဖြူအစွန်းရောက်တွေနဲ့ အစိုးရဆန့်ကျင်သူတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၀ နီးပါးရှိပြီး ဂျီဟတ်ဝါဒီတွေကြောင့် သေဆုံးသူတွေထက် ၂ ဆနီးပါး ပိုများနေတာကို တွေ့ရပါတယ်။

    Ref: Huffingtonpost, NY Times

  • ရေပေါ် နျူဓာတ်အားပေးစက်ရုံ တရုတ်တည်ဆောက်မည်

    ရေပေါ် နျူဓာတ်အားပေးစက်ရုံ တရုတ်တည်ဆောက်မည်

    ဇန်န၀ါရီ ၂၈၊ ၂၀၁၆
    M-Media

    China Nuke

    – တည်နေရာအတည်အကျကို ရွှက်လွင့်သွားလာနိုင်ပြီး ကျောက်ချရပ်တန့်၍ လိုအပ်သလို ဓာတ်အားပေးနိုင်မည့် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ခုကို တရုတ်နိုင်ငံက တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    “ရေပေါ်ဓာတ်အားပေးစက်ရုံတစ်ခုဆောက်ဖို့ တရုတ်က အစွမ်းကုန်ကြိုးပမ်းသွားမှာပါ။ နောက်ပြီး ကျွန်တော်တို့တွေ သမုဒ္ဒရာအရင်းအမြစ်တွေကို အပြည့်အ၀ အသုံးချနိုင်အောင်လည်း ဆောင်ရွက်သွားမှာပါ” လို့ တရုတ်အနုမြူစွမ်းအင် အာဏာပိုင်အဖွဲ့ ဥက္ကဌ ဇူဒါဇီက မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ပင်လယ်ပြင်မှာ နျူကလီးယားဓာတ်အားကို လေယာဉ်တင်သင်္ဘောတွေ၊ ဒုံးကျည်တပ်ရေငုပ်သင်္ဘောတွေမှာသာလျှင် အများဆုံး အသုံးပြုလေ့ရှိကြပြီး အရပ်ဖက်အတွက် သုံးစွဲမှုမှာ မရှိသလောက်ရှားပါတယ်။

    ယခုလအစောပိုင်းမှာ တရုတ်အထွေထွေနျူကလီးယားဓာတ်လုပ်ငန်းစု (CGN) နဲ့ တရုတ် အမျိုးသားနျူကလီးယားလုပ်ငန်းစု (CNNC) တို့က ၎င်းတို့အနေနဲ့ ရေပေါ် နျူဓာတ်အားပေးစက်ရုံနှစ်ခု တည်ဆောက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ CGN က ၂၀၁၉ နှစ်မှာ ဆောက်လုပ်ရန် လျာထားပြီး CNNC က ၂၀၂၀ မှာ ဆောက်လုပ်သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီလိုတည်ဆောက်မှုဟာ ကမ်းလွန် ရေနံနဲ့ ဓာတ်ငွေ့တူးဖော်မှုလုပ်ငန်းတွေကို ဓာတ်အားပေးဖို့အတွက်ဖြစ်တယ်လို့ အဲဒီကုမ္ပဏီ ၂ ခုစလုံးက ပြောကြားခဲ့ပါတယ်။

    တရုတ်မှာ လက်ရှိ နျူကလီးယားဓာတ်ပေါင်းဖို အခု ၃၀ ရှိပြီး ဓာတ်အား ၂၈.၃ ဂီဂါဝပ်အထိ ထုတ်လွှတ်ပေးနိုင်တယ်လို့ ဇူက ပြောပါတယ်။ နောက်ထပ် ဓာတ်အား ၂၆.၇ ဂီဂါဝပ် ထုတ်လွှတ်ပေးနိုင်မယ့် ဓာတ်ပေါင်းဖို ၂၄ ခုကိုတော့ ဆောက်လုပ်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    မတ်လ ၂၀၁၁ မှာ ဆူနာမီနဲ့ ငလျင်ဒဏ်ကြောင့် ဂျပန်က ဖူကူရှီမားဒါအီချီ နျူကလီးယားဓာတ်အားပေးစက်ရုံ ပေါက်ကွဲပျက်စီးခဲ့ပြီးတဲ့နောက်မှာ တရုတ်အစိုးရက အသစ်ဆောက်လုပ်မယ့် နျူကလီးယားစီမံကိန်းတွေအနေနဲ့ လုံခြုံစိတ်ချရမှု ရှိ၊ မရှိ သုံးသပ်နိုင်ဖို့အတွက် ခွင့်ပြုမိန့်တွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။

    ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံရဲ့ နျူကလီးယားလုံခြုံစိတ်ချရမှုအခြေအနေနဲ့ပက်သက်ပြီး စိုးရိမ်စရာ သတိပေးချက်ထုတ်ပြန်ခဲ့ပေမယ့်လည်း တရုတ်အစိုးရက ရပ်ဆိုင်းထားတဲ့လုပ်ငန်းတွေကို ၂၀၁၂ ခုနှစ်မှာ ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။

    Ref: Presstv

  • အကြမ်းဖက်မှုကို တိုက်ဖျက်ရာမှာ မွတ်စလင်တွေက မဟာမိတ်တွေပါပဲ (အမေရိကန်ရှေ့နေချုပ်)

    အကြမ်းဖက်မှုကို တိုက်ဖျက်ရာမှာ မွတ်စလင်တွေက မဟာမိတ်တွေပါပဲ (အမေရိကန်ရှေ့နေချုပ်)

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    – ဆန်ဘာရ်နာဒီနိုက မသန်စွမ်းကုသရေး ဆေးခန်းတစ်ခုမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်ခဲ့ခြင်းက အမေရိကန်တွေကို အစွန်းရောက်အောင်၊ အကြမ်းဖက်လုပ်ရပ်တွေကို အားကျလာအောင် လုပ်နေတဲ့ နိုင်ငံရပ်ခြား အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အန္တရာယ်အတွက် သတိပေးသံချောင်းခေါက်လိုက်တာပဲ ဖြစ်ပါတယ်။

    ကျွန်တော်တို့ Central Valley ကလူတွေကလည်း ကမ္ဘာတစ်ဝှမ်းရိုက်ခတ်နေတဲ့ ဒီကိစ္စတွေကို ခုခံနိုင်စွမ်းမရှိပါဘူး။ ပြီးခဲ့တဲ့လမှာ ဆန်ဂျိုအာကွင်း ခရိုင်က လူငယ်အမျိုးသား နီကိုလက်စ် တီယူဆန့်ဟာ နိုင်ငံရပ်ခြားကိုသွားပြီး IS နဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့မှုအတွက် အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။ အခုလမှာလည်း စခရာမန်တိုမှာ နေထိုင်တဲ့ လူငယ်တစ်ယောက်ဟာ အကြမ်းဖက်အဖွဲ့အစည်းမှာ ပါဝင်တိုက်ခိုက်ဖို့ ဆီးရီးယားသွားရောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး လူဝင်မှုကြီး ကြပ်ရေးတာဝန်ရှိသူတွေ လိမ်လည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျွန်တော့်ရဲ့ ရုံးက တရားစွဲဆိုမှုတွေ ပြုလုပ်ထားပါတယ်။ အမေရိကန်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ စီစဉ်မှုနဲ့ တရားစွဲဆိုခံရတာ မဟုတ်ပေမယ့် ဒီအဖြစ်အပျက် ၂ ခုစလုံးက အကြမ်းဖက်သမားတွေရဲ့ ကမ္ဘာတစ်ဝှမ်းလက်တံရှည်မှုကို ပြသနေပါတယ်။

    အမေရိကန် ရှေ့နေချုပ်တစ်ယောက်အဖြစ် ပြည်သူလူထုကို ကာကွယ်ဖို့ဆိုတာ ကျွန်တော်ရဲ့ ရည်မှန်းချက်ဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို တားဆီးဖို့ဆိုတာလည်း ကျွန်တော့်ရဲ့ ပထမ ဦးစားပေးအရာပါပဲ။ ရုံးမှာ ကျွန်တော်ရဲ့ ပထမဆုံး ဆောင်ရွက်ချက်က ရှုပ်ထွေးတဲ့ အမျိုးသားလုံခြုံရေး စုံစမ်းစစ်ဆေးမှုတွေကို ကိုင်တွယ်ရာမှာ လုံလောက်တဲ့ ကျွမ်းကျင်မှု ကျွန်တော်တို့မှာရှိဖို့အတွက် အဖွဲ့တစ်ခုဖွဲ့စည်းဖို့ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ရုံးဟာ ပြည်သူလူထု ဘေးအန္တရာယ်ကင်းစေဖို့အတွက် FBI ရဲ့ Joint Terrorism Task Force၊ ပြည်နယ်တွေ၊ ဒေသတွင်းမိတ်ဖက်တွေရဲ့အတူ နေ့စဉ် နီးနီးကပ်ကပ် ဆောင်ရွက်နေပါတယ်။

    ဒါပေမယ့် နိုင်ငံရပ်ခြား အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုဟာ ကျွန်တော့်ရဲ့ တစ်ခုတည်းသော စိုးရိမ်မှု မဟုတ်ပါဘူး။ တကယ်လို့များ ကြောက်ရွံ့မှုတွေ၊ နားလည်မှုလွဲမှားမှုတွေက ကျွန်တော်တို့ရဲ့ အမေရိကန်မွတ်စလင်လူထု ဒါမှမဟုတ် မွတ်စလင်အဖြစ် ခံယူထားတဲ့သူတွေအပေါ် ရန်လိုမှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေအထိ ဖြစ်စေခဲ့မယ်ဆိုရင် ကိုယ်တိုင်ဖန်တီးတဲ့ အဲဒီဒဏ်ရာဒဏ်ချက်တွေက ကျွန်တော်တို့လူ့အဖွဲ့အစည်းကို အမှန်တကယ် ထိခိုက်ပျက်ဆီးကာ အဲဒီထိခိုက်မှုကလည်း တာရှည်သွားမှာဖြစ်ပါတယ်။

    အမေရိကန်ဟာ အစ္စလာမ်အပေါ် စစ်ဆင်နွှဲနေတယ်လို့ နိုင်ငံရပ်ခြားအကြမ်းဖက်အဖွဲ့အစည်းတွေက အမေရိကန်မွတ်စလင်တွေကို အယုံသွင်းပြီး တိုင်းပြည်ကနေ ခွဲထုတ်ဖို့ ကြိုးစားကြပါတယ်။ ဒီလိုပြောဆိုမှုဟာ မှားယွင်းပေမယ့် မဲဆွယ်မှုတွေနဲ့ မီဒီယာတွေမှာ မွတ်စလင်ဆန့်ကျင်ရေးစကားတွေက ထွက်ပေါ်လာခြင်းဟာ အမေရိကန် မွတ်စလင်တွေရဲ့ လုံခြုံရေးအသိကို ဂယောက်ဂယက်ဖြစ်စေပါတယ်။

    အမေရိကန်ရှေ့နေချုပ်အဖြစ် ကျွန်တော့်ရဲ့ ၆ နှစ်တာ တာဝန်ထမ်းဆောင်မှုအတွင်းမှာ Central Valley ဒေသတစ်ဝှမ်းက မွတ်စလင်ပြည်သူလူထုနဲ့ အချိန်တော်တော်များများ ကုန်ဆုံးခဲ့ပါတယ်။ ဗလီတွေနဲ့ မွတ်စလင်လူမှုရေးစင်တာတွေကို သွားရောက်လည်ပတ်ခဲ့တယ်။ ကျွန်တော့်ရဲ့ ရုံးခန်းမှာလည်း သူတို့တွေကို ဖိတ်ခေါ်ပြီး အစည်းအဝေးတွေ လုပ်ခဲ့ပါတယ်။ ဘယ်ပဲသွားသွား ကျွန်တော့်ကို နွေးနွေးထွေးထွေးနဲ့ ဖော်ဖော်ရွေရွေ ဆက်ဆံကြပါတယ်။ အစ္စလာမ်အမည်ခံပြီးလုပ်နေတဲ့ အကြမ်းဖက်သမားတွေကြောင့် ဘယ်လောက်တုန်လှုပ်နေရကြောင်း၊ ဘယ်လို တွန်းလှန်နေရကြောင်းတွေကိုလည်း သူတို့ အမြဲတမ်း ပြောပြကြပါတယ်။ သူတိုရဲ့ ဘာသာတရားကို ဖျက်လိုဖျက်ဆီးလုပ်တာကို သူတို့က ဆန့်ကျင်ကြတယ်။ အစ္စလာမ်နဲ့ပတ်သက်ပြီး မီဒီယာကနေတစ်ဆင့် အမေရိကန်တော်တော်များများ အဓိကမြင်နေ ရတာက အကြမ်းဖက်မှုတွေ၊ အမုန်းတွေပဲဖြစ်နေတယ်ဆိုတဲ့ ကိစ္စအတွက်လည်း သူတို့က စိတ်မကောင်းဖြစ်ကြပါတယ်။

    အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းဟာ တော်တော်လေးကို သဟဇာတဖြစ်ပြီး ၀င့်ကြွားဖွယ်ရာ အောင်မြင်တဲ့သမိုင်းကြောင်းတွေလည်း အမြောက်အများ ရှိပါတယ်။ Pew Research Center စစ်တမ်းတွေအရ သူတို့ရဲ့ ၀င်ငွေဟာအခြားသော အမေရိကန်ပြည်သူတွေရဲ့ ၀င်ငွေလောက်ရှိပြီး သူတို့ရဲ့ နိုင်ငံရေးနဲ့ လူမှုရေး တန်ဖိုးတွေကလည်း များသောအားဖြင့် ခြားသောပြည်သူတွေနဲ့ တစ်သတ်မတ်တည်းရှိပါတယ်။

    အခုအချိန်အထိ အမေရိကန်အများစုဟာ အမေရိကန်မွတ်စလင်တွေအပေါ် မကောင်းထင်မှုတွေ ဆက်လက်ရှိနေဆဲပါပဲ။ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပေါ်ထွက်လာတာတဲ့အခါ ဒီမကောင်းထင်မှုတွေက ရန်လိုမှုတွေဆီကို ဦးတည်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ထရာစီမြို့မှာ ဗလီဝတ်ကျောင်းတော်တစ်ခု ဓာတ်ဆီဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရတယ်။ နိုင်ငံရဲ့ အခြားအစိတ်အပိုင်းတွေမှာလည်း ဗလီဝတ်ကျောင်းတော်တွေကို ဖျက်လိုဖျက်ဆီးလုပ်တာ၊ အသက် အန္တရာယ်ခြိမ်းခြောက်တာ၊ မီးရှို့တာမျိုးတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့ သီတင်းပတ်အနည်းငယ်က မွတ်စလင်အမျိုးသား၊ အမျိုးသမီးတွေနဲ့ စကားပြောတဲ့အခါ သူတို့စော်ကားခံရတာတွေ၊ မခံချိမခံသာဖြစ်အောင် ပြောဆိုခံရတာတွေကို သူတို့က ပြန်ပြောခဲ့ပါ တယ်။ မွတ်စလင်ကလေးတွေကလည်း ကျောင်းတွေမှာ မကြာခဏ အနိုင်ကျင့်ခံရတယ်။ ဟိဂျဘ်ဝတ်ဆင်တဲ့ အမျိုး
    သမီးတွေလည်း အထူးသဖြင့် ပစ်မှတ်ထားခြင်း ခံခဲ့ရပါတယ်။

    wegner
    ဘင်ဂျမင် ဘီ ၀ဂ်နာမှာ ကယ်လီဖိုးနီးယားအရှေ့ပိုင်းခရိုင် ရှေ့နေချုပ်အဖြစ် ၂၀၀၉ ခုနှစ်ကတည်းက ယနေ့အချိန်အထိ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

    အဲဒီလိုကိစ္စတွေဟာ ဥပဒေနဲ့ ဆန့်ကျင်ပါတယ်။ ကျွန်တော်တို့ရုံးက ကိုင်တွယ်ကျင့်သုံးနေတဲ့ အမုန်းရာဇ၀တ်မှုဆိုင်ရာ ဖက်ဒရယ်ဥပဒေတွေကလည်း ဘာသာရေးကိုအခြေခံပြီး အကြမ်းဖက်မှု ဒါမှမဟုတ် ခြိမ်းခြောက်မှုတွေကနေ ပြည်သူတွေကို ကာကွယ်ပေးထားပါတယ်။ ဘာသာရေးလူနည်းစုတွေ သူတို့ရဲ့ အခွင့်အရေးကို လွတ်လွတ်လပ်လပ် ကျင့်သုံးနိုင်ဖို့အတွက် အခြားသော ဥပဒေတွေကိုလည်း ပြဌာန်းသတ်မှတ်ထားပါတယ်။ အမေရိကန်မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ လက်စားခြေမှုလုပ်ရပ်ဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်ပျက်ဆီးစေပါတယ်။ အစွန်းရောက်မှု၊ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ရာမှာ မွတ်စလင်လူ့အဖွဲ့အစည်းဟာ အရေးပါတဲ့ မိတ်ဖက်ဖြစ်ပါတယ်။ မွတ်စလင်တွေကို အရှက်ရအောင်လုပ်တာ၊ ရန်လိုတာဟာ သူတို့နဲ့ ဥပဒေစိုးမိုးရေးအဖွဲ့တွေကြားက ရင်းနှီးမှုကို အား နည်းစေပါတယ်။

    နောက်ဆုံးအနေနဲ့ပြောရရင် မွတ်စလင်ဆန့်ကျင်ရေး အရှက်ရစေမှုဟာ အမေရိကန်ရဲ့ စံချိန်စံညွှန်းနဲ့ မညီပါဘူးး။ ကျွန်တော်တို့တိုင်းပြည်ရဲ့ တစ်ခုတည်းသော တန်ဖိုးကို ပြောပါဆိုရင် တန်းတူညီမျှဖြစ်မှုနဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေအတွက် ကျွန်တော်တို့ရဲ့ ကတိက၀တ်ကိုပဲ ပြရပါလိမ့်မယ်။ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုတွေ အမှန်တကယ်ပုံစံမျိုး ဖြစ်လာနေတဲ့ အခုလို သောကဖြစ်စရာ အခြေအနေမျိုးမှာ အမေရိကန်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ စုစည်းညီညွတ်ရမှာဖြစ်ပြီး ကျွန်တော်တို့ကို သွေးကွဲစေမယ့် အားထုတ်မှုတွေကို ခုခံကာကွယ်ရပါလိမ့်မယ်။ ဒီလိုမှ မလုပ်နိုင်ရင်တော့ ကျွန်တော်တို့ရဲ့တန်ဖိုးတွေ ထိခိုက်စေမယ့် အန္တရာယ်တွေ တိုးလာမှာပဲဖြစ်ပါတယ်။

    (The Sacrament To Bee ၀ဘ်ဆိုက်တွင် ဖော်ပြထားသည့် အမေရိကန် ရှေ့နေချုပ် ဘင်ဂျမင် ဘီ ၀ဂ်နာ၏ ပေးစာကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဘင်ဂျမင် ဘီ ၀ဂ်နာမှာ ကယ်လီဖိုးနီးယားအရှေ့ပိုင်းခရိုင် ရှေ့နေချုပ်အဖြစ် ၂၀၀၉ ခုနှစ်ကတည်းက ယနေ့အချိန်အထိ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။)

  •ီ ပိုးဖလံတွေရဲ့ နားအတွင်း မှီတင်းနေထိုင်သော ကပ်ပါးကောင် (Mites) များ

ီ ပိုးဖလံတွေရဲ့ နားအတွင်း မှီတင်းနေထိုင်သော ကပ်ပါးကောင် (Mites) များ

    ဇန်နဝါရီ ၂၇ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်

    Mites

    လင်းနို့တွေဟာ ကြိမ်နှုန်းမြင့် ပဲ့တင်သံတွေအသုံးပြုပြီး အတားအဆီးတွေကို ရှောင်တယ်။ ပျံသန်းနေတဲ့ အင်းဆက်တွေကိုစားတယ် ။

    Noctuids ပိုးဖလံတွေဟာ လင်းနို့တွေရဲ့ကြိမ်နှုန်းမြင့်သံကို ကြားနိုင်စွမ်းရှိတဲ့ အတွက် လင်းနို့တွေရဲ့ ရန်ကို ရှောင်ရှားနိုင်စွမ်းရှိကြတယ်။

    ဒီပိုးဖလံတွေရဲ့ နားအတွင်းမှာ ကပ်ပါးကမျဉ်းကောင် (Dicrocheles phalaerwdectes Ear Mites) တွေ နေထိုင် စားသောက်နေတယ်။ ဆိုတော့ ဒီကပ်ပါးကောင်တွေဟာ ပိုးဖလံတွေရဲ့ နားကို ပျက်စီးစေတယ်။

    ဒီဖြစ်စဉ်မှာ ထူးခြားမူတစ်ခုကို အမေရိကန် Massachusetts ပြည်နယ် ၊ Medford မြို့တော်၊ Tufts University မှ သုတေသန ပညာရှင် K.D. Roeder နဲ့ The City University of New York and The American Museum of Natural History မှ Asher . E. Treat တို့ဟာ တွေ့ရှိခဲ့တယ်။

    အဲဒါ ဘာလဲဆိုတော့ ဒီကပ်ပါးကောင်တွေဟာ ပိုးဖလံတွေရဲ့ နားတစ်ဖက်ထဲမှာသာလျှင် ကပ်တွယ်ပြီး နေထိုင် စားသောက်ကြတယ်ဆိုတာပဲ၊

    ဘာလို့လဲ ၊ ဘာလို့ ပိုးဖလံကောင်တွေရဲ့ နား၂ဖက်လုံးမှာ ဝင်ရောက်ကပ်တွယ် မစားသောက်ကြတာလဲ။

    ဟုတ်ကဲ့၊ တကယ်လို့ သူတို့သာ ပိုးဖလံတွေရဲ့ နား၂ဖက်လုံးထဲ ဝင်ရောက်ကပ်တွယ် နေထိုင် စားသောက် ကြမယ်ဆိုရင် ပိုးဖလံတွေရဲ့ နား၂ဖက်လုံးဟာ အကြားအာရုံ ချို့တဲ့ သွားမှာ ဖြစ်ပြီး လင်းနို့တွေရဲ့ ရန်ကို မရှောင်ရှားနိုင်တော့ပါဘူး။ အကျိုးဆက်အနေနဲ့ ကပ်တွယ်နေထိုင်တဲ့ သူတို့ပါ လင်းနို့ရဲ့ အစာဖြစ်သွားမှာပါ။

    ဒါကြောင့် ဒီကမျဉ်းကပ်ပါးကောင်တွေဟာ ပိုးဖလံတွေရဲ့ နားတစ်ဖက်ထဲမှာသာလျှင် ဝင်ရောက် နေထိုင် စားသောက်ကြတာ ဖြစ်ပါတယ်။

    ဆိုတော့ကာ ပိုးဖလံတွေရဲ့ ကျန်နားတစ်ဖက်ဟာ လင်းနို့သံကို ဆက်လက်ထောက်လှမ်း ရှောင်ရှားနိုင်စွမ်း ရှိနေပါတယ်။

    ကိုယ်ပါ  လင်းနို့အစားမခံရအောင်၊ ရှဥ့်လဲလျှောက်သာ ၊ ပျားလဲစွဲသာ အခြေအနေရှိနေအောင် ကြံဆောင်နိုင်တဲ့ ဉာဏ်စွမ်းရဲ့ မူလဘူတ ပိုင်ရှင်ဟာ အဲဒီ ပိုးဖလံတွေရဲ့ နားအတွင်းက ကမျဉ်းကပ်ပါးကောင် ( Mites ) တွေ ဖြစ်နိုင်ပါရဲ့လား။

    (Readings in Behavior By William G. Van der Kloot, Charles Walcott and Benjamin Dane , Pg 188)

    M-Media Knowledge ကဏ္ဍမှ အပတ်စဉ် ဗုဒ်ဓဟူးနေ့ တိုင်း တင်ဆက်ပါမည်။