News @ M-Media

Blog

  • အော်စကာဆု ရွေးချယ်ရေးအဖွဲ့က လူနည်းစုဝင်များ ပါဝင်မှုကို မြှင့်တင်သွားမည်ဟု ကတိပြု

    အော်စကာဆု ရွေးချယ်ရေးအဖွဲ့က လူနည်းစုဝင်များ ပါဝင်မှုကို မြှင့်တင်သွားမည်ဟု ကတိပြု

    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media

    will

    – ဟောလီးဝုဒ်၏ နှစ်စဉ် ကျင်းပပြုလုပ်နေကျ အော်စကာဆုပေးပွဲအခမ်းအနားကို စီစဉ်သော Academy of Motion Picture Arts and Sciences အဖွဲ့က မိမိတို့အဖွဲ့တွင် အမျိုးသမီးများနှင့် လူနည်းစုဝင်များ ပါဝင်မှုကို ၂၀၂၀ ခုနှစ်အရောက်တွင် ၂ ဆဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုက်သည်။

    အဓိက သရုပ်ဆောင်နေရာအတွက် အမည်စာရင်း တင်သွင်းထားသူများမှာ ၂ နှစ်ဆက်တိုက် လူဖြူများသာ ဖြစ်ခဲ့ပြီး ညီတူမျှတူ မရှိခဲ့သည့်အတွက် ပြီးခဲ့သည့်တစ်ပတ်က ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် အကယ်ဒမီက ယခုကဲ့သို့ ကြေငြာလိုက်ခြင်းဖြစ်သည်။ ထိုသို့ အဓိကသရုပ်ဆောင်နေရာများအတွက် အမည်စာရင်းများတွင် လူမည်း၊ သို့မဟုတ် အခြားသော လူနည်းစုဝင်များမှ တစ်ဦးမှ ပါမ၀င်ပေ။

    သောကြာနေ့က ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် အကယ်ဒမီက မိမိတို့မှာ လူနည်းစုဝင်များမှ အဖွဲ့ဝင်အရေအတွက်ကို ၂၀၂၀ ခုနှစ်တွင် ၂ ဆ ဖြစ်အောင် တိုးသွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အဖွဲ့ဝင်ဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဓိကဆုံးဖြတ်ချက်များကို ချမှတ်သည့် အမှုဆောင်ကော်မတီနှင့် ဘုတ်အဖွဲ့ ကော်မတီများတွင်လည်း သာတူညီမျှဖြစ်မှုကို တိုးမြှင့်ရန်အတွက် လူနည်းစုဝင်များမှ အဖွဲ့ဝင်အသစ်များကို ပေါင်းထည့်သွားမည်ဟု ကတိပြုခဲ့သည်။

    ထင်ရှားသည့် ဒါရိုက်တာ စပိုက်ကီ လီ၊ မင်းသမီး ပင်ကတ်-စမစ်နှင့် ၎င်း၏ခင်ပွန်း မင်းသား ၀ီလ်စမစ်တို့ အပါအ၀င် လူမည်းနှင့် အခြားသော လူနည်းစုဝင်များမှ သရုပ်ဆောင်များကို အသိအမှတ်ပြုမှု မရှိခြင်းကြောင့် အော်စကာဆုပေးပွဲကို သပိတ်မှောက်မည်ဟု သရုပ်ဆောင်များနှင့် ထင်ရှားကျော်ကြားသူများက စနေနေ့တွင် ပြောကြားခဲ့သည်။

    သို့သော်လည်း အချို့သရုပ်ဆောင်များကမူ အနုပညာအသိုင်းအ၀ိုင်းမှာ ယခင်ကထက်ပို၍ မတူကွဲပြားစွာ ညီညွတ်မှုရှိနေသည်ဟု ပြောကြားခဲ့သည်။ အော်စကာဆုပေးပွဲအခမ်းအနားကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြု လုပ်သွားမည်ဖြစ်သည်။

    Ref: Aljazeera

  • သစ်လွင် မွတ်စလင်အမျိုးသမီးများ၏ အစ္စလာမ့်အကြောင်း မျှဝေမှုအခမ်းအနားကို ဂျစ်ဒါတွင်ပြုလုပ်

    သစ်လွင် မွတ်စလင်အမျိုးသမီးများ၏ အစ္စလာမ့်အကြောင်း မျှဝေမှုအခမ်းအနားကို ဂျစ်ဒါတွင်ပြုလုပ်

    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media

    nwe muslim
    ၂၀၁၅ ခုနှစ်အတွင်း အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ယုံကြည်ခဲ့သည့် အိန္ဒိယမှ နာမည်ကြီး တမီလ်လူမျိုး ရုပ်ရှင်မင်းသမီး မိုနီကာ

     

    – အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်လာခဲ့တဲ့ သစ်လွင်မွတ်စလင်အမျိုးသမီးတွေရဲ့ အစ္စလာမ်နဲ့ပတ်သက်တဲ့ ခံစားချက်တွေ၊ ယူဆချက်တွေကို ပြန်လည်မျှဝေတဲ့ အခမ်းအနားတစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာ ယခုတစ်ပတ်အတွင်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

    Maulana Hifzur Rahman Seoharvi အကယ်ဒမီရဲ့ အမျိုးသမီးအဖွဲ့က ကျင်းပပြုလုပ်ခဲ့တဲ့ အဲဒီလှုပ်ရှားမှုကို Message of Peace (ငြိမ်းချမ်းရေးသတင်းစကား) လို့ အမည်ပေးထားပြီး အိန္ဒိယ၊ အာမေးနီးဝား၊ အမေရိကန် စတဲ့နိုင်ငံတွေအပါဝင် ကမ္ဘာတစ်ဝှမ်းက သစ်လွင်မွတ်စလင် အမျိုးသမီးပေါင်း ၂၀၀ ကျော်လောက် တက်ရာက်ကာ အစ္စလာမ်နဲ့ပတ်သက်တဲ့ သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေ ပေးခဲ့ကြပါတယ်။

    ဒီလှုပ်ရှားမှုလေးကို စီစဉ်ကျင်းပခဲ့တဲ့ ဖာကီဟာ ဇင်ဂျာနီက အစ္စလာမ်သာသနာဟာ ပစ်မှတ်အထားခံရဆုံး သာသနာဖြစ်နေပြီး၊ အမျိုးသမီးတွေကို ဖိနှိပ်တဲ့အယူဝါဒလို့ ထင်မှတ်ခံနေရပေမယ့် လူအများအပြား အထူးသဖြင့် အမျိုးသမီးတွေဟာ နက်နက်နဲနဲ လေ့လာဆန်းစစ်မှုနဲ့အတူ အစ္စလာမ်ထဲကို ၀င်လာမစဲ တစ်သဲသဲဖြစ်နေကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ပြုထောင်စုက သစ်လွင်မွတ်စလင်အမျိုးသမီးတစ်ဦးဖြစ်သူ အာလီမာ ရှာကူးရ်က သူမရဲ့ အစ္စလာမ့် အေးရိပ်ဆာယာအောက် ခိုဝင်လာမှုကို ပြန်ပြောင်းပြောပြခဲ့ပြီး လူတိုင်းကို မျက်ရည်လည်စေခဲ့ပါတယ်။

    “အမှန်တရားလင်းရောင်ခြည်က ရှင်တို့အပေါ်မှာ သန်းလာပြီဆိုရင် အဲဒီအချိန်မှာ ရှင်တို့ဟာ ဘ၀ရဲ့ ရည်ရွယ်ချက်ကိုတွေ့ပြီဟေ့လို့ အသိတရား ရသွားတော့တာပါပဲ။ ဒီလိုခံစားချက်မျိုးဟာ သဘောပေါက်အောင် ရှင်းပြလို့မရဘဲ၊ ကမ္ဘာပေါ်မှာ အလှပဆုံး ခံစားချက်ပါပဲ။ ကံအကောင်းဆုံးသူကသာ ဒါမျိုးကို ခံစားရတာပါ” လို့ ရှာကူးရ်က ပြောကြားခဲ့ပါတယ်။

    အခြားသစ်လွင် မွတ်စလင်အမျိုးသမီးအချို့ဟာလည်း သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒီပွဲမှာ အထူးဧည်သည့်တော်အဖြစ် ဖိတ်ကြားခံထားရသူကတော့ အိန္ဒိယနိုင်ငံက မစ္စစ်ချောင်ဒရီ ရှာဟ်ဘက်ဇ် အေရှာပါပဲ။

    သူမကို ပထမဆုံး လေးစားအထင်ကြီးစေခဲ့တာကတော့ အစ္စလာမ်သာသနာက သတ်မှတ်ပြဌာန်းထားတဲ့ ဆွလာသ်ဝတ်ပြုခြင်းပဲလို့ အေရှာက ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် “အလ္လာဟ်အရှင်မြတ်သည် အမြင့်မြတ်ဆုံးဖြစ်၏” လို့ ရွတ်ဆိုပြီး ပျပ်ဝပ်ဦးချတဲ့အခါ သူမရဲ့ ခံစားရမှုကိုလည်း ဖွင့်ဟခဲ့ပါသေးတယ်။

    အမေရိကန်က ဂျာနက်ရှောကတော့ ကုရ်အာန်ကျမ်းတော်မြတ်ဟာ သူမရဲ့ မေးခွန်းအားလုံးကို အဖြေပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကုန်အာန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်ပြီး နားလည်လာတဲ့အခါ ကျွန်မရဲ့ စိတ်နှလုံးကလည်း အေးချမ်းမှုကို ရရှိခဲ့ပါတယ်” လို့ သူမက ဆိုပါတယ်။

    မွမ်ဘိုင်းမြို့က အလ်ဖီယာက သူမရဲ့ အစ္စလာမ်ကို သက်ဝင်ယုံကြည်မှုအကြောင်း ပြောရာမှာတော့ မျက်ရည်တစ်သွင်သွင်စီးကျခဲ့ပြီး အစ္စလာမ်သာသနာဟာ သူမ ရရှိခဲ့တာတွေထဲမှာ အကောင်းဆုံးလက်ဆောင်လို့ ပြောခဲ့ပါတယ်။ အစ္စလာမ်နဲ့ပတ်သက်ပြီး သူမအားကျခဲ့ရတာကတော့ မွတ်စလင်တစ်ဦးနဲ့တစ်ဦး တွေ့ဆုံတဲ့အချိန် “အတ်စလားမုအလိုက်ကွမ်း” (ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေ) ဆိုတဲ့ နှုတ်ခွန်းဆက် မေတ္တာပို့ဆုတောင်းဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီပွဲကိုတက်ရောက်လာကြတဲ့ သစ်လွင်မွတ်စလင်အမျိုးသမီးတွေကို အမှတ်တရလက်ဆောင်တွေချီမြှင့်ခဲ့ပြီး၊ ဆုမွန်ဒိုအာတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။

    လေ့လာမှုတွေအရ အစ္စလာမ်သာသနာဟာ အနောက်နိုင်ငံတွေမှာ ထွန်းကားမှုအမြင့်ဆုံးဖြစ်နေပြီး နေ့စဉ်နဲ့အမျှ အစ္စလာမ်ကိုသက်ဝင်ယုံကြည်သူတွေ ရှိနေတယ်လို့ သိရပါတယ်။

    Ref: Arabnews

  • အမေရိကန်တွင် ဆီးနှင်းမုန်တိုင်းကြောင့် လူ ၂၀ နီးပါး သေဆုံး

    အမေရိကန်တွင် ဆီးနှင်းမုန်တိုင်းကြောင့် လူ ၂၀ နီးပါး သေဆုံး

    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသော ပြင်းထန်သည့် ဆီးနှင်းမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၁၉ ဦးအထိ ရှိလာခဲ့ပြီး နိုင်ငံအရှေ့မြောက်ပိုင်းရှိ ပြည်နယ်များတွင်လည်း ပြည်သူသန်းပေါင်းများစွာမှာ အဆိုပါ ဆီးနှင်းမုန်တိုင်းဒဏ် ခံစားနေရသည်။

    နယူးယောက်တွင် ဆီးနှင်းကျဆင်းမှုမှာ ၂၆.၈ လက်မအထိ ရှိပြီး ပြည်နယ်သမိုင်းတွင် ဒုတိယမြောက်အဆိုးဝါးဆုံး ဆီးနှင်းမုန်တိုင်းလည်း ဖြစ်ခဲ့သည်။ အဆိုးဝါးဆုံးမှာ ၂၀၀၆ ခုနှစ်က ကြုံခဲ့ရသည့် မုန်တိုင်းဖြစ်ပြီး ဆီးနှင်းထုမှာ ၂၆.၉ လက်မအထိ ရှိခဲ့သည်။ နယူးယောက်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေငြာထားရသည်။

    သေဆုံးမှုများမှာ ယမန်နေ့က ပြည်နယ် ၉ ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရာသီဥတုနှင့်ဆက်စပ်သည့် ယာဉ်တိုက်မှု၊ နှင်းထုပြိုကျမှုနှင့် အအေးလွန်ကဲမှုတို့ကြောင့်ဖြစ်သည်။ ယနေ့တွင် ဆီးနှင်းမုန်တိုင်းမှာ အဆိုပါပြည်နယ်များမှ အဝေးသို့ ရောက်ရှိမည့်အခြေအနေ ရှိနေသည်။

    ဆီးနှင်းမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ်များ၊ ရထားခရီးစဉ်များအပါအ၀င် သယ်ယူပို့ဆောင်ရေး ခရီးစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရပြီး၊ မုန်တိုင်းကြောင့် ပိတ်မိနေသူအချို့ကိုလည်း ကယ်ဆယ်မှုများ ပြုလုပ်နေရသည်။

    Ref: Channelnewsasia

  • မန်ယူပရိတ်သတ်များ၏ စိတ်ပျက်မှုကို နားလည်သည်ဟု ဗန်ဂါးလ်ပြော

    မန်ယူပရိတ်သတ်များ၏ စိတ်ပျက်မှုကို နားလည်သည်ဟု ဗန်ဂါးလ်ပြော

    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media

    Man U

    – မိမိအပေါ် အားကိုးတကြီး မျှော်လင့်ထားခဲ့သည့် ပရိတ်သတ်များအတွက် မိမိအနေဖြင့် ခံစားရပြီး၊ ပရိတ်သတ်များ၏ စိတ်ပျက်မှုကို နားလည်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ဆောက်သက်တမ်အသင်အား ၁ ဂိုး ဂိုမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ယမန်နေ့ပွဲအပြီးတွင် ပြောကြားလိုက်သည်။

    အိုးထရက်ဖို့ဒ်တွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ချာလီအော်စတင်၏ ၈၇ မိနစ်ဂိုးဖြင့် ဆောက်သက်တမ်က အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲအပြီးတွင် ပရိတ်သတ်များက ဗန်ဂါးလ်းကိုရည်ညွှန်း၍ “နှုတ်ဆက်သည်” ဟူသော စာတမ်းများကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကာ၊ အချို့ကလည်း ဗန်ဂါးလ်၏ စွမ်းဆောင်ရည်ကို မနှစ်မြို့သည့်အတွက် လက်မများကို အောက်ဆိုက်ကာ ထောင်ပြခဲ့ကြသည်။

    ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဗန်ဂါးလ်က ပရိတ်သတ်များ၏ စိတ်ပျက်မှုကို နားလည်သည်ဟု ဆိုကာ ယခုပွဲမှာ မန်ယူအသင်းအား ၎င်းကိုယ်တွယ်သည့် အချိန်တစ်လျှောက် အဆိုးဆုံး စွမ်းဆောင်ရည်ထဲမှတစ်ခုလားဟု မေးမြန်းရာဗန်ဂါးလ်က

    “ဟုတ်ပါတယ်။ သိပ်ကိုထင်ရှားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ (ပရိတ်သတ်တွေရဲ့ ခံစားချက်တွေကို) ကျွန်တော်တွေးကြည့်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း တော်တော်မကောင်းတဲ့ပွဲကို ကြည့်ခဲ့ရတာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့ပြင် မိမိမှာ အသင်းပရိတ်သတ်များ၏ ခံစားချက်ကို မပြောင်းလဲနိုင်ဘဲ မိမိလုပ်နိုင်သည့်အလုပ်မှာ အသင်းပိုမိုကောင်းမွန်ရန်အတွက် ကစားသမားများနှင့်အတူ ကြိုးပမ်းအားထုတ်ရန်ဖြစ်ပြီး၊ ထိုကိစ္စကိုလည်း ဆောင်ရွက်နေကြောင်း၊ ရလဒ်အတွက် မိမိကိုယ်တိုင်လည်း စိတ်ပျက်မိပြီး ထိုဆိုးရွားမှုကို ပြောင်လဲရန် မည်သို့ဆောင်ရွက်ရမည်ကို သိရှိကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • အမေရိကန်နျူဒုံးကျည်တစ်စင်း ပြုပြင်ထိန်းသိမ်စဉ် ထိခိုက်မိခဲ့

    အမေရိကန်နျူဒုံးကျည်တစ်စင်း ပြုပြင်ထိန်းသိမ်စဉ် ထိခိုက်မိခဲ့

    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media

    us

    – ကော်လိုရာဒိုပြည်နယ်က မြေအောက်သိုလှောင်ရေးစခန်းတစ်ခုမှာ ထိန်းသိမ်းထားတဲ့ အမေရိကန် နျူထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းဟာ ပြုပြင်မွမ်းမံစဉ်အတွင်း နည်းပညာရှင်တစ်ဦးကြောင့် မတော်တဆထိခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန် လေတပ်က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ဒီလို အရေးကြီးတဲ့ကိစ္စတစ်ခုကို လပေါင်း ၂၀ လောက် ဖုံးကွယ်ထားပြီးနောက်မှ အမေရိကန်လေတပ်က ယခုလို ထုတ်ဖော်ကြေညာခဲ့တာဖြစ်ကာ ၂၀၁၄ မေလ ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ယင်းမတော်တဆမှုနဲ့ပက်သက်ပြီး လေတပ်သားသုံးဦးကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    ဒါပေမယ့် လူသားရဲ့မှားယွင်းမှုကြောင့်ဖြစ်ခဲ့တဲ့ ဒီထိခိုက်မှုဟာ ပြည်သူလူထုရဲ့ လုံခြုံမှုကို မထိခိုက်စေခဲ့ပါဘူးလို့ လေတပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အဲဒီမတော်တဆမှု ဖြစ်ပွားပြီးကတည်းက ထိခိုက်မှုဖြစ်ထားတဲ့ ဒုံးကျည်ကို စခန်းကနေ အပြီးဖယ်ရှားလိုက်ပါတယ်။

    အဆိုပါကိစ္စနဲ့ပက်သက်ပြီး မတော်တဆမှုစုံစမ်းရေးဘုတ်အဖွဲ့က စတင်စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယခုကိစ္စဟာ အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်လို့ ကန်လေတပ်က အသေးစိတ်အချက်အလက်ကိုမှ ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပါဘူး။

    ၎င်းတို့ပြောကြားခဲ့တဲ့ သတင်းအချက်အလက်ထဲမှာ ၂၀၁၄ မေလ ၁၆ ရက် ညနေပိုင်းမှာ အပြစ်ရှာဖွေစမ်းသပ်မှု လုပ်နေစဉ်အတွင်း Minuteman 3 တိုင်းချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်ခုဟာ အလုပ်မလုပ်တော့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ နောက်တနေ့မှာ အမည်မဖော်လိုတဲ့ (အမှားကျူးလွန်ခဲ့တဲ့ပုဂ္ဂိုလ်) အကြီးအကဲဟာ အပြစ်ရှာဖွေနေစဉ်မှာ နည်းပညာညွှန်ကြားချက်ကို မှန်ကန်စွာ မလိုက်နာတာကြောင့် ဒုံးကျည်ကို ထိခိုက်မှု ဖြစ်စေခဲ့တာပါ။

    လေတပ်အဖွဲ့သားတွေနဲ့ သူတို့ရဲ့ ကြီးကြပ်သူတွေဟာ အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကို နားလည်နိုင်တဲ့ ကျွမ်းကျင်မှုအဆင့် မရှိကြပါဘူး။ အဲ့ဒါကြောင့် ပြန်လည်ပြင်ဆင်စရိတ် ဒေါ်လာ ၁.၈ သန်းလောက် ကုန်ကျခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ လေတပ်တာဝန်ရှိသူတွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမေရိကန်ရဲ့ Minuteman ဒုံးကျည်တွေကို နျူကလီးယားကာကွယ်ရေးအစီအစဉ်အဖြစ် မြေအောက်စခန်းတွေမှာ ထိန်းသိမ်းထားပါတယ်။ အဲဒီ နျူထိပ်ဖူးတပ် ဒုံးကျည်တွေကို သိမ်းဆည်းထားတဲ့ မြေအောက်စခန်းတစ်ခုဟာ ပေ ၈၀ နက်ပြီး အချင်း ၁၂ ပေကျယ်ဝန်းပါတယ်။

    Ref: RT