News @ M-Media

Blog

  • ၃ လအတွင်း ၇ ကြိမ်မြောက် ဖားကန့်မြေစာပုံပြိုကျမှု အနည်းဆုံး ၆ ဦးသေဆုံး

    ၃ လအတွင်း ၇ ကြိမ်မြောက် ဖားကန့်မြေစာပုံပြိုကျမှု အနည်းဆုံး ၆ ဦးသေဆုံး

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    phakant

    – ဖားကန့်တွင် တနင်္လာနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုအတွင်း အနည်းဆုံး လူ ၆ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။

    အဆိုပါ အဖြစ်အပျက်မှာ နိုဝင်ဘာလအတွင်း လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့သည့် မြေစာပုံပြိုကျမှုပြီးနောက် ၆ ကြိမ်မြောက်ဖြစ်ပွားခြင်းလည်းဖြစ်ပြီး သေဆုံးသွားသူများ၏ ဈာပနကို စီစဉ်ပေးရသည့် ဖားကန့် နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းကမူ ပြိုကျခဲ့သည့် မြေစာပုံအောက်တွင် လူတစ်ဒါဇင်ကျော်ခန့် ရှိနေဆဲဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ သူတို့ကို ဒီနေ့ အသုဘချမှာပါ။ တစ်ချို့မိသားစုတွေကတော့ လာရောက်ကြပြီး တစ်ချို့တွေကတော့ မလာကြပါဘူး။ သူတို့ကို ကျွန်တော်တို့ ထပ်စောင့်လို့မရတော့ပါဘူး။ မြေစာပုံအောက်မှာ နောက်ထပ် လူတစ်ဒါဇင်လောက် ရှိနိုင်ပါတယ်။ ဒါပေမယ့် တော်တော်လေး အန္တရာယ်ရှိတဲ့အတွက်ကြောင့် အလောင်းတွေကို ထုတ်ဖို့ ခက်ခဲပါတယ်” ဟု ဘုရားကျောင်းတာဝန်ရှိသူ ဒတ်လက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံပိုင်မီဒီယာကမူ ပန်ခမ်ဘမ်းရွာတွင် ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်အတွင်း လူ ၃ ဦးသေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ဒေသတွင်း ရဲအရာရှိတစ်ဦးဖြစ်သူ ကျော်စိုးကမူ ပြိုကျခဲ့သော မြေစာပုံမှာ ပေ ၁၀၀ ကျော်မြင့်ကာ ပေ ၁၅၀ ကျော် ထုရှိပြီး ထိုမြေစာပုံဘေးနားတွင် ကျောက်တူးသမား ၁၀၀ ခန့် နေထိုင်ကြသည်ဟု ပြောကြားခဲ့သည်။

    ဒေသတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်တစ်ဦဖြစ်သူ ခင်မောင်ချစ်က မြေစာပုံပြိုကျမှုအတွင်း ကျောက်တူးသမားများနေထိုင်သည့် တဲ ၄ လုံး နစ်မြုပ်သွားခဲ့ပြီး၊ လူပေါင်း တစ်ဒါဇင်ကျော်ခန့် သေဆုံးနိုင်ကြောင်း သို့ရာတွင် မည်မျှသေဆုံးသည်ကို အတိအကျသိရှိရန် ကြိုးစားနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref : ABC News

  • ၂၀၁၅ခုနှစ် ခြစားမှုထိပ်ဆုံး နိုင်ငံ ၂၀ တွင် မြန်မာပါဝင်

    ၂၀၁၅ခုနှစ် ခြစားမှုထိပ်ဆုံး နိုင်ငံ ၂၀ တွင် မြန်မာပါဝင်

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    corrupt

    – ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံများ၏ ခြစားမှုအညွှန်းကိန်း(Corruption Perceptions Index ) ကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှာ ခြစားမှုအများဆုံး နိုင်ငံ ၂၀ တွင် ပါဝင်နေသည်ဟု သိရသည်။

    Transparency International က ယခုတစ်ပတ်အတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ၁၆၈ နိုင်ငံတွင် မြန်မာနိုင်ငံမှာ ရမှတ် ၂၁ မှတ်ဖြင့် အဆင့် ၁၄၇ တွင် ရှိနေခြင်းဖြစ်သည်။ အရှေ့တောင်အာရှတွင်မူ မြန်မာနိုင်ငံမှာ ရမှတ် ၂၁ မှတ်ဖြင့် အဆင့် ၁၅၀ နေရာတွင် ရှိနေသည့် ကမ္ဘောဒီးယားပြီးနောက် ခြစားမှုအများဆုံး နိုင်ငံ ဖြစ်နေသည်။

    ယမန်နှစ်ကလည်း မြန်မာနိုင်ငံမှာ အဆင့် ၁၄၇ နေရာတွင် ရှိခဲ့သည်။ မြောက်ကိုရီးယားနှင့် ဆိုမာလီယာနိုင်ငံတို့မှာ ရမှတ် ၈ မှတ်ဖြင့် ခြစားမှုအမြင့်ဆုံးနိုင်ငံများ ဖြစ်ကြပြီး၊ ဒိန်းမတ်နှင့် ဖင်လင်တို့မှာ ခြစားမှုအကင်းစင်ဆုံး နိုင်ငံများအဖြစ် ရပ်တည်ခဲ့သည်။ ဒိန်းမတ်မှာ ၂ နှစ်ဆက်တိုက် ခြစားမှုအကင်းစင်ဆုံး နိုင်ငံအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ခြစားမှုအညွန်းကိန်းမှာ ပြည်သူ့ရေးရာကဏ္ဍတွင် ချခြစားမှုနှင့်ပတ်သက်​၍ ကျွမ်းကျင်ပညာရှင်များ၏ အမြင်များကို အခြေခံကာ တွက်ချက်ထုတ်ပြန်ခြင်းဖြစ်သည်။ ရမှတ်အနည်းဆုံးနိုင်ငံမှာ ခြစားမှု ကျယ်ကျယ်ပြန့်ပြန်ဖြစ်ပွားခြင်း၊ ခြစားမှုအတွက် အပြစ်ပေးမှုမရှိခြင်း၊ ပြည်သူရေးရာ ဌာနများမှာ နိုင်ငံသားများ၏ လိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်မှုမရှိခြင်း စသည့် အားနည်းချက်များ ရှိနေသည့် လက္ခဏာလည်းဖြစ်သည်။

    Ref : transparency.org

  • ကြောက်စရာ ဇီကာဗိုင်းရပ်စ်ကူးစက်သူ ဥရောပတွင် မြင့်တက်လာ

    ကြောက်စရာ ဇီကာဗိုင်းရပ်စ်ကူးစက်သူ ဥရောပတွင် မြင့်တက်လာ

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    zika 3

    – ခြင်မှတစ်ဆင့်ကူးစက်ပြီး ကုသနိုင်သည့်ဆေး မရှိသေးသည့် ဇီကာဗိုင်းရပ်စ် ရှိနေသူတစ်ဦးကို တွေ့ရှိခဲ့ရသည်ဟု ဒိန်းမတ်နိုင်ငံက ယနေ့တွင် ကြေငြာခဲ့ကာ အီတလီ၊ စပိန်၊ ယူကေနှင့် ဆွစ်ဇာလန်နိုင်ငံများပြီးနောက် အဆိုပါဗိုင်းရပ်စ်ပိုးတွေ့ရှိသည့် ၅ ခုမြောက် ဥရောပနိုင်ငံ ဖြစ်လာခဲ့သည်။

    ကူးစက်သူမှာ မကြာသေးမီကမှ ရောဂါပိုး ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့ရာ တောင်အမေရိကနှင့် အလယ်အမေရိကသို့ သွားရောက်ခဲ့သူဖြစ်ပြီး အဖျားကဲ့သို့ လက္ခဏာများကို တွေ့ခဲ့ရပြီးနောက် စမ်းသပ်မှုများပြုလုပ်ခဲ့ရာ ဇီကာဗိုင်းရပ်စ်ပိုးကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    အီတလီတွင် ကူးစက်သူအများအပြားရှိနေပြီး ၎င်းတို့မှာ လက်တင်အမေရိကမှ ဗိုင်းရပ်စ်ပိုး ကူးစက်လာခြင်းဖြစ်ကာ စပိန်တွင် ကူးစက်သူ ၂ ဦး၊ ယူကေတွင် ၃ ဦးနှင့် ဆွစ်ဇာလန်တွင် ၂ ဦး ရှိနေသည်။

    လက်ရှိအချိန်တွင် ဇီကာရောဂါပိုး အများဆုံး ကူးစက်ပြန့်ပွားနေသည့် နိုင်ငံများမှာ ဘရာဇီးလ်၊ ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ အလ်ဆာဗေဒိုး၊ ဟွန်ဒူးရပ်စ်၊ မာတင်းနစ်၊ ပနားမားနှင့် ဆူရီနမ်နိုင်ငံတို့ဖြစ်ကြပြီး၊ အာရှတွင်လည်း ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့တွင် ရောဂါပိုးကူးစက်နေသူများကို တွေ့ရှိရသည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ကြေငြာခဲ့သည်။

    အဆိုပါ ဇီကာဗိုင်းရပ်စ်မှာ အသက်သေဆုံးမှုကို မဖြစ်ပေါ်နိုင်သော်လည်း ဦးနှောက်ပျက်ဆီးကာ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မသန်စွမ်းဖြစ်ခြင်း စသည့် ဝေဒနာများကို ခံစားရနိုင်သည်။

    Ref : RT

  • ပရီးမီးယားလိဂ်မရပါက ၀င်းဂါး အာဆင်နယ်မှ နှုတ်ထွက်သင့်ဟု ပရိတ်သတ်အများစု ယူဆ

    ပရီးမီးယားလိဂ်မရပါက ၀င်းဂါး အာဆင်နယ်မှ နှုတ်ထွက်သင့်ဟု ပရိတ်သတ်အများစု ယူဆ

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    winger

    – ယခုနှစ်ပရီးမီးယားလိဂ်ဖလားအား အာဆင်နယ်အသင်း မရရှိပါက ၀င်းဂါးမှာ နှုတ်ထွက်သင့်သည်ဟု ပရိတ်သတ်အများစုက ယူဆနေကြကြောင်း နာမည်ကျော် ဘောလုံး ၀ဘ်ဆိုက်တစ်ခုဖြစ်သည့် Goal ၏ စစ်တမ်းကောက်ယူမှု အရ သိရသည်။

    ယခုတစ်ပတ်တွင် ချယ်ဆီးကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်မှာ ဦးဆောင်သူ လက်စတာနှင့် ၃ မှတ်ကွာဟသွားခဲ့ပြီဖြစ်ပြီး ထိုအရှုံးက ပရီးမီးယားလိဂ်ဖလားကို မျှော်မှန်းနေသည့် အာဆင်နယ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

    အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား မရရှိမှုမှာ ၁၂ နှစ်တာ ကြာမြင့်နေပြီဖြစ်ပြီး အခွင့်အရေးကောင်းများရှိနေသည့် ယခုနှစ်တွင် အရမယူနိုင်ပါက သက်တော်ရှည်နည်းပြ ၀င်းဂါးမှာ ရာထူးမှနှုတ်ထွက်သင့်သည့်ဟု Goal ၏ စစ်တမ်းကောက်ူမှုတွင်ပါဝင်ခဲ့သည့် ၆၆ ရာခိုင်နှုန်းက မှတ်ချက်ပြုခဲ့ကြသည်။

    အာဆင်နယ်မှာ စနေနေ့တွင် FA ဖလားပွဲအဖြစ် ဘန်လေနှင့် အိမ်ကွင်းတွင် ကစးရမည်ဖြစ်ပြီး၊ ထို့နောက် Boxing Day က ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ဆန်းဒါးလန်း၊ ကစားရခက်သည့် ဘုန်းမောက်၊ ဦးဆောင်သူ လက်စတာတို့နှင့် ပရီးမီးယားလိဂ်တွင် ဆက်တိုက် တွေ့ဆုံရမည်ဖြစ်သည်။

    Ref : Goal

  • သမိုင်းဝင် ဘဒရ်မြို့အား ဆော်ဒီက အဆင့်မြှင့်တင်မည်

    သမိုင်းဝင် ဘဒရ်မြို့အား ဆော်ဒီက အဆင့်မြှင့်တင်မည်

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    badir

    – ဆော်ဒီအာရေဗျက သမိုင်းဝင် ဘဒရ်မြို့မှာ ဆော်ဒီရီယဲလ် ၂၁၉ သန်း လောက်ကုန်ကျမယ့် ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ ၀န်ဆောင်မှုတွေကို စတင်ဆောင်ရွက်နေပြီလို့ မဒီနာအုပ်ချုပ်ရေးမှူး မင်းသား ဖိုင်ဆယ် ဘင် ဆလ်မန်က ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    မင်းသားဟာ ဘဒရ်မြို့နေပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပြီး ခရီးသွားလာရေးလုပ်ငန်းအတွက် မြို့ရဲ့သမိုင်းဝင်ပြီး အရေးပါပုံကို အထူးအလေးပေး ပြောကြားခဲ့ပါတယ်။ နိုင်ငံထဲကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားနဲ့ ဧည့်သည်တော်တွေအတွက်လည်း ခရီးသွားလာရေးဆိုင်ရာ အစီအစဉ်တွေနဲ့ ၀န်ဆောင်မှုတွေကို အားကောင်းအောင် ပြုလုပ်နေမှုတွေနဲ့ ပတ်သက်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပြည်သူလူထုအကျိုးစီးပွားအတွက် ဆော်ဒီအစိုးရရဲ့ စီမံကိန်းတွေအောင်မြင်ရေး ကဏ္ဍအားလုံးအကြား ပူးပေါင်းဆောင်ရွက်ဖို့၊ ညှိနှိုင်းဆောင်ရွက်သွားဖို့အတွက်လည်း ဆလ်မန်က အလေးထား ပြောကြားခဲ့ပါတယ်။ ခရီးသွားလာရေး ကော်မရှင်နဲ့ စည်ပင်သာယာရေးအဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း မင်းသားက ချီးကျူးခဲ့ပါတယ်။

    ဆော်ဒီအစိုးရရဲ့ ဘဒရ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေမှာ အထွေထွေဆေးရုံဆောက်လုပ်တာ အမျိုးသား၊ အမျိုးသမီးတွေအတွက် အဆင့်မြင့်ပညာရေးရရှိအောင် ဆောင်ရွက်တာ၊ လမ်း၊ တံတားနဲ့ အိမ်ယာတွေတည်ဆောက်တာတွေ ပါဝင်ပြီး ဥပဒေစိုမိုးရေးအဖွဲ့တွေ၊ စည်ပင်သာသာရေးအဖွဲ့တွေအတွက် အခြေခံအဆောက်အဦးတွေကိုလည်း တိုးချဲ့တည်ဆောက်ပေးသွားမှာဖြစ်ပါတယ်။

    အဲဒီစီမံကိန်းတွေမှာ လူမှုဖူလုံရေးနဲ့ အာမခံလုပ်ငန်း၊ အလုပ်အကိုင်ရှာဖွေပေးရေး စတဲ့ ပြည်သူလူထု ၀န်ဆောင်မှုလုပ်ငန်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

    Ref : Arabnews