News @ M-Media

Blog

  • ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းကို အင်ဒိုနီးရှားစတင်ဖောက်လုပ်

    ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းကို အင်ဒိုနီးရှားစတင်ဖောက်လုပ်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media

    indo

    – နိုင်ငံရဲ့ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းဖောက်လုပ်မှုကို အင်ဒိုနီးရှားမှာ ကြာသပတေးနေ့က စတင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

    ၁၄၂ ကီလိုမီတာရှည်တဲ့ အဲဒီရထားလမ်းဟာ မြို့တော်ဂျကာတာနဲ့ ဂျာဗားအနောက်ပိုင်း ဘန်ဒေါင်းတို့အကြား ဖြတ်သန်းပြေးဆွဲမှာ ဖြစ်ပြီး၊ ကန်ဒေါ်လာ ၅ ဘီလီယံ ကုန်ကျမယ့် အဲဒီစီမံကိန်းကို အင်ဒိုနီးရှားနိုင်ငံပိုင်ကုမ္ပဏီခြောက်ခုပူးပေါင်းထားတဲ့ အုပ်စုနဲ့ တရုတ်ရထားလမ်းကုမ္ပဏီတစ်ခုတို့ ကိုယ်ပိုင်ထည့်ဝင်ငွေတွေနဲ့ ပူးပေါင်းဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

    အနောက်ဘန်ဒေါင်းမှာ ပြုလုပ်ခဲ့တဲ့ အုတ်မြစ်ချပွဲ အခမ်းအနားကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက တက်ရောက်ခဲ့ပါတယ်။

    “ချီးမွမ်းခြင်းအားလုံးဟာ ဘုရားသခင်အဖို့သာဖြစ်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့တွေ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းကို စတင်တည်ဆောက်နိုင်ခဲ့ပါပြီ။ ဒါဟာ တရုတ်နဲ့ အင်ဒိုနီးရှားအစိုးရအကြား ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်ချက်ပါပဲ။ ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုဟာ နိုင်ငံတွေအကြား ယှဉ်ပြိုင်မှုမှာ အောင်မြင်သူတစ်ဦးအဖြစ် ပေါ်ထွက်လာပါလိမ့်မယ်” လို့ ဂျိုကို ၀ီဒိုဒိုက ပြောကြားခဲ့ပါတယ်။

    တစ်နာရီ ကီလိုမီတာ ၃၅၀ နှုန်းနဲ့ ပြေးဆွဲမယ့် အဲဒီ မြန်နှုန်းမြင့်ရထားလမ်းစနစ်ကို ၂၀၁၈ မှာ အပြီးသတ်ပြီး ၂၀၁၉ အစောပိုင်းလောက်မှာ စတင်ပြေးဆွဲနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    ယမန်နှစ်က ဂျပန်နဲ့ တရုတ်ဟာ အဆိုပါစီမံကိန်းကိုလုပ်ကိုင်ဖို့ အကြိတ်အနယ်ယှဉ်ပြိုင်နေခဲ့ပါတယ်။ ဂျပန်က စီမံကိန်းအောင်မြင်နိုင်ချေရှိမရှိ စမ်းသပ်ဖို့ နှစ်ပေါင်းများစွာလေ့လာ၊ ဒေါ်လာသန်းပေါင်းများစွာသုံးစွဲပြီးနောက် အမြန်ရထားတည်ဆောက်ဖို့သာ ဦးစားပေးခဲ့ပါတယ်။

    ဘန်ဒေါင်းနဲ့ ဂျာကာတာ ကြားအကွာအဝေးဟာ မြန်နှုန်းမြင့်ရထားပြေးဆွဲဖို့ အဆင်မပြေဘူးလို့ယူဆတဲ့အတွက် သမ္မတ၀ီဒိုဒိုဟာ ပထမပိုင်းမှာ အဲဒီစီမံကိန်းကို ပယ်ချခဲ့ပါတယ်။ နဂိုပုံမှန်ပြေးဆွဲနေတဲ့ရထားလမ်း ရှိနှင့်ပြီးသားဖြစ်တာကြောင့် အဲဒီစီမံကိန်းအတွက် အစိုးရဘက်ဂျက်ကို ထုတ်ယူသုံးစွဲလိုစိတ် မရှိခဲ့ပါဘူး။

    ဒါပေမယ့် တရုတ်က အစိုးရစိုက်ငွေ သို့မဟုတ် အာမခံကြေး လုံးဝမလိုပေးစရာမလိုတဲ့ ၎င်းရဲ့အဆိုပြုလွှာကို ပြန်လည်ပေးပို့ခဲ့ပြီး စီမံကိန်းဆောင်ရွက်မှုအတွက် ဂျပန်ကိုကျော်ကာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

    Ref: Channelnewsasia

  • အရှေ့ဂျေရုစလင်ကို မြို့တော်ထား၍ ပါလက်စတိုင်းနိုင်ငံထူထောင်မှုကို တရုတ်ထောက်ခံ

    အရှေ့ဂျေရုစလင်ကို မြို့တော်ထား၍ ပါလက်စတိုင်းနိုင်ငံထူထောင်မှုကို တရုတ်ထောက်ခံ

    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media

    pale

    – အီဂျစ်နိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်သမ္မတ ရှီကျင်ပင်းက အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထား၍ ပါလက်စတိုင်းနိုင်ငံထူထောင်ရန်အတွက် တိုက်တွန်းဆော်သြလိုက်သည်။

    ၎င်း၏ ဒုတိယအကြိမ်မြောက် အရှေ့အလယ်ပိုင်းခရီစဉ်အဖြစ် ရောက်ရှိနေသည့် ရှီက ပါလက်စတိုင်းကိစ္စအား ဘေးဖယ်ထား၍မရဟုလည်း ဆိုသည်။

    “အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းတဲ့လုပ်ငန်းစဉ်နဲ့ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုကို ထောက်ခံပါတယ်” ဟု ရှီကျင်ပင်းက အာရပ်လိဂ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပိုက်နက်များ၌ နေစွမ်းအင်သုံးကာ ဓာတ်အားထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းများ တည်ဆောက်ရေးအတွက် ကန်ဒေါ်လာ ၇.၆ သန်း ကူညီသွားမည်ဟုလည်း တရုတ်သမ္မတက ကြေငြာခဲ့ကာ ပါလက်စတိုင်း-အစ္စရေး ပြဿနာကို အဆုံးသတ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများကိုလည်း ရှေ့တိုးဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။

    “ပါလက်စတိုင်းပြည်သူတွေရဲ့ တရားဝင်အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်တာဟာ အာရပ်လိဂ်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တာဝန်ဝတ္တရားပါပဲ”

    အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်၍ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကို နိုင်ငံတကာအသိုင်းအ၀ိုင်းက တရားဝင် အသိအမှတ်ပြု ထောက်ခံထားသော်လည်း အစ္စရေးက ထိုနေရာအား ကျူးကျော် ပိတ်ဆို့ထားကာ ပါလက်စတိုင်း ပိုင်နက်များတွင်လည်း တရားမ၀င်အခြေချအိမ်ယာများကို ဆက်လက်ဆောက်လုပ်လျက်ရှိနေသည်။

    ဆီးရီးယား၊ ဂျော်ဒန်၊ လက်ဘနွန်၊ လစ်ဗျားနှင့် ယီမင်နိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ကန်ဒေါ်လာ ၃၅ သန်း ပေးအပ်သွားမည်ဟုလည်း ရှီက ကြေငြာခဲ့သည်။

    “ဆီးရီးယားပြဿနာမှာ အနိုင်ရတဲ့သူ မပေါ်တဲ့အတွက် ရှေ့မဆက်သင့်တော့ပါဘူး။ ဆီးရီးယားပြည်သူတွေကသာ ဒီကိစ္စမှာ ခံစားရတာပါ။ ဒီပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ချက်ချင်းဦးစားပေးလုပ်ရမှာက အပစ်ရပ်ရေးနဲ့ နိုင်ငံရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေပါ။ တစ်ချိန်တည်းမှာပဲ ဆီးရီးယားမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ချက်ချင်း လိုအပ်ပါတယ်”

    ရှီကျင်ပင်းမှာ ကိုင်ရိုသို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခြင်းဖြစ်ပြီး ၁၂ နှစ်တာကာလအတွင်း အီဂျစ်သို့ ပထမဆုံး ရောက်ရှိသည့် တရုတ်သမ္မတ ဖြစ်သည်။ အီဂျစ်နှင့် တရုတ်နိုင်ငံတို့မှ တာဝန်ရှိသူများမှာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ပေါင်း ၂၁ ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

    Ref: Aljazeera

  • သင်းခွေချပ်အပါအ၀င် မြန်မာနိုင်ငံ၏ ရှားပါးမျိုးစိတ်ဝင်တိရစ္ဆာန်များ တရုတ် မှောင်ခိုဈေးကွက်၌ တွင်ကျယ်နေ

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media
    ေေ
    (ဓာတ်ပုံ) တရုတ်ပြည် ကွမ်တုံပြည်နယ်ရှိ မြေအောက်သိုလှောင်ခန်းတစ်ခုမှ အာဏာပိုင်များ ဖမ်းဆီးမိခဲ့သော သင်းခွေချပ်များကို တွေ့ရစဉ်။ တရုတ်ပြည်၏ သည်းခြေကြိုက်လိုအပ်ချက်ဖြစ်သော ၎င်းတို့၏အစိတ်အပိုင်းများကို မြန်မာနိုင်ငံ မိုင်းလားမြို့၌ တရားမ၀င်ကုန်သွယ်မှုပြုလုပ်နေကြောင်း အစီရင်ခံစာသစ်တစ်ရပ်တွင် ဖော်ပြထားသည်။

    – တရုတ်နယ်စပ် မြန်မာမြို့တစ်မြို့တွင် ကမ္ဘာ့အကြီးအမားဆုံး နို့တိုက်သတ္တ၀ါမှောင်ခိုဈေးကွက်ကို ပွင့်လင်းမြင်သာစွာ ပြုလုပ်နေကြောင်း လေ့လာချက်သစ်တစ်ရပ်မှ ဖော်ပြလိုက်သည်။

    တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သော TRAFFIC ၏ လတ်တလောအစီရင်ခံစာသစ်ကို Global Ecology and Conservation ဂျာနယ်တွင် ဖော်ပြလိုက်သည်။ မြန်မာနိုင်ငံ မိုင်းလားမြို့(Mong La)သည် တောရိုင်းတိရစ္ဆာန်မှောင်ခိုဈေးကွက်ကြီးနှင့် ကုန်သွယ်ရေးကြားစခန်းဖြစ်နေကြောင်း ရေးသားထားသည်။ ၎င်းမိုင်းလားမြို့သည် မြန်မာနိုင်ငံ၏အထူးဒေသဇုန်တစ်ခုဖြစ်သော်လည်း တရုတ်ပြည်၏လက်အောက်ခံသဖွယ်ဖြစ်ကာ တရုတ်ရင်းနှီးမြှုပ်နှံသူများ တင်းကြမ်းပြည့်လျက်ရှိသည်။ မကောင်းမှုဒုစရိုက်စီးပွားရေးလုပ်ငန်းမှန်သမျှ တည်ရှိနေသဖြင့် တိုင်းမ်မဂ္ဂဇင်းမှ ဒုစရိုက်နိဗ္ဗာန် Ultimate Oasis of Sin ဟူ၍ အမည်ပေးထားသည်။ ကုန်သည်များသည် ဥပဒေကင်းမဲ့မှုကို အခွင့်ကောင်းယူကာ ဆင်၊ ကျား၊ ၀က်ဝံ၊ တိဗက်နွယ် တောင်ဆိတ်၊ ကျားသစ်၊ သင်းခွေချပ် အစရှိသော တားမြစ်စာရင်းဝင်တောရိုင်းတိရစ္ဆာန်တို့၏အစိတ်အပိုင်းများကို ကုန်သွယ်ဖောက်ကားလျက်ရှိကြသည်။ တရုတ်ပြည်၏ သည်းခြေကြိုက် သင်းခွေချပ်မျိုးစုံတို့ကို မြန်မာနိုင်ငံ မိုင်းလားမြို့၌ တရားမ၀င်ကုန်သွယ်မှုပြုလုပ်ပြီး ဈေးကွက်လိုအပ်ချက်ဖြည့်ဆည်းပေးနေကြောင်း အဆိုပါအစီရင်ခံစာသစ်တစ်ရပ်တွင် ဖော်ပြထားသည်။

    သင်းခွေချပ်သည် နို့တိုက်သတ္တ၀ါများအနက် ကမ္ဘာပေါ်တွင် ကုန်သွယ်ရောင်းဝယ်မှု အခံရဆုံးအမျိုးအစားဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း အကောင်ရေ တစ်သန်းအထက်မှာ တရားမ၀င်ကုန်သွယ်ရောင်းဝယ်ခံခဲ့ရသည်။ ၎င်းပုရွက်ဆိတ်စား ခြေလေးချောင်း နို့တိုက်သတ္တ၀ါများကို နေရာအနှံ့ တွေ့နိုင်ကြသော်လည်း အသား၊ အရေပြား စသည့် အစိတ်အပိုင်းအားလုံး၏ အသုံးဝင်မှုအနေအထားကြောင့် ဥပဒေမဲ့သားကောင်ဖမ်းဆီးသူများက လက်လွတ်မခံကြသဖြင့် ၎င်းတို့၏မျိုးစိတ် ပျောက်ကွယ်တော့မည်ဖြစ်သည်။

    ၎င်းတို့ကို တရုတ်နှင့် ဗီယက်နမ်၌ စုပုံတွေ့ရလေ့ရှိပြီး၊ အကြောအဆစ်ရောင်နာကြင်သောဝေဒနာနှင့် နှင်းခူရောဂါမှသည် ကင်ဆာနှင့် ပန်းသေပန်းညှိုးရောဂါအထိ ရောဂါကုသရေးဆေးဝါးအဖြစ် ကျယ်ပြန့်စွာ အသုံးပြုကြ၏။ ၎င်းတို့၏အသားကိုလည်း ဟင်းလျာများအဖြစ် စားသုံးကြသည်။

    မကြာခဏဆိုသလို သင်းခွေချပ်များမှာ အစုလိုက်အပြုံလိုက် တရားမ၀င်ကုန်သွယ်ရောင်းဝယ်ခံရသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် တရုတ်ပြည်တောင်ပိုင်း ကွမ်တုံပြည်နယ်၌ အေးခဲသေတ္တာ ၄၁၄ လုံးအတွင်း မက်ထရစ်တန်ချိန်ပေါင်း ၁၁.၅ တန်ကို အကောက်ခွန်အရာရှိများက ဖမ်းဆီးနိုင်ခဲ့သည်။

    အာရှ သင်းခွေချပ်မျိုးစိတ်လေးမျိုးအနက် သုံးမျိုးမှာ မြန်မာနိုင်ငံမှဖြစ်သည်။ TRAFFIC ၏ ကွင်းဆင်းလေ့လာသူများသည် တစ်မနက်ခင်းလေ့လာမှုအတွင်းမှာပင် မိုင်းလားဈေး၌ မြန်မာမျိုးစိတ် သင်းခွေချပ်အစိတ်အပိုင်းများ အပုံအပင်ရောင်းချနေသည်ကို တွေ့ရကြောင်း၊ မည်သည့်ဒေသမှတင်ပို့လာသည်ကို အတိအကျမသိရကြောင်း ဆိုသည်။ မြန်မာသည် တရုတ်ပြည်ဝင်ပေါက်ဖြစ်နေခြင်းကို အခွင့်ကောင်းယူ၍ မှောင်ခိုကုန်သည်များက မြန်မာနိုင်ငံမှသာ မဟုတ်၊ ကပ်လျက်နိုင်ငံများအပြင် အာဖရိကထွက် သင်းခွေချပ်များအထိ မြန်မာကို ကြားစခန်းပြု၍ ကုန်သွယ်နေကြပေသည်။ မြန်မာနိုင်ငံသည် ရှားပါးမျိုးစိတ်တိရစ္ဆာန်ကုန်သွယ်ဖောက်ကားခြင်းကို လျစ်လျူရှုထားကြောင်း၊ သင်းခွေချပ်များ ဖမ်းဆီးမှုသတင်းတစ်ပုဒ်မျှပင် ဖော်ပြခြင်း မရှိခြင်းမှာ ဤအချက်ကိုထင်ရှားစေကြောင်း ၎င်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

    Sorce : National Geographic

  • တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပြဿနာများကို သုံးသပ်ဖြေဆို၊ အကြံပြုကြပါ

    တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပြဿနာများကို သုံးသပ်ဖြေဆို၊ အကြံပြုကြပါ

    ဇန်နဝါရီ ၂၂ ၊ ၂၀၁၅
    ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ
    something
    ၁။ လင်မယားနှစ်ဦးသည် ယင်းဥပဒေအခန်း (၂) ပုဒ်မ-၄ (က) (ခ) (ဂ) (ဃ) ပါရည်ရွယ်ချက်များကို လေးစားလိုက်နာကြ လိုသူများဖြစ်သော်လည်း ဇနီးမယားဖြစ်သူသည် အသက်အရွယ်ကြောင့်လည်းကောင်း၊ ကျန်းမာရေးကြောင့်လည်းကောင်း လိင်ဆက်ဆံနိုင်ခြင်း မရှိသည့်အခါတွင် လင်ယောင်္ကျားဖြစ်သူက ပြင်ပတွင် မကောင်းသည့် မိန်းမများ၊ ပြည့်တန်ဆာမများနှင့် ဆန္ဒကိုဖြေဖျောက်နေခြင်းဖြင့်လည်းကောင်း၊ အမျိုးကောင်းသမီး တစ်ဦးနှင့် လူမသိ သူမသိသာယာမှု ရှာဖွေနေခြင်းဖြင့်လည်းကောင်း၊ သူတစ်ဦးတစ်ယောက်၏ ဇနီးဖြင့် ဖောက်ပြန်မိခြင်းကြောင့် လည်းကောင်း၊ တစ်ဦးအပေါ်တစ်ဦး သစ္စာမဲ့ပြီး သာယာချမ်းမြေ့သည့် အိမ်ထောင်ရေး မတည်ဆောက်နိုင်ခြင်း၊ အိမ်ထောင်ရေး ပြသာနာမှုခင်းများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ကိုယ်ကျင့်တရား ထိခိုက်ခြင်း၊ ကူးစက်ရောဂါဆိုးများကြောင့် အသက် အန္တရာယ်ဖြစ်နိုင်ခြင်းတို့ ကြုံတွေ့လာနိုင်ဖွယ်ရှိသည့် အခြေအနေတွင် ဇနီးမယားဖြစ်သူက ခင်ပွန်းဖြစ်သူအား မိမိနှင့် ကွာရှင်းခြင်းမပြုဘဲ အမျိုးကောင်းသမီး တစ်ဦးနှင့် တရားဝင် ပေါင်းသင်းနေထိုင်စေရန် လင်ယောင်္ကျား၊ ခင်ပွန်းဖြစ်သူအားစိတ်ရော ကိုယ်ပါကြည်ဖြူခွင့်ပြုလျှင် ခင်ပွန်းကလည်း ခွင့်ပြုသူဇနီးသည်အပေါ် အကြင်နာ မပျက်ဆက်ဆံပါက ဤဥပဒေပြဌာန်းချက်သည် အဆိုပါ ဇနီးမောင်နှံအတွက် အဟန့်အတား မဖြစ်နိုင်ဘူးလား?

    ၂။ လင်မယားနှစ်ဦးသည် ယင်းဥပဒေအခန်း (၂)၊ ပုဒ်မ- ၄ (က) (ခ) (ဂ) (ဃ) ပါရည်ရွယ်ချက်များကို လေးစားလိုက်နာကြလိုသူများဖြစ်ပြီး တစ်လင်တစ်မယားစနစ်ကိုသာ လိုလားကြသူများဖြစ်သော်လည်း ဇနီးမယားဖြစ်သူသည် သား၊ သမီး မရနိုင်သဖြင့် သားသမီး မထွန်းကားသောကြောင့် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ လင်ယောင်္ကျားအား ပြင်ပတွင် တရားမဝင်သာယာမှု ရှာဖွေမှုကြောင့် မလိုလားအပ်သော အိမ်ထောင်ရေး ပြသာနာများ၊ ကျန်းမာရေးပြသာနာများ မဖြစ်စေရန်နှင့် ခင်ပွန်းဖြစ်သူ၏ သွေးပါသော သားသမီးရယူလိုသော နှစ်ဦးသဘောတူ ဆန္ဒဖြင့် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူအား သားသမီးရယူနိုင်မည့် အမျိုးကောင်း သမီးတစ်ဦးနှင့် တရားဝင် ထိမ်းမြားပေါင်းသင်းနိုင်ရန် ကြည်ဖြူ ခွင့်ပြုသည့်ပြင် နှစ်ဖက်မိဘများနှင့် တတိယ အမျိုးသမီးနှင့် မိဘများကလည်း သဘောတူကြလျှင် သာယာပျော်ရွှင်သည့် အိမ်ထောင်သစ် တစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြပါက ဤဥပဒေပြဌာန်းချက်ကြောင့် အဆိုပါမိသားစုအတွက် အဟန့်အတား မဖြစ်နိုင်ဘူးလား ?

    ၃။ ဤဥပဒေပုဒ်မ- ၁၈ မှအပ တားမြစ်ချက်များပုဒ်မ- ၁၀၊ ၁၁၊ ၁၂ တို့နှင့် စပ်လျဉ်း၍ လင်၏ ဖောက်ဖျက်မှုကို မယားကလည်းကောင်း၊ မယား၏ ဖောက်ဖျက်မှုကို လင်ကလည်းကောင်း အပြစ်မယူ ခွင့်လွှတ်ပြီး မိသားစု အကျိုးအတွက် ဆင်ခြင်ပြီး အရေးယူတိုင်ကြားခြင်း မပြုပါက မည်သူက တရားလိုပြုလုပ်တိုင်ကြားရမည်ဖြစ်ကြောင်း ပြဌာန်းချက်မပါရှိသဖြင့် ကြားလူတစ်ဦးတစ်ယောက်ကဖြစ်စေ၊ မလိုတမာဖြစ်သူ တစ်ဦးတစ်ယောက်ကဖြစ်စေ၊ တရားစွဲအဖွဲ့အစည်း တစ်ရပ်ကဖြစ်စေ တိုင်ကြားတရားစွဲပါက ထိုအိမ်ထောင်သည် အတွက် အိမ်ထောင်ရေးပြိုကွဲမည့် အပြင် မိသားစု ဒုက္ခပြသာနာများလည်း ကြုံတွေ့လာနိုင်မည်ဖြစ်သည်က တစ်ကြောင်း၊ ဤကဲ့သို့ ဖြစ်စဉ်များကို ကာယကံရှင်များက တိုင်ကြား အမှုဖွင့်ခြင်း မရှိဘဲ လူတစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့ကအထူး လိုက်လံစုံစမ်းပြီး၊ ခြိမ်းခြောက်ခြင်း၊ မတရားတောင်းခံ အနိုင်ကျင့်ခြင်းတို့ ပေါများလာကာ မလိုလားအပ်သော နောက်ဆက်တွဲ အကျိုးဆက်ပြသာနာများဖြစ်သည့် လက်စားချေခြင်း၊ တုန့်ပြန်တိုင်ကြားခြင်း၊ မဟုတ်မမှန်လုပ်ကြံ စွပ်စွဲ တိုင်ကြားခြင်း၊ ပူးပေါင်းကြံစည်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည့် အပြင် လုပ်စားသူများ ပေါ်ပေါက်လာနိုင်သည်။

    ရာဇဝတ်မှုများ ပိုများလာနိုင်ပါသည်။ ဂုဏ်သိက္ခာထိခိုက်စရာ အကြောင်းများဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့် ကောင်းမွန်သောမြန်မာ့ ဓလေ့ ထုံးတမ်းအစဉ်ကောင်းကို ထိန်းသိမ်းသည့် အနေဖြင့် အသိပညာပေးခြင်း၊ အပြန်အလှန်အကူအညီပေးခြင်း၊ အချိန်မီ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ဆုံးမ လမ်းညွှန်ပြုပြင်တည့်မတ်ပေးခြင်း၊ လူမှုရေးအရဖြေရှင်းပေးခြင်း တို့သာပြုသင့်ပါသည်။ ထို့ကြောင့် ဤဥပဒေကြောင့် အမျိုးကောင်းသမီးများ ပြည့်တန်ဆာဘဝ သို့ရောက်သွားနိုင်သကဲ့သို့ လင်ကွဲ မယားကွဲများ ဖြစ်သွားနိုင်ကြသည်ဖြစ်ရာ ကောင်းကျိုးထက် ဆိုးကျိုးကိုပို၍ မဖြစ်စေနိုင်ဘူးလား?

  • ပါလက်စတိုင်းတို့၏ လယ်ယာလုပ်ငန်းကို နည်းမျိုးစုံးနဲ့ ဖျက်ဆီးနေတဲ့ အစ္စရေး

    ပါလက်စတိုင်းတို့၏ လယ်ယာလုပ်ငန်းကို နည်းမျိုးစုံးနဲ့ ဖျက်ဆီးနေတဲ့ အစ္စရေး

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media

    pales
    ပါလက်စတိုင်းတို့၏ စိုက်ခင်းတစ်ခု

    – ဇန်န၀ါရီ ၇ ရက်နေ့က ဂါဇာအရှေ့ဘက်ခြမ်း အစ္စရေးနယ်စပ်ခြံစည်းရိုးနားမှာရှိတဲ့ ပါလက်စတိုင်းတို့ရဲ့ လယ်ယာစိုက်ခင်းတွေပေါ်မှာ လယ်ယာလုပ်ငန်းသုံး လေယာဉ်ငယ်တစ်စီးဟာ အနိမ့်ပျံသန်းပြီး ပေါင်းသတ်ဆေးတွေ ဖြန်းခဲ့တာကြောင့် ပါလက်စတိုင်းတို့ရဲ့ ကောက်ပဲသီးနှံနဲ့ လယ်ဧက ၁၆၂ ဟက်တာလောက် ပျက်ဆီးဆုံးရှုံးသွားခဲ့ရပါတယ်။

    “ဖြန်းသွားတဲ့ ပေါင်းသတ်ဆေးတွေက တော်တော်ပြင်းပါတယ်။ ဒါ့ကြောင့် မြေဆီထဲမှာ စိမ့်ဝင်သွားပြီး၊ ရေသိုလှောင်ထားတဲ့နေရာတွေအထိ ရောက်သွားပါတယ်။ ဒါဟာ ပြည်သူလူထုအတွက် တော်တော်လေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်” လို့ ပါလက်စတိုင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ဓာတုဗေဒဓာတ်ခွဲခန်းရဲ့ မန်နေဂျာဖြစ်သူ အန်ဝါရ် အဘူ အက်ဆီ ပြောခဲ့ပါတယ်။

    အဲဒီအဆိပ်ရည်တွေဖြန်းသွားတဲ့နေရာဟာ ပါလက်စတိုင်းပိုင်နက်ထဲက မြေပေါ်မှာ အစ္စရေးက မဖြစ်သန်းရဇုန်အဖြစ် တစ်ဖက်သတ်ကြေငြာထားတဲ့ ဒေသထဲမှာ ပါဝင်ပါတယ်။

    အစ္စရေးက ဒီလို ပိုင်စိုးပိုင်နင်းသတ်မှတ်ထားတဲ့ မဖြတ်သန်းရဇုန်ဟာ ပါလက်စတိုင်းပိုင် ဂါဇာဒေသရဲ့ ၁၇ ရာခိုနှုန်းနီးနီးလောက် ရှိပြီး ဂါဇာကမ်းမြှောင်က အရေးပါပြီး မြေဆီမြေသြဇာပြည့်ဝတဲ့ စိုက်ပျိုးမြေရဲ့ ၃ ပုံတစ်ပုံလောက် အဲဒီအထဲမှာ ပါသွားခဲ့ပါတယ်။

    အသက် ၄၀ အရွယ် ယူဆက်ဖ် ရှာဟင်ကတော့ သူရဲ့ လယ်ယာမြေတွေနဲ့ ခန်ယူနစ်အရှေ့ပိုင်းဒေသ အလ်-ဖာရာဟင်က လယ်ယာမြေတွေကို ရေပေးဝေနေတဲ့ တိုင်ကီကြီးကို ပြီးခဲ့တဲ့တစ်ပတ်မှာ အစ္စရေးတပ်ဖွဲ့တွေက ပစ်မှတ်ထား ဖျက်ဆီးခဲ့ပြီးတဲ့နောက်ပိုင်း လယ်ယာမြေတွေကို ပြန်လည်ရှန်သန်အောင်လုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။

    အဲဒီရေတိုင်ကီနဲ့ ရေဖြန့်ဖြူးရေးစနစ်တွေကို အစ္စရေးရဲ့ဖျက်ဆီးမှုက ဆာဟင်နဲ့ သူ့ရဲ့ အိမ်နီးချင်း လယ်သမားတွေကို ကန်ဒေါ်လာ ၁၅၀၀၀ လောက် ဆုံးရှုံးစေခဲ့ပါတယ်။ ဆာဟင်က အစိုးရကလည်း ထောက်ပံ့မှုမပေးဘူးလို့ ဆိုပါတယ်။

    “ထောက်ပံ့မှုမရှိဘဲနဲ့ ဒီစနစ်ကြီးကို ကျွန်တော်တို့ ဘယ်လို့မှ ပြန်မတည်ဆောက်နိုင်ပါဘူး။ ရေသွင်းစိုက်ပျိုးဖို့အတွက် ရေးပေးဝေမှုစနစ် ကျွန်တော်တို့မှာ မရှိတော့ပါဘူး။ ဒီတစ်နှစ်တော့ ကျွန်တော်တို့ သွားပါပြီ” လို့ ဆာဟင်က ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းလယ်ယာမြေတွေအတွက် ရေပေးဝေနေတဲ့စနစ်ကို အစ္စရေးစစ်တပ်က ဖျက်ဆီးမှုဟာ ဆာဟင်နဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နောက်ထပ် ဒုက္ခတစ်မျိုး ရောက်စေခဲ့ပါတယ်။

    အစ္စရေးက တစ်ဖက်သတ် မဖြတ်သန်းရဇုန်လို့ ကြေငြာထားတဲ့ ဒီနေရာဟာ ဂါဇာကမ်းမြှောင်တစ်ခုလုံးက စားနိပ်ရိက္ခာဖူလှုံရေးအတွက် အင်မတန် အရေးပါတဲ့နေရာပါ။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ အစ္စရေးစ်သားတွေဟာ ဒီဇုန်ကိုဝင်လာတဲ့ ပါလက်စတိုင်း အနည်းဆုံး ၁၆ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီအထဲက အများစုဟာ ခြံစည်းရိုးအနားမှာ ဆန္ဒပြနေတုန်း အစ္စရေးလက်ဖြောင့်တပ်သားတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

    သူတို့ရဲ့ လယ်ယာမြေတွေနားကို ချဉ်းကပ်သွားတဲ့ ပါလက်စတိုင်း လယ်သမားတွေလည်း ပစ်ခတ်သတ်ဖြတ်ခံရတဲ့ သတင်းတွေ ထပ်ပြီး ထွက်ပေါ်လာခဲ့ပါသေးတယ်။

    “ဒီကောက်ပဲသီးနှံတွေကိုစိုက်ပျိုးတာဟာ နေ့စဉ် ဘ၀နဲ့ရင်းပြီး လုပ်နေရတာပါ။ အခုတော့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ သဲထဲရေသွန် ဖြစ်ခဲ့ပါပြီ” လို့ ဆာဟင်က သူစိုက်ထားတဲ့ ဟင်းနုနွယ်မျိုးစေ့လေးတွေကို ကြည့်ရှုရင်း ပြောကြားခဲ့ပါတယ်။

    ဆာဟင်ဆုံးရှုံးသွားတဲ့ စိုက်ခင်းတွေထဲမှာ ဟင်းနုနွယ်စိုက်ခင်း၊ ပဲစိုက်ခင်း၊ မုန်လာစိုက်ခင်းနဲ့ ပဲတောင့်ရှည်စိုက်ခင်းတွေ ပါဝင်ပါတယ်။ ဆာဟင် ပြန်လည်စိုက်ပျိုးဖို့ ကြိုးစားမှုဟာလည်း အောင်မြင်မလားဆိုတာ မသေချာသေးပါဘူး။

    စိုက်ခင်းတွေပေါ်မှာ အစ္စရေးက ပေါင်းသတ်ဆေး အဆိပ်ရည်တွေ ဖြန်းမှုဟာ တစ်ဖတ်သက် သတ်မှတ်ထားတဲ့ မဖြတ်သန်းရဇုန်ထက်ကို ကျော်လွန်သွားခဲ့ပြီး၊ လေတိုက်ခတ်မှုကလည်း အဲဒီ ဓာတုဗေဒ ပစ္စည်းတွေကို ဂါဇာကမ်းမြှောင်ရဲ့ အခြားနေရာတွေအထိ ရောက်ရှိသွားစေတယ်လို့ လယ်သမားတွေက ပြောကြားခဲ့ပါတယ်။ ဒီအကျိုးဆက်တွေဟာ ရေရှည်ဒုက္ခပေးမှာကိုလည်း သူတို့ ကြောက်ရွံ့နေကြပါတယ်။

    အဘူအက်ဆီကတော့ ပေါင်းသတ်ဆေးနဲ့ ပိုးသတ်ဆေး တစ်ခုချင်းဆီဟာ သီးနှံတွေကို မစိုက်ပျိုးခင်မှာ အချိန်အဆနဲ့ သုံးရတာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ အခုလို ပြင်းထန်တဲ့ အနေအထားမျိုးဆိုရင်တော့ သူတို့ရဲ့ လယ်ယာမြေတွေဟာ ရေရှည်အတွက်ပါ အန္တရာယ်ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း သူ့မှာ ရှိနေပါတယ်။

    အစ္စရေးစစ်တပ်က တာဝန်ရှိသူတစ်ဦးကတော့ သူတို့ဒီလိုဖျက်ဆီးတာဟာ လုံခြုံရေးအကြောင်းကြောင့်ပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်အတွင်း ဂါဇာကို အစ္စရေးက တိုက်ခိုက်မှုအတွင်းမှာလည်း ပါလက်စတိုင်းတွေရဲ့ လယ်ယာကဏ္ဍဟာ ဆုံးရှုံးမှုတွေရှိခဲ့ပြီး ကန်ဒေါ်လာ သန်း ၅၅၀ ဖိုးလောက် ပျက်ဆီးခဲ့ပါတယ်။ လယ်ယာမြေ ၁၄၀၀၀ ဟက်တာလောက်ဟာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ အစ္စရေးက ဗုံးကြဲနေစဉ်အတွင်းမှာ လယ်ယာမြေတွေကို သွားရောက်လုပ်ကိုင်နိုင်ခြင်း မရှိတာကြေင့် နောက်ထပ် ကောက်ပဲသီးနှံတွေ စိုက်ပျိုးထားတဲ့ လယ်ယာမြေဟက်တာ ထောင်နဲ့ချီလည်း ပျက်ဆီးခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း အစ္စရေး တိုက်လေယာဉ်တွေဟာ ဂါဇာက အဓိက စိုက်ပျိုးရေး သုတေသနအဆောက်အဦးတစ်ခုကို ဗုံးကြဲဖျက်ဆီးခဲ့တာကြောင့် ကန်ဒေါ်လာ ၃ သိန်းဖိုးလောက် ထိခိုက်ပျက်ဆီးခဲ့ပြီး၊ သုတေသနအဆောက်အအုံ၊ ဓာတ်ခွဲခန်းတွေ၊ ယာဉ်တွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ကြီးတစ်ခုတို့လည်း ပျက်ဆီးခဲ့ပါတယ်။

    အဲဒီ သုတေသနဌာနဟာ ဒေသတွင်းက လယ်သမားတွေအတွက် မျိုးစေ့အသစ်တွေ၊ အပင်အသစ်တွေကို ထုတ်လုပ်ပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် အစ္စရေးရဲ့ ဗုံးကြဲမှုအတွင်းမှာ အဆောက်အဦးကို လုံးဝဖျက်ဆီးခဲ့ပြီး ဒါဟာ လယ်ယာလုပ်ငန်းမှာ အမှီအခိုကင်းအောင်၊ လုံလုံလောက်လောက်ဖြစ်အောင် ကြိုးပမ်းနေတဲ့ ပါလက်စတိုင်းပြည်သူတွေကို ဒုက္ခရောက်စေဖို့ အစ္စရေးက ဆောင်ရွက်လိုတဲ့ပုံ ပေါ်ပါတယ်။

    သုတေသနဌာနရဲ့ မန်နေဂျာဖြစ်သူ ရှာဟာရ် အလ်-ရီဖီက လက်ရှိအချိန်မှာ သူတို့ရဲ့ဌာနဟာ ၇၀ ရာခိုင်နှုန်းလောက် သုံးလို့မရတော့ဘူးလို့ ဆိုပါတယ်။ လယ်ထွန်စက်တွေ၊ စိုက်ပျိုးရေစက်ပစ္စည်းတွေတင်သွင်းဖို့ အစ္စရေးက ကန့်သတ်ပိတ်ပင်ထားမှုနဲ့အတူ အပြည့်အ၀ ပြန်လည် လည်ပတ်ဖို့အတွက် တော်တော်လေးကြာအုံးမယ်လို့ အလ်-ရီဖီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ အထွေထွေညွှန်ကြားရေးမှူး အဒဲလ် အာတာလာဟ်က လယ်ယာစိုက်ပျိုးရေးကဏ္ဍ တစ်ခုလုံးဟာ ဟောင်းနွမ်းအိုမင်းနေတဲ့ စက်ပစ္စည်းတွေကိုပဲ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒေသတွင်းလယ်သမားတွေဟာ အလုပ်လုပ်လို့မရတဲ့ ကိရိယာတွေကို အစားထိုးဖို့ ကြိုးစားရာမှာ ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ အစ္စရေးက ဘာမှကို တင်သွင်းခွင့်မပေးပါဘူး”

    ဂါဇာက လယ်ယာစိုက်ပျိုးရေကဏ္ဍမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ ထောင်သောင်းမက များပြားပါတယ်။ ရေသွင်းစိုက်ပျိုးမှုဟာ လျှင်စစ်ဓာတ်အား လုံလုံလောက်လောက်မရမှုကြောင့် အခက်အခဲဖြစ်နေပါတယ်။ လျှပ်စစ်ဓာတ်အားကလည်း တစ်နေ့ကို ၁၂ နာရီအောက်သာ ရရှိပါတယ်။ လယ်သမားတွေဟာ ရေတွေကိုစုပ်ဖို့ မီးစက်တွေကို အသုံးပြုရပြီး လောင်စာဆီအတွက် ထပ်မံကုန်ကျမှုဟာ သူတို့ရဲ့ စီးပွားရေး ထိခိုက်မှုအတွက် နောက်ထပ်အကြောင်း အရင်းလည်းဖြစ်နေပါတယ်။

    Ref: Aljazeera

    (Aljazeera သတင်းဌာနမှ ဖော်ပြသည့် Israel spraying toxins over Palestinian crops in Gaza ဆောင်ပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)