
– တရုတ်နယ်စပ် မြန်မာမြို့တစ်မြို့တွင် ကမ္ဘာ့အကြီးအမားဆုံး နို့တိုက်သတ္တ၀ါမှောင်ခိုဈေးကွက်ကို ပွင့်လင်းမြင်သာစွာ ပြုလုပ်နေကြောင်း လေ့လာချက်သစ်တစ်ရပ်မှ ဖော်ပြလိုက်သည်။
တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သော TRAFFIC ၏ လတ်တလောအစီရင်ခံစာသစ်ကို Global Ecology and Conservation ဂျာနယ်တွင် ဖော်ပြလိုက်သည်။ မြန်မာနိုင်ငံ မိုင်းလားမြို့(Mong La)သည် တောရိုင်းတိရစ္ဆာန်မှောင်ခိုဈေးကွက်ကြီးနှင့် ကုန်သွယ်ရေးကြားစခန်းဖြစ်နေကြောင်း ရေးသားထားသည်။ ၎င်းမိုင်းလားမြို့သည် မြန်မာနိုင်ငံ၏အထူးဒေသဇုန်တစ်ခုဖြစ်သော်လည်း တရုတ်ပြည်၏လက်အောက်ခံသဖွယ်ဖြစ်ကာ တရုတ်ရင်းနှီးမြှုပ်နှံသူများ တင်းကြမ်းပြည့်လျက်ရှိသည်။ မကောင်းမှုဒုစရိုက်စီးပွားရေးလုပ်ငန်းမှန်သမျှ တည်ရှိနေသဖြင့် တိုင်းမ်မဂ္ဂဇင်းမှ ဒုစရိုက်နိဗ္ဗာန် Ultimate Oasis of Sin ဟူ၍ အမည်ပေးထားသည်။ ကုန်သည်များသည် ဥပဒေကင်းမဲ့မှုကို အခွင့်ကောင်းယူကာ ဆင်၊ ကျား၊ ၀က်ဝံ၊ တိဗက်နွယ် တောင်ဆိတ်၊ ကျားသစ်၊ သင်းခွေချပ် အစရှိသော တားမြစ်စာရင်းဝင်တောရိုင်းတိရစ္ဆာန်တို့၏အစိတ်အပိုင်းများကို ကုန်သွယ်ဖောက်ကားလျက်ရှိကြသည်။ တရုတ်ပြည်၏ သည်းခြေကြိုက် သင်းခွေချပ်မျိုးစုံတို့ကို မြန်မာနိုင်ငံ မိုင်းလားမြို့၌ တရားမ၀င်ကုန်သွယ်မှုပြုလုပ်ပြီး ဈေးကွက်လိုအပ်ချက်ဖြည့်ဆည်းပေးနေကြောင်း အဆိုပါအစီရင်ခံစာသစ်တစ်ရပ်တွင် ဖော်ပြထားသည်။
သင်းခွေချပ်သည် နို့တိုက်သတ္တ၀ါများအနက် ကမ္ဘာပေါ်တွင် ကုန်သွယ်ရောင်းဝယ်မှု အခံရဆုံးအမျိုးအစားဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း အကောင်ရေ တစ်သန်းအထက်မှာ တရားမ၀င်ကုန်သွယ်ရောင်းဝယ်ခံခဲ့ရသည်။ ၎င်းပုရွက်ဆိတ်စား ခြေလေးချောင်း နို့တိုက်သတ္တ၀ါများကို နေရာအနှံ့ တွေ့နိုင်ကြသော်လည်း အသား၊ အရေပြား စသည့် အစိတ်အပိုင်းအားလုံး၏ အသုံးဝင်မှုအနေအထားကြောင့် ဥပဒေမဲ့သားကောင်ဖမ်းဆီးသူများက လက်လွတ်မခံကြသဖြင့် ၎င်းတို့၏မျိုးစိတ် ပျောက်ကွယ်တော့မည်ဖြစ်သည်။
၎င်းတို့ကို တရုတ်နှင့် ဗီယက်နမ်၌ စုပုံတွေ့ရလေ့ရှိပြီး၊ အကြောအဆစ်ရောင်နာကြင်သောဝေဒနာနှင့် နှင်းခူရောဂါမှသည် ကင်ဆာနှင့် ပန်းသေပန်းညှိုးရောဂါအထိ ရောဂါကုသရေးဆေးဝါးအဖြစ် ကျယ်ပြန့်စွာ အသုံးပြုကြ၏။ ၎င်းတို့၏အသားကိုလည်း ဟင်းလျာများအဖြစ် စားသုံးကြသည်။
မကြာခဏဆိုသလို သင်းခွေချပ်များမှာ အစုလိုက်အပြုံလိုက် တရားမ၀င်ကုန်သွယ်ရောင်းဝယ်ခံရသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် တရုတ်ပြည်တောင်ပိုင်း ကွမ်တုံပြည်နယ်၌ အေးခဲသေတ္တာ ၄၁၄ လုံးအတွင်း မက်ထရစ်တန်ချိန်ပေါင်း ၁၁.၅ တန်ကို အကောက်ခွန်အရာရှိများက ဖမ်းဆီးနိုင်ခဲ့သည်။
အာရှ သင်းခွေချပ်မျိုးစိတ်လေးမျိုးအနက် သုံးမျိုးမှာ မြန်မာနိုင်ငံမှဖြစ်သည်။ TRAFFIC ၏ ကွင်းဆင်းလေ့လာသူများသည် တစ်မနက်ခင်းလေ့လာမှုအတွင်းမှာပင် မိုင်းလားဈေး၌ မြန်မာမျိုးစိတ် သင်းခွေချပ်အစိတ်အပိုင်းများ အပုံအပင်ရောင်းချနေသည်ကို တွေ့ရကြောင်း၊ မည်သည့်ဒေသမှတင်ပို့လာသည်ကို အတိအကျမသိရကြောင်း ဆိုသည်။ မြန်မာသည် တရုတ်ပြည်ဝင်ပေါက်ဖြစ်နေခြင်းကို အခွင့်ကောင်းယူ၍ မှောင်ခိုကုန်သည်များက မြန်မာနိုင်ငံမှသာ မဟုတ်၊ ကပ်လျက်နိုင်ငံများအပြင် အာဖရိကထွက် သင်းခွေချပ်များအထိ မြန်မာကို ကြားစခန်းပြု၍ ကုန်သွယ်နေကြပေသည်။ မြန်မာနိုင်ငံသည် ရှားပါးမျိုးစိတ်တိရစ္ဆာန်ကုန်သွယ်ဖောက်ကားခြင်းကို လျစ်လျူရှုထားကြောင်း၊ သင်းခွေချပ်များ ဖမ်းဆီးမှုသတင်းတစ်ပုဒ်မျှပင် ဖော်ပြခြင်း မရှိခြင်းမှာ ဤအချက်ကိုထင်ရှားစေကြောင်း ၎င်းအစီရင်ခံစာ၌ ဖော်ပြထားသည်။
Sorce : National Geographic
Leave a Reply
You must be logged in to post a comment.