News @ M-Media

Blog

  • ကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရ

    ကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရ

    မတ် ၁၃၊ ၂၀၂၂

    M-Media 

    -အခုလနှောင်းပိုင်းမှာလုပ်မယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးသာ တက်ခွင့်ပြုမယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ 

    အစည်းအ၀ေးကို မတ်လ ၂၈၊ ၂၉ မှာ  ကျင်းပမှာပါ။ 

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက အဆင်မြင့်အစည်းအ၀ေးတွေမှာ နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးသာ ဖိတ်ကြားရေး အာဆီယံရဲ့ မူ၀ါဒကို အပြည့်အ၀ ထောက်ခံတယ်လို့ ပြောပါတယ်။ 

    “ထိပ်သီးအစည်းအ၀ေးမှာ မြန်မာအတွက် နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဆီယံရဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်နဲ့ပတ်သက်ပြီး ထိရောက်တဲ့ တိုးတက်မှုတွေ လုပ်မပြတဲ့ စစ်အစိုးရကို အရေးယူတဲ့သဘောလည်း ဖြစ်ပါတယ်”

    အာဆီယံ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကိုလာပြီး သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေး အပါအ၀င် အချက် ၅ ချက်ပါတဲ့ အာဆီယံသဘောတူညီချက်ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဧပြီလမှာ လက်ခံသဘောတူခဲ့ပေမယ့် အကောင်အထည်ဖော်မှု မရှိပါဘူး။ 

    Ref: Reuters 

  • ယူကရိန်းကိစ္စ တတိယကမ္ဘာစစ်အထိ ဖြစ်လာနိုင်ကြောင်း ကန်သမ္မတ သတိပေး

    ယူကရိန်းကိစ္စ တတိယကမ္ဘာစစ်အထိ ဖြစ်လာနိုင်ကြောင်း ကန်သမ္မတ သတိပေး

    မတ် ၁၃၊ ၂၀၂၂

    M-Media

    -နေတိုးအဖွဲ့၀င်နိုင်ငံတွေရဲ့ပိုင်နက်ကို တစ်လက်မမှ ကျူးကျော်မခံဘဲ တတိယကမ္ဘာစစ်ဖြစ်မယ်ဆိုလည်း တိုက်ခိုက်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ 

    ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုဟာ ၂ ပတ်ကျော်လာပြီး ဖြစ်ပြီး ဒီပဋိပက္ခ ပိုမိုဆိုးရွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေတာပါ။

    ကန်ဒေါ်လာ သန်း ၂၀၀ ဖိုးရှိတဲ့ စစ်ဖက်ဆိုင်ရာ ပစ္စည်းတွေ ယူကရိန်းကို ထပ်မံထောက်ပံ့မှာဖြစ်ကြောင်း မနေ့က ကြေငြာမှုမှာ ဘိုင်ဒန်က ယူကရိန်းကို လေယာဥ်မပျံသန်းရဇုန်လုပ်တာ၊ တပ်ဖွဲ့၀င်တွေပို့တာလို ရုရှားနဲ့ ထိပ်တိုက်တွေ့တာမျိုး လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

    “ရှင်းရှင်းပဲပြောပါမယ်။ ရုရှားရဲ့ ကျူးကျော်ရန်ကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးသွားမှာပါ။ ဥရောပသားတွေ၊ ယူကရိန်းသားတွေရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ငွေကြေးနဲ့ စားနပ်ရိက္ခာအကူအညီလည်း ပေးသွားမှာ ဖြစ်ပါတယ်” 

    မဟာမိတ်တွေကို ကာကွယ်ဖို့တွက် လက်ဗီယား၊ အက်စတိုးနီးယား၊ လစ်သူယေးနီးယား၊ အက်စတိုနီးယား စတဲ့နိုင်ငံတွေမှာ တပ်ဖွဲ့၀င်တွေ စစ်လက်နက်ပစ္စည်းတွေ ချထားပြီး နေတိုးအဖွဲ့ရဲ့ပိုင်နက်ကို တစ်လက်မမှ အထိခံမှာမဟုတ်ဘူးလို့လည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    “ရုရှားကကျွံလာမယ်၊ ကျွန်တော်တို့ကလည်း ပြန်တုန့်ပြန်မယ်ဆိုရင် အဲဒါ တတိယကမ္ဘာစစ်ပါပဲ။ ဒါပေမယ့် နေတိုးအဖွဲ့၀င်နိုင်ငံတွေကို ကာကွယ်ရမယ်ဆိုတဲ့ တာ၀န်တစ်ရပ် ရှိနေပါတယ်။ ယူကရိန်းမှာတော့ ကျွန်တော်တို့ တတိယကမ္ဘာစစ် ဆင်မှာမဟုတ်ပါဘူး။ ယူကရိန်းကို ပူတင်ရဲ့ကျူးကျော်မှုဟာ အောင်မြင်မှာလည်း မဟုတ်ပါဘူး”

    Ref: News18 

  • ရုရှားကျူးကျော်မှုကို ဖြိုခွင်းမယ့် စနိုက်ပါ၀လီ

    ရုရှားကျူးကျော်မှုကို ဖြိုခွင်းမယ့် စနိုက်ပါ၀လီ

    မတ် ၁၂၊ ၂၀၂၂

    M-Media 

    -ကနေဒါစစ်တပ်က နာမည်ကျော် စနိုက်ပါ လက်ဖြောင့်သေနတ်သမား ‘၀လီ’ ဟာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို တွန်းလှန်ဖို့အတွက် ယူကရိန်းကို ရောက်ရှိ တိုက်ပွဲ၀င်နေပါတယ်။ 

    အသက် ၄၀ အရွယ် ၀လီဟာ စစ်တပ်က အငြိမ်းစားယူကာ ကွန်ပျူတာ ပရိုဂရမ်မာအဖြစ် အသက်မွေးနေသူပါ။ ကနေဒါတော်၀င်ကြည်းတပ်ရဲ့ တပ်မ ၂၂ က လက်ဖြောင့်တပ်သားဖြစ်ပြီး ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အာဖဂန်နစ္စတန်မှာ တာ၀န်ထမ်းဆောင်ခဲ့ဖူးပါတယ်။ 

    အဲဒီမတိုင်ခင် ၂၀၀၅ ခုတုန်းက ၀လီဟာ အီရတ်မှာ တာ၀န်ကျခဲ့တာပါ။ 

    ယူကရိန်းသမ္မတ ဇယ်လင်စကီးက ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်မှုကို ကာကွယ်ရေး နိုင်ငံခြားက စေတနာ့၀န်ထမ်း တပ်သားတွေကို ကြိုဆိုတယ်လို့  ပြောခဲ့ပြီးနောက် မတ်လအစောပိုင်းမှာ ၀လီတစ်ယောက် အလုပ်ကထွက်ပြီး ယူကရိန်းကို ရောက်လာတာ ဖြစ်ပါတယ်။ 

    ကနေဒါမှာ အသက် ၁ နှစ်အရွယ် သားနဲ့ ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့ပါတယ်။ 

    “ကျွန်တော် သူတို့ကို ကူညီချင်တယ်။ ဒါပါပဲ သိပ်ရှင်းပါတယ်။ ဥရောပသားသာ ဖြစ်ချင်ပြီး ရုရှားသား မဖြစ်ချင်တဲ့အတွက် ဗုံးကြဲခံနေရတဲ့သူတွေကို ကျွန်တော် ကူညီပေးရပါမယ်” 

    ‘၀လီ’ ဆိုတာ သူ့ရဲ့အမည်ပြောင်ဖြစ်ပြီး အာဖဂန်မှာ တာ၀န်ထမ်းဆောင်စဥ် ဒီနာမည် ရခဲ့တာပါ။ အာရဘီဘာသာစကားအရ ‘ကာကွယ်စောင့်ရှောက်သူ’ လို့ အဓိပ္ပါယ်ရပါတယ်။

    ယူကရိန်းမှာတော့ ၀လီဟာ ဗြိတိန်နဲ့ ကနေဒါစစ်ပြန်တွေ စုစည်းထားတဲ့ တပ်ဖွဲ့မှာ သွားရောက် ပူးပေါင်းခဲ့ပါတယ်။ ယူကရိန်းပြည်သူတွေက ၀မ်းပမ်းတသာ ကြိုဆိုတာကိုလည်း ၀လီက ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ 

    “ကျွန်တော်တို့ရောက်လာတာကို သူတို့ အရမ်းပျော်နေကြတာဗျ။ ချက်ခြင်းကို သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော် ကွန်ပျူတာ ပရိုဂရမ်ရေးတယ်။ အခုတော့ လူအစစ်တွေကို ချေမှုန်းဖို့အတွက် တင့်ဖျက်ဒုံးကျည် ကိုင်နေရပါပြီ။ ဒါဟာ ကျွန်တော့်ရဲ့ ပကတိ အခြေအနေပါပဲ”

    ၀လီဟာ ကမ္ဘာ့ထိပ်တန်း စနိုက်ပါ လက်ဖြောင့်တပ်သားတွေထဲက တစ်ဦးပါ။ တစ်ရက်ကို အများဆုံး ရန်သူ ၄၀ အထိ ချေမှုန်းနိုင်ပါတယ်။ 

    အာဖဂန်မှာ တာ၀န်ထမ်းဆောင်စဥ် ၃.၅ ကီလိုမီတာအကွာက ရန်သူကို ချေမှုန်းနိုင်ခ့ပြီး ဒါဟာ စနိုက်ပါလောကမှာ အ၀ေးဆုံးပစ်မှတ်ကို ထိအောင်ပစ်နိုင်တာ ဖြစ်ပါတယ်။ 

    ယူကရိန်းကို စရောက်ပြီး တစ်ပတ်အတွင်းမှာပဲ ရုရှားတပ်သား ၅ ဦးကို ၀လီက ချေမှုန်းထားနိုင်တယ်လို့ ယူကရိန်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    Ref: Forceces.net 

  • ယူကရိန်းစစ်ပွဲတွင် နိုင်ငံခြားလက်နက်ကိုင်များပါ ပါလာရန် ရုရှား စီစဥ်နေ

    ယူကရိန်းစစ်ပွဲတွင် နိုင်ငံခြားလက်နက်ကိုင်များပါ ပါလာရန် ရုရှား စီစဥ်နေ

    မတ် ၁၂၊ ၂၀၂၂

    M-Media

    -အရှေ့အလယ်ပိုင်းက လက်နက်ကိုင် ၁၆၀၀၀ လောက် ယူကရိန်းမှာ ၀င်ရောက်တိုက်ခိုက်ပေးဖို့ အဆင်သင့်ရှိနေတယ်လို့ ရုရှား ကာကွယ်ရေး၀န်ကြီး ဆာဂျီ ရှိုဂူက ပြောပါတယ်။ 

    ယူကရိန်းကို ကျူးကျော်စစ်မှာ နိုင်ငံရပ်ခြားက တိုက်ခိုက်ရေးသမားတွေ ၀င်ရောက်တိုက်ခိုက်ပေးဖို့ သမ္မတ ဗလာဒီမီရ်ပူတင်က တိုက်တွန်းထားတာ ဖြစ်ပါတယ်။ 

    အရှေ့အလယ်ပိုင်းက ပါ၀င်လာမယ့် တိုက်ခိုက်ရေးသမားတွေဟာ ဆီးရီးယားက ဖြစ်ဖို့များပြီး မြို့ပြတိုက်ပွဲကို ကျွမ်းကျင်သူတွေ ပါလာနိုင်တယ်လို့ အမေရိကန် တာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။ 

    ရုရှားဟာ ဆီးရီးယားအာဏာရှင် ဘာရှာအလ်အာဆတ်ရဲ့ အနီးကပ် မဟာမိတ် ဖြစ်ပါတယ်။ 

    မနေ့က လုံခြုံရေးဆိုင်ရာ  အစည်းအ၀ေးမှာ ပူတင်က ငွေးကြေးကြောင့်မဟုတ်ဘဲ၊ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကို ကူညီရေး တိုက်ခိုက်ဖို့လာတဲ့သူတွေကို ကူညီပေးရမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ဗြိတိသျှစစ်တပ်က တာ၀န်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့၀င်တစ်ချို့အပါအ၀င် ကမ္ဘာတစ်၀ှမ်းက စေတနာ့၀န်ထမ်း တိုက်ခိုက်ရေးသမား ၁၆၀၀၀ လောက် ယူကရိန်းဖက်က ၀င်ရောက် တိုက်ခိုက်ပေးနေပါတယ်။ 

    Ref: BBC 

  • တရုတ်ကျူးကျော်မှုရန်ကို စစ်ကောင်စီက ကြောက်နေဟု သတင်းထွက်

    တရုတ်ကျူးကျော်မှုရန်ကို စစ်ကောင်စီက ကြောက်နေဟု သတင်းထွက်

    မတ် ၁၁၊ ၂၀၂၂

    M-Media 

    -ရုရှားက ယူကရိန်းကို ကျူးကျော်မှုနောက်ပိုင်း တရုတ်ကလည်း မြန်မာနိုင်ငံအပေါ် ဒီလိုလုပ်ဆောင်လာမှာကို စိုးရိမ်တဲ့အတွက် စစ်ကောင်စီခေါင်းဆောင်တွေက အစည်းအ၀ေးတွေလုပ်ကာ ဆွေးနွေးနတယ်လို့ သတင်းထွက်လာပါတယ်။ 

    တရုတ်ဟာ ခေတ်အဆက်ဆက် မြန်မာစစ်အာဏာရှင်တွေကို ကျောထောက်နောက်ခံပေးသူအဖြစ် ရပ်တည်လာတာပါ။ အပြန်အလှန်အားဖြင့် စစ်အာဏာရှင်တွေကလည်း နိုင်ငံအတွင်းက သယံဇာတတွေကို ကြိုက်သလောက်ထုတ်ယူခွင့် ပေးထားရပါတယ်။ 

    ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းအထိ သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းအပါအ၀င် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကျိုးစီးပွား အများအပြား ရှိနေတာပါ။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်သူလူထုရဲ့ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုမှာ စစ်ခေါင်းဆောင်တွေကို ကျောထောက်နောက်ခံပေးထားတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ဖြစ်လာပါတယ်။ 

    အဲဒီနောက်ပိုင်း စစ်ကောင်စီဟာ တရုတ်အကျိုးစီးပွားရှိရာ ဒေသတွေမှာ လုံခြုံရေးကို ပိုမိုတင်းတင်းကြပ်ကြပ် ချထားပေးပါတယ်။ 

    လုံခြုံရေးအကြောင်းပြချက်နဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကြောင့် တရုတ်ကလည်း အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံအပေါ် ၀င်ရောက်ကျူးကျော်မှာကို အာဏာသိမ်းစစ်ကောင်စီက စိုးရိမ်နေတယ်လို့ အတွင်းစည်းရင်းမြစ်တွေက ပြောပါတယ်။ 

    ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှုကို စစ်ကောင်စီက လူသိရှင်ကြား ထောက်ခံထားတာပါ။ မြန်မာစစ်ခေါင်းဆောင်တွေဟာ ရုရှားကဘဏ်တွေမှာ အကောင့်တွေဖွင့်ကာ ငွေတွေအပ်ထားပြီး၊ မြန်မာလုပ်ငန်းရှင်တစ်ချို့ဟာ ရုရှားစစ်လက်နက်ကုမ္ပဏီတွေနဲ့ မြန်မာစစ်တပ်အကြား လက်နက်ပွဲစား လုပ်ပေးနေတာလည်း ရှိနေပါတယ်။ 

    ယူကရိန်းအပေါ် ကျူးကျော်တဲ့ ရုရှားကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိတ်ဆို့မှုတွေ လုပ်ဆောင်နေတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေဟာ ဒီအပေါ်မှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ 

    Ref: Up Stream Online