News @ M-Media

Blog

  • နျူစက်ရုံတိုက်ခိုက်ရန် အစ္စရေး၏ ကြံစည်မှုကို အီရန်တားဆီး

    နျူစက်ရုံတိုက်ခိုက်ရန် အစ္စရေး၏ ကြံစည်မှုကို အီရန်တားဆီး

    မတ် ၁၅၊ ၂၀၂၂

    M-Media

    -နိုင်ငံအရှေ့မြောက်ပိုင်းက နျူစက်ရုံကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးမယ့် အစီအစဥ်ကို ဖော်ထုတ်တားဆီးလိုက်နိုင်တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ထုတ်ပြန်ပါတယ်။ 

    ကွမ်မြို့က မြေအောက်မှာ ဆောက်လုပ်ထားတဲ့ Fordow နျူစက်ရုံဖြစ်ပြီး ယူရေနီယံသန့်စင်မှု လုပ်တဲ့နေရာပါ။ 

    ယူရေနီယံသန့်စင်တဲ့ ဌာနမှာ အလုပ်လုပ်တဲ့ ၀န်ထမ်းတစ်ဦးကို အစ္စရေးက ငွေကြေးပေးထားတဲ့ အေးဂျင့်က ချဥ်းကပ်စည်းရုံးကာ တိုက်ခိုက်ဖို့ ကြံစည်တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင်သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးဟာ အေးဂျင့်ကို လုံခြုံတဲ့ လမ်းကြောင်းကနေ ဆက်သွယ်ပြောဆိုသလို ငွေသား၊ ဒဏ်ဂျစ်တယ်ငွေကြေးတွေနဲ့ ပေးချေတယ်လို့ ဆိုပါတယ်။ 

    တိုက်ခိုက်မှုကို မတ်လ ၂၀ ရက်နေ့မှာကျရောက်မယ့် ပါရှန်နှစ်ကူးမတိုင်ခင် လုပ်ဖို့ စီစဥ်ထားပြီး အသေးစိတ်ကို နောက်ပိုင်းကျရင် ထုတ်ပြန်မယ်လို့လည်း IRGC က ပြောပါတယ်။ 

    အီရန်ဟာ လက်ရှိမှာ အင်အားကြီး ၆ နိုင်ငံနဲ့ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက် ပြန်လည်အသက်သွင်းဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ အစ္စရေးက ဒီဆွေးနွးမှုးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က အီရတ်မှာရှိတဲ့ အစ္စရေး မဟာဗျူဟာဌာနကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယယ်။ 

    Ref: Aljazeera 

  • စစ်တပ်က၀င်ငွေရနေသည့် သဘာ၀ဓာတ်ငွေ့စီမံကိန်းကို ထိုင်းကုမ္ပဏီ ဆက်လုပ်မည်

    စစ်တပ်က၀င်ငွေရနေသည့် သဘာ၀ဓာတ်ငွေ့စီမံကိန်းကို ထိုင်းကုမ္ပဏီ ဆက်လုပ်မည်

    မတ် ၁၅၊ ၂၀၂၂

    M-Media 

    -ပြင်သစ်နဲ့ အမေရိကန်ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်းသွားတဲ့ ရတနာ သဘာ၀ဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းကို ထိုင်းစွမ်းအင်လုပ်ငန်း PTTEP က ဆက်လက်လုပ်ကိုင်မယ်လို့ သိရပါတယ်။ 

    ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းဟာ မြန်မာစစ်တပ်က နိုင်ငံခြား၀င်ငွေ အဓိကရတဲ့ လုပ်ငန်းတွ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ်  ဖိနှိပ်သတ်ဖြတ်မှုကို တားဆီးနိုင်ရေး ဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းခဲ့ပြီးတဲ့နောက် ပြင်သစ်နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ Chevron နဲ့ TotalEnergies တို့ မြန်မာနိုင်ငံကနေ ထွက်ခွာသွားကြတာပါ။ 

    PTTEP က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ စွမ်းအင် အပြည့်အ၀ရရှိရေးဟာ လူသားတိုင်း ရရှိခံစားရမယ့် အခြေခံလူ့အခွင့်အရေး ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုတယ်လို့ ဖော်ပြထားပါတယ်။ 

    TotalEnergies ထွက်သွားပြီးတဲ့နောက် သဘာ၀ဓာတ်ငွေ့ ထောက်ပံ့ပေးမှု မပြတ်လပ်စေရေးအတွက် ရတနာသဘာ၀ဓာတ်ငွေ့ စီမံကိန်းကို ဆက်လက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း PTTEP က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    လုပ်ငန်းလွှဲပြောင်းရေးကိုအခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ အပြီးသတ်မှာဖြစ်ပြီး အဲဒီနောက် PTTEP က ရှယ်ယာ ၃၇.၁ ရာခိုင်နှုန်း၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းက ၂၁.၈ ရာခိုင်နှုန်း၊ Chevron ရဲ့ လက်ခွဲကုမ္ပဏီတစ်ခုက ၄၁.၁ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ 

    Ref: Nikkei Asia 

  • ရုရှားနှင့်ယူကရိန်းတို့ ဆွေးနွေးပွဲ ပြန်စ

    မတ် ၁၄၊ ၂၀၂၂

    M-Media 

    -ယူကရိန်းနဲ့ ရုရှားတို့ရဲ့အကြား လေးကြိမ်မြောက်ဆွေးနွေးပွဲကို တင်္လာနေ့မှာ ကျင်းပဖို့ရှိနေပြီး၊ အပစ်ရပ်ကာ ရုရှားတပ်တွေ ချက်ခြင်းထွက်ခွာဖို့ တောင်းဆိုမယ်လို့ ယူကရိန်းဖက်က ပြောပါတယ်။ 

    ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ ၃ ပတ်မြောက် ရှိလာခဲ့ပြီဖြစ်ပြီး တိုက်ခိုက်မှုတွေလည်း ပိုမိုတိုးမြှင့် လုပ်ဆောင်လာပါတယ်။ 

    ယူကရိန်းစေ့စပ်ဆွေးနွေးရေးမှူး Mykhailo Podolyak က  ဆွေးနွေးမှုတွေဟာ သိပ်မလွယ်ကူဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

    အပစ်ရပ်ရေးနဲ့ ရုရှားတပ်ဖွဲ့တွေအားလုံး တိုင်းပြည်ကထွက်သွားရေး အဓိကတောင်းဆိုမှာဖြစ်ပြီး အဲဒီနောက်မှ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွးမှုတွေ လုပ်ဆောင်မယ်လို့ သူက ဆိုပါတယ်။ 

    သမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲမှာ မှန်းထားတဲ့အတိုင်း ဖြစ်မလာတဲ့အတွက် ထောက်လှမ်းရေးအကြီးအကဲကို နေအိမ်အကျယ်ချုပ် ချထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

    Ref: Reuters

  • အီရတ်မှ အစ္စရေး မဟာဗျူဟာဌာနကို တိုက်ခိုက်ခဲ့ဟု အီရန်ထုတ်ပြန်

    အီရတ်မှ အစ္စရေး မဟာဗျူဟာဌာနကို တိုက်ခိုက်ခဲ့ဟု အီရန်ထုတ်ပြန်

    မတ် ၁၃၊ ၂၀၂၂

    M-Media 

    – အီရတ်နိုင်မြောက်ပိုင်း ကာဒ့်ဒေသမြို့တော် အီရ်ဘီလ်က အမေရိကန် ကောင်စစ်၀န်ရုံး သောကြာနေ့က ဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရပြီး အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က သူတို့လုပ်တာလို့ ထုတ်ပြန်ပါတယ်။ 

    IRGC ရဲ့ ထုတ်ပြန်ချက်မှာ အစ္စရေးရဲ့ မဟာဗျူဟာဌာန အဆောက်အဦးကို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အီရန်ရဲ့ ဒီတိုက်ခိုက်မှုဟာ  အခုတစ်ပတ် အစောပိုင်း ဆီးရီးယားမှာ IRGC တပ်ဖွဲ့၀င်နှစ်ဦးကို အစ္စရေးက သတ်ဖြတ်မှုအတွက် လက်တုန့်ပြန်တာလို့ ယူဆရပါတယ်။ 

    အစ္စရေးဖက်က တိုက်ခိုက်မှုတွေ ထပ်လုပ်လာရင် ပြင်းထန်၊ ဆိုးရွားတဲ့ တုန့်ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ IRGC က သတိပေးခဲ့ပါတယ်။ 

    တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ကာ့ဒ်ဒေသ တာ၀န်ရှိသူတွေက အတည်ပြုခဲ့ပြီး ဒုံးကျည် ၈ လုံးကနေ ၁၂ လုံးအထိရှိကာ ကောင်စစ်၀န်ရုံး အဆောက်အဦးသစ် ပျက်ဆီးကာ အရပ်သားတစ်ဦး ဒဏ်ရာရတယ်လို့ ထုတ်ပြန်ပါတယ်။ 

    ကာ့ဒ်ဒေသဟာ အီရတ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပြီး ကာ့ဒ်အစိုးရ၀န်ကြီးချုပ်နဲ့ ဘာသာရေးခေါင်းဆောင်တွေက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရ

    ကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရ

    မတ် ၁၃၊ ၂၀၂၂

    M-Media 

    -အခုလနှောင်းပိုင်းမှာလုပ်မယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးသာ တက်ခွင့်ပြုမယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ 

    အစည်းအ၀ေးကို မတ်လ ၂၈၊ ၂၉ မှာ  ကျင်းပမှာပါ။ 

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက အဆင်မြင့်အစည်းအ၀ေးတွေမှာ နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးသာ ဖိတ်ကြားရေး အာဆီယံရဲ့ မူ၀ါဒကို အပြည့်အ၀ ထောက်ခံတယ်လို့ ပြောပါတယ်။ 

    “ထိပ်သီးအစည်းအ၀ေးမှာ မြန်မာအတွက် နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဆီယံရဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်နဲ့ပတ်သက်ပြီး ထိရောက်တဲ့ တိုးတက်မှုတွေ လုပ်မပြတဲ့ စစ်အစိုးရကို အရေးယူတဲ့သဘောလည်း ဖြစ်ပါတယ်”

    အာဆီယံ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကိုလာပြီး သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေး အပါအ၀င် အချက် ၅ ချက်ပါတဲ့ အာဆီယံသဘောတူညီချက်ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဧပြီလမှာ လက်ခံသဘောတူခဲ့ပေမယ့် အကောင်အထည်ဖော်မှု မရှိပါဘူး။ 

    Ref: Reuters