News @ M-Media
Blog
  • အမေရိကန်တွင် ဆီးနှင်းမုန်တိုင်းကြောင့် လူ ၂၀ နီးပါး သေဆုံး
    အမေရိကန်တွင် ဆီးနှင်းမုန်တိုင်းကြောင့် လူ ၂၀ နီးပါး သေဆုံး
    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media
    us
    – အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသော ပြင်းထန်သည့် ဆီးနှင်းမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၁၉ ဦးအထိ ရှိလာခဲ့ပြီး နိုင်ငံအရှေ့မြောက်ပိုင်းရှိ ပြည်နယ်များတွင်လည်း ပြည်သူသန်းပေါင်းများစွာမှာ အဆိုပါ ဆီးနှင်းမုန်တိုင်းဒဏ် ခံစားနေရသည်။
    နယူးယောက်တွင် ဆီးနှင်းကျဆင်းမှုမှာ ၂၆.၈ လက်မအထိ ရှိပြီး ပြည်နယ်သမိုင်းတွင် ဒုတိယမြောက်အဆိုးဝါးဆုံး ဆီးနှင်းမုန်တိုင်းလည်း ဖြစ်ခဲ့သည်။ အဆိုးဝါးဆုံးမှာ ၂၀၀၆ ခုနှစ်က ကြုံခဲ့ရသည့် မုန်တိုင်းဖြစ်ပြီး ဆီးနှင်းထုမှာ ၂၆.၉ လက်မအထိ ရှိခဲ့သည်။ နယူးယောက်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေငြာထားရသည်။
    သေဆုံးမှုများမှာ ယမန်နေ့က ပြည်နယ် ၉ ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရာသီဥတုနှင့်ဆက်စပ်သည့် ယာဉ်တိုက်မှု၊ နှင်းထုပြိုကျမှုနှင့် အအေးလွန်ကဲမှုတို့ကြောင့်ဖြစ်သည်။ ယနေ့တွင် ဆီးနှင်းမုန်တိုင်းမှာ အဆိုပါပြည်နယ်များမှ အဝေးသို့ ရောက်ရှိမည့်အခြေအနေ ရှိနေသည်။
    ဆီးနှင်းမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ်များ၊ ရထားခရီးစဉ်များအပါအ၀င် သယ်ယူပို့ဆောင်ရေး ခရီးစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရပြီး၊ မုန်တိုင်းကြောင့် ပိတ်မိနေသူအချို့ကိုလည်း ကယ်ဆယ်မှုများ ပြုလုပ်နေရသည်။
    Ref: Channelnewsasia
  • မန်ယူပရိတ်သတ်များ၏ စိတ်ပျက်မှုကို နားလည်သည်ဟု ဗန်ဂါးလ်ပြော
    မန်ယူပရိတ်သတ်များ၏ စိတ်ပျက်မှုကို နားလည်သည်ဟု ဗန်ဂါးလ်ပြော
    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media
    Man U
    – မိမိအပေါ် အားကိုးတကြီး မျှော်လင့်ထားခဲ့သည့် ပရိတ်သတ်များအတွက် မိမိအနေဖြင့် ခံစားရပြီး၊ ပရိတ်သတ်များ၏ စိတ်ပျက်မှုကို နားလည်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ဆောက်သက်တမ်အသင်အား ၁ ဂိုး ဂိုမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ယမန်နေ့ပွဲအပြီးတွင် ပြောကြားလိုက်သည်။
    အိုးထရက်ဖို့ဒ်တွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ချာလီအော်စတင်၏ ၈၇ မိနစ်ဂိုးဖြင့် ဆောက်သက်တမ်က အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲအပြီးတွင် ပရိတ်သတ်များက ဗန်ဂါးလ်းကိုရည်ညွှန်း၍ “နှုတ်ဆက်သည်” ဟူသော စာတမ်းများကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကာ၊ အချို့ကလည်း ဗန်ဂါးလ်၏ စွမ်းဆောင်ရည်ကို မနှစ်မြို့သည့်အတွက် လက်မများကို အောက်ဆိုက်ကာ ထောင်ပြခဲ့ကြသည်။
    ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဗန်ဂါးလ်က ပရိတ်သတ်များ၏ စိတ်ပျက်မှုကို နားလည်သည်ဟု ဆိုကာ ယခုပွဲမှာ မန်ယူအသင်းအား ၎င်းကိုယ်တွယ်သည့် အချိန်တစ်လျှောက် အဆိုးဆုံး စွမ်းဆောင်ရည်ထဲမှတစ်ခုလားဟု မေးမြန်းရာဗန်ဂါးလ်က
    “ဟုတ်ပါတယ်။ သိပ်ကိုထင်ရှားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ (ပရိတ်သတ်တွေရဲ့ ခံစားချက်တွေကို) ကျွန်တော်တွေးကြည့်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း တော်တော်မကောင်းတဲ့ပွဲကို ကြည့်ခဲ့ရတာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    ထို့ပြင် မိမိမှာ အသင်းပရိတ်သတ်များ၏ ခံစားချက်ကို မပြောင်းလဲနိုင်ဘဲ မိမိလုပ်နိုင်သည့်အလုပ်မှာ အသင်းပိုမိုကောင်းမွန်ရန်အတွက် ကစားသမားများနှင့်အတူ ကြိုးပမ်းအားထုတ်ရန်ဖြစ်ပြီး၊ ထိုကိစ္စကိုလည်း ဆောင်ရွက်နေကြောင်း၊ ရလဒ်အတွက် မိမိကိုယ်တိုင်လည်း စိတ်ပျက်မိပြီး ထိုဆိုးရွားမှုကို ပြောင်လဲရန် မည်သို့ဆောင်ရွက်ရမည်ကို သိရှိကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • အမေရိကန်နျူဒုံးကျည်တစ်စင်း ပြုပြင်ထိန်းသိမ်စဉ် ထိခိုက်မိခဲ့
    အမေရိကန်နျူဒုံးကျည်တစ်စင်း ပြုပြင်ထိန်းသိမ်စဉ် ထိခိုက်မိခဲ့
    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media
    us
    – ကော်လိုရာဒိုပြည်နယ်က မြေအောက်သိုလှောင်ရေးစခန်းတစ်ခုမှာ ထိန်းသိမ်းထားတဲ့ အမေရိကန် နျူထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းဟာ ပြုပြင်မွမ်းမံစဉ်အတွင်း နည်းပညာရှင်တစ်ဦးကြောင့် မတော်တဆထိခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန် လေတပ်က မနေ့မှာ ကြေငြာလိုက်ပါတယ်။
    ဒီလို အရေးကြီးတဲ့ကိစ္စတစ်ခုကို လပေါင်း ၂၀ လောက် ဖုံးကွယ်ထားပြီးနောက်မှ အမေရိကန်လေတပ်က ယခုလို ထုတ်ဖော်ကြေညာခဲ့တာဖြစ်ကာ ၂၀၁၄ မေလ ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ယင်းမတော်တဆမှုနဲ့ပက်သက်ပြီး လေတပ်သားသုံးဦးကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။
    ဒါပေမယ့် လူသားရဲ့မှားယွင်းမှုကြောင့်ဖြစ်ခဲ့တဲ့ ဒီထိခိုက်မှုဟာ ပြည်သူလူထုရဲ့ လုံခြုံမှုကို မထိခိုက်စေခဲ့ပါဘူးလို့ လေတပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အဲဒီမတော်တဆမှု ဖြစ်ပွားပြီးကတည်းက ထိခိုက်မှုဖြစ်ထားတဲ့ ဒုံးကျည်ကို စခန်းကနေ အပြီးဖယ်ရှားလိုက်ပါတယ်။
    အဆိုပါကိစ္စနဲ့ပက်သက်ပြီး မတော်တဆမှုစုံစမ်းရေးဘုတ်အဖွဲ့က စတင်စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယခုကိစ္စဟာ အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်လို့ ကန်လေတပ်က အသေးစိတ်အချက်အလက်ကိုမှ ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပါဘူး။
    ၎င်းတို့ပြောကြားခဲ့တဲ့ သတင်းအချက်အလက်ထဲမှာ ၂၀၁၄ မေလ ၁၆ ရက် ညနေပိုင်းမှာ အပြစ်ရှာဖွေစမ်းသပ်မှု လုပ်နေစဉ်အတွင်း Minuteman 3 တိုင်းချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်ခုဟာ အလုပ်မလုပ်တော့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ နောက်တနေ့မှာ အမည်မဖော်လိုတဲ့ (အမှားကျူးလွန်ခဲ့တဲ့ပုဂ္ဂိုလ်) အကြီးအကဲဟာ အပြစ်ရှာဖွေနေစဉ်မှာ နည်းပညာညွှန်ကြားချက်ကို မှန်ကန်စွာ မလိုက်နာတာကြောင့် ဒုံးကျည်ကို ထိခိုက်မှု ဖြစ်စေခဲ့တာပါ။
    လေတပ်အဖွဲ့သားတွေနဲ့ သူတို့ရဲ့ ကြီးကြပ်သူတွေဟာ အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကို နားလည်နိုင်တဲ့ ကျွမ်းကျင်မှုအဆင့် မရှိကြပါဘူး။ အဲ့ဒါကြောင့် ပြန်လည်ပြင်ဆင်စရိတ် ဒေါ်လာ ၁.၈ သန်းလောက် ကုန်ကျခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ လေတပ်တာဝန်ရှိသူတွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    အမေရိကန်ရဲ့ Minuteman ဒုံးကျည်တွေကို နျူကလီးယားကာကွယ်ရေးအစီအစဉ်အဖြစ် မြေအောက်စခန်းတွေမှာ ထိန်းသိမ်းထားပါတယ်။ အဲဒီ နျူထိပ်ဖူးတပ် ဒုံးကျည်တွေကို သိမ်းဆည်းထားတဲ့ မြေအောက်စခန်းတစ်ခုဟာ ပေ ၈၀ နက်ပြီး အချင်း ၁၂ ပေကျယ်ဝန်းပါတယ်။
    Ref: RT
  • ၀က်စ်ဟမ်းပွဲရလဒ်မှာ လိုချင်သောရလဒ်မဟုတ်ဟု ပယ်လီဂရီနီပြော
    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media
    mancity
    – ယမန်နေ့ပွဲ သရေကျခဲ့ခြင်းမှာ မဆိုးလှသော်လည်း မိမိလိုချင်သည့် ရလဒ်မျိုးမဟုတ်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ၀န်ခံပြောကြားလိုက်သည်။
    “သရေရလဒ်ဟာ ပွဲမတိုင်ခင်က ကျွန်တော်တို့လိုချင်တဲ့ ရလဒ်မျိုး မဟုတ်ပါဘူး။ ဆိုးဝါးတဲ့ရလဒ် မဟုတ်ပေမယ့် လိုချင်တဲ့ရလဒ်တော့ မဟုတ်ခဲ့ပါဘူး။ ပွဲတစ်ပွဲလုံးကို ဆန်းစစ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ ဂိုးသွင်းဖို့ အကောင်းဆုံးအခွင့်အရေး ၂ ကြိမ်၊ ၃ ကြိမ်လောက် ရရှိခဲ့ပါတယ်။ တိုင် ၂ ခါထိတယ်။ ပြီးတော့ ပြီးကာနီးမှာလည်း ရှင်းလင်းတဲ့ အခွင့်အရေးတစ်ခုကို ရခဲ့ပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
    ထို့ပြင် အသင်းကြီးများအား ဒုက္ခပေးလေ့ရှိသည့် ၀က်စ်ဟမ်းအသင်း၏ ကစားသမားများကိုလည်း ၎င်းက ချီးကျူးပြောဆိုခဲ့သည်။
    Ref: Goal
  • အစားအစာလေလွင့်မှု ထိန်းချုပ်ရေး ဆော်ဒီဆွေးနွေး
    အစားအစာလေလွင့်မှု ထိန်းချုပ်ရေး ဆော်ဒီဆွေးနွေး
    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media
    food waste
    – မြေအောက်ရေအပါအ၀င် တိုင်းပြည်ရဲ့သဘာဝသယံဇာတတွေကို ခြိမ်းခြောက်နေတဲ့အတွက် အစားအစာတွေ လေလွင့်မှုကို လျှော့ချဖို့ ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်ရမယ်လို့ ဆော်ဒီနိုင်ငံ တော်ဝင်တရားရုံးတော်က အမိန့်ပေးညွှန်ကြားခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီး အဗ္ဗဒူလ်ရာဟ်မန်အလ်ဖဒ်လီက ပြောကြားလိုက်ပါတယ်။
    မကြာသေးခင်က လေ့လာချက်တစ်ခုအရ ဆော်ဒီအာရေးဗီးယားရဲ့ တိုးပွားလာတဲ့လူဦးရေကြောင့် ယခုနှစ်မှာ အစားအစာပြုန်းတီးမှု တန်ချိန် ၁၄ သန်း ရှိရာကနေ ၂၀၂၀ ခုနှစ်မှာ တန်ချိန် ၁၇.၅ သန်း ရှိလာမယ့်အပြင် အလေအလွင့်တွေကို ပြန်လည်သိမ်းဆည်းရမယ့် ကုန်ကျစရိတ်ဟာ နှစ်စဉ် ဆော်ဒီရီယဲလ် သန်းပေါင်း ၃၆၀ လောက် ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
    ‘အစားအစာ လေလွင့်ပြုန်းတီးမှုလျှော့ချရေး” ခေါင်းစဉ်နဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ဦးစီးဆောင်ရွက်တဲ့ အ
    လုပ်ရုံဆွေးနွေးပွဲတစ်ခုကိုလည်း ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူ ယူစွဖ် အလ်-ဆအစ်ဖ် တင်သွင်းတဲ့ စာတမ်းတစ်စောင်အရ ဆော်ဒီနိုင်ငံသားတိုင်းဟာ တစ်နှစ်မှာ ပျမ်းမျှ ၅၁၁ ကီလိုဂရမ်နှုန်း၊ တစ်ရက်မှာ ၁.၂ မှ ၁.၄ ကီလိုဂရမ်နှုန်း အစားအစာလေလွင့်မှုကို ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
    ဥယျာဉ်၊ ပန်းခြံတွေကထွက်တဲ့ အော်ဂဲနစ် ပစ္စည်းတွေနဲ့ စားကြွင်းစားကျန်တွေဟာ တစ်နိုင်ငံလုံး စွန်ပစ်ပစ္စည်းတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိပြီး၊ အစာကြွင်းအကျန် သီးသန့်ဆိုရင်တော့ တစ်နိုင်ငံလုံးက စွန့်ပစ်ပစ္စည်းတွေရဲ့ ၂၈ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါဟာ မင်္ဂလာပွဲတွေနဲ့ အခြားသော လူမှုရေးပွဲတွေမှာ အစားအသောက် ပိုလျှံမှုတွေနဲ့လည်း ဆက်စပ်နေပါတယ်။
    မက်စ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော်ကြီးရဲ့ တရားဟောဆရာနဲ့ ရှေ့ဆောင်အီမာန်ဖြစ်ပြီး၊ အကြီးတန်း ဓမ္မပညာရှင်များကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ရှိုက်ဆွာလေ ဘင် ဟူမိုဒ် တင်သွင်းတဲ့ စာတမ်းမှာတော့ အစားအသောက်ဖြုန်းတီးခြင်းဟာ အပြစ်ထိုက်တယ်လို့ ဖော်ပြထားပါတယ်။
    Ref: Arabnews