News @ M-Media

မက္ကာတွင် အစ္စလာမ့်ယဉ်ကျေးမှုပြတိုက်တစ်ခု တည်ဆောက်မည်

ဇန်န၀ါရီ ၂၆၊ ၂၀၁၆
M-Media

makkah

– ဗြိတိသျှကုမ္ပဏီတစ်ခုဖြစ်တဲ့ Mossessian Architecture က ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ “သက်ဝင်ယုံကြည်မှုအိုအေစစ်” လို့ခေါ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြတိုက်တစ်ခုကို တည်ဆောက်ဖို့ စီစဉ်နေလို့ သိရပါတယ်။

အစ္စလာမ်သာသနာ၊ အစ္စလာမ့်ယဉ်ကျေးမှု၊ အစ္စလာမ့်သမိုင်းတွေနဲ့ပက်သက်ပြီး အလေးပေးပြသမယ့် အဲဒီ ယဉ်ကျေးမှုဆိုင်ရာပြတိုက်တစ်ခု တည်ဆောက်ဖို့ တင်ဒါခေါ်ယူမှုအတွင်းမှာ Mossessian Architecture က အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။

အဆိုပါပြတိုက်ကို မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကြီးရဲ့ ၇ ကီလိုမီတာအကွာအဝေးက ၅၆၀၀ စကွဲယားမီတာ အကျယ်အ၀န်းရှိတဲ့နေရာမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ပြတိုက်ထဲမှာ ပါဝင်မယ့်အရာတွေကတော့ ဧည့်ကြိုဆိုရေးနေရာ၊ အစ္စလာမ့်သမိုင်းဆိုင်ရာ ဓာတ်ပုံပြခန်း၊ ဇာတ်ရုံတစ်ခု၊ စာအုပ်ဆိုင်တစ်ခု၊ သင်ကြားရေးပြုလုပ်နိုင်မယ့် အခန်းတွေ ပါဝင်မှာဖြစ်ပြီး ပြတိုက်ရဲ့ အမိုးပေါ်မှာတော့ ရာသီဥတုကို ထိန်းညှိပေးမယ့် ပန်းခြံတစ်ခုနဲ့ စားသောက်ဆိုင်တွေ ပါဝင်မှာဖြစ်ပါတယ်။

ပြတိုက်အပြင်ဘက်နံရံမှာ အစ္စလာမ်ကိုလက်ခံကျင့်သုံးနေတဲ့ ကမ္ဘာ့နိုင်ငံတစ်ခုစီကနေ ထွက်ရှိတဲ့ ကျောက်တွေနဲ့ ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။ အတွင်းဘက် နံရံမှာတော့ မက္ကာမြို့အနီးမှာရှိတဲ့ တောင်တွေဆီကရတဲ့ ဟီဂျာဇီကျောက်နဲ့ မွမ်းမံချယ်သသွားမှာဖြစ်ပါတယ်

“အခုဆောက်လုပ်မယ့် မက္ကာပြတိုက်ဟာဆိုရင် ကမ္ဘာတစ်ဝှမ်းက အရပ်ရပ်က သန်းပေါင်းများစွာသော မွတ်စလင်တွေရဲ့ သက်ဝင်ယုံကြည်မှုကို ပြိုင်ဘက်ကင်း ထင်ဟပ်ပြသနိုင်မှာ ဖြစ်ပါတယ်။ မွတ်စလင်တွေရဲ့ အမြင့်မြတ်ဆုံးမြို့တော်မှာ ဒီလိုယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံမျိုး မရှိသေးပါဘူး” ဟု Mossessian Architecture ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါဝင်ပါတယ်။

၂၀၀၅ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Mossessian Architecture ကုမ္ပဏီဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတစ်ဝှမ်းမှာ ဗိသုကာဆိုင်ရာ စီမံကိန်းတွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

Ref: Arabnews

Comments

Leave a Reply