News @ M-Media
Blog
  • ၀က်တုပ်ကွေးကြောင့် ဥရောပတွင် လူ ၂၁ ဦးသေဆုံး
    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media
    h1n1
    – ပြီးခဲ့တဲ့နှစ်လအတွင်း အာမေးနီးယားမှာ H1N1 ၀က်တုပ်ကွေးကြောင့် လူ ၁၈ ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြာသာပတေးနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပြီး လူထုကို ကူးစက်ပြန့်ပွားတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
    ဇန်န၀ါရီ ၁၃ ရက်နေ့အထိ သေဆုံးသူ ၁၀ ဦးသာ ရှိခဲ့ပေမယ့်၊ မနေ့မှာတော့ ၁၈ ဦးအထိရှိလာပြီး၊ ဒီလိုသေဆုံးမှုတွေဟာ ကပ်ရောဂါအဖြစ် သတ်မှတ်လို့ မရသေးဘူးလို့လည်း အာမေးနီးယား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့အထဲမှာ ဖော်ပြထားပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဂျော်ဂျီယာမှာလည်း ဒီနှစ်ထဲမှာ ၀က်တုပ်ကွေးကြောင့် သေဆုံးသူ ၃ ဦး ရှိသွားပြီလို့ သိရပါတယ်။
    “၂၀၁၆ ဇန်န၀ါရီလထဲမှာ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ H1N1 ဗိုင်းရပ်စ်ပိုးကြောင့် လူ ၃ ဦးသေဆုံးခဲ့ပါတယ်”လို့ ဂျော်ဂျီယာ အမျိုးသား ရောဂါထိန်းချုပ်ရေးနှင့် လူထုကျန်းမာရေး ဗဟိုဌာနချုပ်အကြီးအကဲ အမီရန် ဂမ်ကရီလစ်ဒ်ဇီက ပြောကြားခဲ့ပါတယ်။
    အဲဒီ သေဆုံးသူ သုံးဦးစလုံးဟာ ဂျော်ဂျီယာအနောက်ပိုင်းက အမျိုးသားတွေချည်းပဲဖြစ်တယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံလုံးက ဆရာဝန်တွေက သေဆုံးခဲ့တဲ့လူနာတွေနဲ့ပက်သက်လို့ ရှုပ်ထွေးမှုတစ်ချို့ရှိပြီး ဆေး ၀ါးအကူအညီ အတော်နောက်ကျတာလည်းပါတယ်လို့ ပြောကြားခဲ့ကြပါတယ်။
    Ref : Reuters
  • တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၆)
    တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၆)
    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    hygiene ၂
    –  အလယ်ခေတ်အချိန်ကာလတွေကို အနံ့ဆိုးတွေ၊ မှောင်မိုက်မှုတွေ၊ ကြမ်းတမ်းမှုတွေနဲ့ သန့်ရှင်းမှုမရှိတဲ့ ကာလတွေအဖြစ် မကြာခဏ ဖော်ပြလေ့ရှိကြပါတယ်။ ဒါပေမယ့် ၁၀ ရာစုက အစ္စလာမ်ကမ္ဘာမှာတော့ တစ်ကိုယ်ရည်သန့်ရှင်းရေး စွန့်ဦးကျင့်သုံးမှုတွေရှိခဲ့ပြီး၊ အဲဒီခေတ်အခါက ရေချိုးခန်းတွေမှာလည်း ဒီနေ့ ကျွန်တော်တို့ သုံးစွဲနေတဲ့ တစ်ကိုရည်သန့်ရှင်းရေး ပစ္စည်းမျိုးစုံနဲ့ ပြည့်နှက်နေတာကို လေ့လာသိရှိရပါတယ်။
    whudu machine
    အလ်-ဂျာဇာရီ၏ ‘၀ူသူပြုစက်’ လက်ရေးမူဒီဇိုင်း
    မွတ်စလင်တွေဟာ ဆပ်ပြာကိုလည်း ဆီ (သံလွင်ဆီ) နဲ့ အလ်-ကွာလီ (Al-Quali – ဆားကဲ့သို့ ဒြပ်ပစ္စည်းတစ်မျိုး) တို့ကိုပေါင်းပြီး တီထွင်ပြုလုပ်ခဲ့ပါတယ်။ အဲဒီခေတ်အခါက ရေးသားထားတဲ့ လက်ရေးမှုတွေအရ ဒီပစ္စည်းနှစ်ခုကို သင့်တော်တဲ့ အပျော့အမာအနေအထားရောက်အောင် ကြိုပြီး၊ အခြောက်ခံကာ ဟမ်မမ်စ် (Hammams – ရေချိုးခန်း) တွေမှာ အသုံးပြုကြတယ်လို့ သိရပါတယ်။
    အလယ်ခေတ်မွတ်စလင်တွေဟာ ရုပ်ဆင်းသွင်ပြင်အလှဆင်မှု အတတ်ပညာနဲ့ပတ်သက်ပြီး တော်တော်လေး ပေါက်မြောက်ခဲ့ကြပါတယ်။ အဲဒီအထဲက ကျွမ်းကျင်သူတစ်ဦးကတော့ အလ်-ဇာဟ်ရာဝီ (Al-Zahrawi) ပဲဖြစ်ပါတယ်။ သူဟာ နာမည်ကျော် ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက်ဖြစ်ပြီး သူရဲ့ ဆေးပညာကျမ်းကြီးဖြစ်တဲ့ အလ်-တက်စ်ရစ်ဖ် (Al-Tasrif) မှာ အလှအပပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အခန်းတစ်ခန်းကို The Medicines of Beauty (အလှအပအတွက် ဆေးနည်းများ) ခေါင်းစဉ်နဲ့ ထည့်သွင်းခဲ့ပါတယ်။
    အလ်-ဇာဟ်ရာဝီဟာ အဲဒီအခန်းမှာ ဆံပင်နဲ့အသားအရေ၊ သွားနဲ့ခံတွင်း ထိန်းသိမ်းစောင့်ရှောက်မှု နည်းလမ်းတွေ၊ အလှဆင်မှုနည်းလမ်းတွေကို ဖော်ထုတ်ရေးသားထားပြီး အဲဒီရေးသားချက်တွေအားလုံးဟာ အစ္စလာမ့်သတ်မှတ်ချက်ဘောင်တွေထဲက ဖြစ်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အနံမွှေးစပရေး၊ ပလုပ်ကျင်းဆေး၊ လက်လိမ်းခရင်မ်၊ အထူးပုံစံခွက်ထဲမှာ လောင်းထားတဲ့ နံသာချောင်း ဖော်စပ်ထုတ်လုပ်မှု အကြောင်းတွေကိုလည်း ရေးသားခဲ့ပြီး အဲဒီနံသာချောင်းတွေဟာ ဒီနေ့ခေတ် Roll On အနံ့အသက်ပျောက်ဆေးတွေရဲ့ ရှေ့ပြေးလည်း ဖြစ်ခဲ့ပါတယ်။   နောက်ပြီး ဆံပင်နှုတ်ကိရိယာ၊ ဆံပင်ဆိုးဆေး၊ ဆံပင်တောင့်ဆေး စတာတွေကိုလည်း သူ့ရဲ့အဲဒီစာအုပ်ထဲမှာ အလ်-ဇာဟ်ရာဝီက ထည့်သွင်းဖော်ပြခဲ့ပါတယ်။ နေပူဒဏ်ကိုကာကွယ်တဲ့ လိမ်းဆေးခရင်မ်ရဲ့ အကျိုးကျေးဇူးတွေကိုလည်း ဒီအခန်းမှာ တွေ့မြင်ရပြီး ဒီလိမ်းဆေးဖန်တီးဖို့အတွက် သုံးစွဲရမယ့် ပါဝင်ပစ္စည်းတွေကို ဖော်ပြထားမှုမှာတော့ လွန်ခဲ့တဲ့နှစ်ထောင်ချီက ဇာဟ်-ရာဝီရဲ့ အံ့သြဖွယ် စဉ်းစားတွေးခေါ်ဉာဏ်ကို တွေ့ရှိခဲ့ရပါတယ်။
    လက်ရှိ အီရတ်နိုင်ငံမှာရှိတဲ့ ကူဖာ (Kufa) မြို့မှာ မွေးဖွားခဲ့တဲ့ အလ်-ကင်ဒီ (Al-Kindi) ဟာ ရေမွှေးနဲ့ ပတ်သက်တဲ့ ကျမ်းကြီးတစ်စောင်ကို ပြုစုခဲ့ပြီး အဲဒီကျမ်းကြီးကိုတော့ Book of the Chemistry of Perfume and Distillations (ရေမွှေးနှင့် အဆီချက်လုပ်မှုဆိုင်ရာ ဓာတုဗေဒကြမ်း) လို့ ခေါ်တွင်ပါတယ်။ အဲဒီကျမ်းမှာ နံသာဆီနဲ့ ရေမွှေးတို့လို မွှေးအကြိုင်ပစ္စည်းတွေ ဖော်စပ်ထုတ်လုပ်မှုနဲ့၊ ဆေးဝါးထုတ်လုပ်မှုနည်းလမ်းတွေ ပါဝင်ပါတယ်။ အစပိုင်းမှာတော့ လူ့အဖွဲ့အစည်းက အထက်တန်းစားအလွှာတွေသာ ရေမွှေးကို သုံးစွဲနိုင်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ လူတိုင်း အသုံးပြုလာနိုင်ခဲ့ပါတယ်။
    al-Zahrawi
    အလှအပဆေးနည်းများကို ဖော်ထုတ်ခဲ့သူ အလယ်ခေတ် ထိပ်တန်း မွတ်စလင်ခွဲစိတ်ဆရာဝန်ကြီး အလ်-ဇာဟ်ရာဝီ
    မွတ်စလင်ဓာတုဗေဒပညာရှင်တွေဟာ အပင်တွေ၊ ပန်းပွင့်တွေကနေ အဆီချက်လုပ်ကာ ရေမွှေးတွေ၊ ဆေ၀ါးတွေကို ထုတ်လုပ်ဖော်စပ်ခဲ့ကြပါတယ်။
    မွတ်စလင်တွေရဲ့ ဒီ တီထွင်ကြံဆမှုတွေ၊ အယူအဆတွေဟာ ဥရောပကို ကုန်သည်တွေ၊ ခရီးသွားတွေနဲ့ ခရူးဆိတ်စစ်သားတွေကနေတစ်ဆင့် တစ်ဖြည်းဖြည်းခြင်း စိမ့်ဝင်ရောက်ရှိသွားကြပါတယ်။ မွတ်စလင်တွေရဲ့ အလှအပ၊ ရေမွှေးနဲ့ဆိုင်တဲ့ ဒီအသိပညာ၊ အတတ်ပညာတွေဟာ နောက်ဆုံးမှာ ရေမွှေးလုပ်ငန်းအတွက် အသင့်တော်ဆုံး ရာသီဥတုနဲ့ ရေခံမြေခံရှိတဲ့ ပြင်သစ်တောင်ပိုင်း ဟူတီပြည်နယ် (Haute) ကို ရောက်ရှိသွားခဲ့ပြီး နှစ် ၇၀၀ ကြာညောင်းသည့်တိုင်အောင် ရှင်သန်ခဲ့ပါတယ်။
    အစ္စလာမ်လူ့အဖွဲ့အစည်းရဲ့ နောက်ထပ်အရေးပါတဲ့ အလှအပ ပစ္စည်းကတော့ လက်တွေမှာ ကနုတ်ပန်းပုံစံကို ရှုမငြီးဖွယ် ပုံဖော်ထားလေ့ရှိတဲ့ ‘ဒန်း’ ပဲဖြစ်ပါတယ်။ အစ္စလာမ်သာသနာ ပြန့်နှံ့မှုနဲ့အတူ ဒီ ဒန်းဆိုးဆေးဟာလည်း ကမ္ဘာ့တစ်နှံတစ်လျားကို ရောက်ရှိခဲ့ပြီး အလှအပပစ္စည်းတွေအတွက် အဓိက ပါဝင်ပစ္စည်း ဖြစ်ခဲ့ပါတယ်။
    တမန်တော် မုဟမ္မဒ်နဲ့ သူရဲ့ သာဝကကြီးတွေဟာ မုတ်ဆိတ်ကို ဒန်းဆိုးလေ့ရှိပြီး၊ အမျိုးသမီးတွေဟာလည်း သူတို့ရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ဆံပင်တွေကို ဒီနေ့ခေတ် အမျိုးသမီးတွေလိုပဲ ဒန်းဆိုးခြယ်သကြပါတယ်။ ခေတ်ပေါ် သိပ္ပံပညာရှင်တွေက ဒန်းဟာ ဘက်တီးရီးယား၊ မှိုတက်မှုတို့ကို ကာကွယ်ပေးသလို သွေးတိတ်စေတဲ့ ပစ္စည်းတစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ဒန်းဟာ အနာကိုကျက်စေပြီး၊ အရေပြားမှိုစွဲရောဂါနဲ့ ရောင်ရမ်းမှုတွေကိုလည်း သက်သာပျောက်ကင်းစေပါသေးတယ်။
    ဒန်းပင်ရဲ့အရွက်နဲ့ အစေ့တွေမှာ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေရှိပြီး နှစ်ခုစလုံးဟာ ခန္ဓာကိုယ်နဲ့ ဦးခေါင်းကို အေးမြစေပါတယ်။ ဒါတင်မကသေးပဲ ဒန်းမှာ ဆံပင်ကို သန်စွမ်းနက်မှောင်စေတဲ့ သဘာဝပစ္စည်းတွေလည်း ပါဝင်ပါတယ်။
    ခေါင်းလျှော်မှုနဲ့ အကြောဖြေနှိပ်နယ်မှု
    KbR1JBHWJFEL4JMffD4ECCWT
    အိန္ဒိယမွတ်စလင် မာဟိုမက်၏ ရေနွေးရေချိုးခန်း
    ၁၇၇၀ ပြည့်နှစ်တွေနဲ့ ၁၇၈၀ ပြည့်နှစ်တွေဟာ အင်္ဂလန်နိုင်ငံ ဘရိုက်တန်မြို့မှာ ကမ်းခြေအပန်းဖြေလုပ်ငန်း ကြီးထွားလာတဲ့နှစ်တွေ ဖြစ်ခဲ့ပြီး အိန္ဒိယ မွတ်စလင်တစ်ဦးဖြစ်တဲ့ ရှိခ် ဒင် မာဟိုမက် (Sheikh Dean Mahomed) ကလည်း အဲဒီအချိန်ကာလမှာပဲ ဘရိုက်တန်ကို ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ပတ္တနာ (Patna) မြို့က မွတ်စလင်မိသားစုတစ်ခုကနေ ဆင်းသက်လာတဲ့ မာဟိုမက်ဟာ ၁၇၅၉ ခုနှစ်မှာ ဘရိုက်တန်ရဲ့ ပင်လယ်ကမ်းခြေမှာ အိန္ဒိယရေနွေးရေချိုးခန်း (Indian Vapour Baths)  ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီရေချိုးခန်းဟာ တူရကီရေချိုးခန်းတွေနဲ့ တော်တော်လေး ဆင်တူပါတယ်။
    ဒါပေမယ့် ဒီအိန္ဒိယရေချိုးခန်းမှာတော့ ဖောက်သည်တွေကို ရွက်ဖျင်တဲတစ်ခုချင်းဆီမှာ ထားစေပြီး ရွက်ဖျင်တဲရဲ့ ဟနေတဲ့နေရာကနေ လက်နှစ်ချောင်းဝင်လာကာ အိန္ဒိယက ချမ်ပီ (Champi – ခေါင်းလျှော်) ၀န်ဆောင်မှုနဲ့ အကြောဖြေနှိပ်နယ်ပေးတဲ့ ၀န်ဆောင်မှုတွေကို ပြုလုပ်ပေးပါတယ်။ ထူးခြားတဲ့ ဒီရေနွေးရေချိုးခန်းနဲ့ ခေါင်းလျှော်ပေးတဲ့ ၀န်ဆောင်မှုကြောင့် ရှိခ် ဒင် မာဟိုမက်ဟာ အင်္ဂလန်မှာ နာမည်ကြီးခဲ့ပြီး အင်္ဂလန်ဘုရင် ဂျော့ဂ်ျ ၄ (George IV) နဲ့ ၀ီလီယံ ၄ (William IV) တို့လက်ထက်မှာ “ခေါင်းလျှော်ဝိဇ္ဇာ” အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)
    အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်
    အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်
    အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်
    အပိုင်း(၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်
    အပိုင်း(၅) – ဂီတ၏ အရင်းမူလ – ဖတ်ရန် 
  • ပါကစ္စတန်ပြည်သူတွေရဲ့ အကြမ်းဖက်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ပိုမိုခိုင်မာစေခဲ့တဲ့ ဘာချာခန်းတက္ကသိုလ် အကြမ်းဖက်မှု
    ပါကစ္စတန်ပြည်သူတွေရဲ့ အကြမ်းဖက်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ပိုမိုခိုင်မာစေခဲ့တဲ့ ဘာချာခန်းတက္ကသိုလ် အကြမ်းဖက်မှု
    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media
    paki
    သေဆုံးသွားသူများအတွက်ဆုတောင်းပွဲအခမ်းအနားမှ မြင်ကွင်းတစ်ခု
    – “အကြမ်းဖက်သမားတွေကို ကျွန်တော် ပြောချင်တာက – သူတို့ ဘယ်တော့မှ အောင်နိုင်မှာမဟုတ်ဘူး ဆိုတာပါပဲ။ သူတို့ရှုံးနိမ့်လိမ့်မယ်။ ကျွန်တော်တို့နိုင်မယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းနေသူတွေဖြစ်ပြီး အကြမ်းဖက်လမ်းစဉ်ကို လျှောက်လှမ်းနေကြသူတွေ မဟုတ်ပါဘူး”
    ဒါကတော့ ဗုဒ္ဓဟူးနေ့က ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ချာရ်ဆာဒါမြို့က ဘာချာခန်းတက္ကသိုလ်မှာ ဖြစ်ပွားခဲ့တဲ့ တာလီဘန်တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သူ တက္ကသိုလ်အကြီးအကဲ ဖာခါရ်-အီ-အလမ်ရဲ့ ဖခင် ရှားဟ်ဟူစိန်ရဲ့ ရင်ဖွင့်သံပဲဖြစ်ပါတယ်။
    စစ်သွေးကြွတွေ ထကြွသောင်းကြမ်းနေတဲ့ ပက်ရှ်ဝါရ်မြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ချာရ်ဆာဒါက အဲဒီအဖြစ်အပျက်မှာ အပြစ်မဲ့ ပြည်သူ ၂၀ သေဆုံးခဲ့ပြီး အနည်းဆုံး ၅၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
    အစိုးရကတော့ ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ကို နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေငြာခဲ့ပြီး အစိုးရအဆောက်အဦး အားလုံးမှာလည်း ၀မ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် ပါကစ္စတန်နိုင်ငံတော်အလံကို တိုင်တစ်ဝက်သာ လွှင့်ထူထားခဲ့ပါတယ်။
    ပါကစ္စတန်သမ္မတ နာဝဇ်ရှရစ်ဖ်ကတော့ ဒီကြမ်းကြုတ်တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ကတိပြုခဲ့ပြီး တိုက်ခိုက်မှုနောက်ကွယ်မှာရှိနေသူတွေကို ရေဆုံးမြေဆုံးလိုက်ကြဖို့လည်း လုံခြုံရေးတပ်ဖွဲ့တွေကို အမိန့်ပေးထားပါတယ်။
    အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ တာလီဘန်အဖွဲ့ကတော့ လူမျိုးစုဒေသတွေမှာ သူတို့ကို ပါကစ္စတန်စစ်တပ်က ထိုးစစ်ဆင်မှုအတွက် လက်တုံ့ပြန်တာလို့ ပြောခဲ့ပါတယ်။
    “စစ်သွေးကြွတွေက အဲဒီစာသင်ကျောင်းတွေကို ပိတ်ပစ်စေချင်ကြတယ်ဗျ။ ကျွန်တော်တို့ပေးချင်တဲ့ သတင်းစကားကတော့ ပညာရေးကို ဆက်လက်သင်ကြားသွားမယ်ဆိုတာပါပဲ” လို့ ပြည်နယ်ပညာရေးဝန်ကြီး အာရစ်ဖ်ခန်းက ပြောကြားခဲ့ပါတယ်။
    အကြမ်းဖက်ခံရမှုအတွင်း သေဆုံးသွားသူ အများစုရဲ့ ဈာပနအခမ်းအနားတွေကိုတော့ မနေ့ကပဲ အစ္စလာမ့် ဓလေ့ထုံးတမ်းနဲ့အညီ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာလည်း သေဆုံးတစ်ချို့ရဲ့ ဈာပနကို ကျင်းပခဲ့ကြပြီး တက္ကသိုလ်အကြီးအကဲ ဖာခါရ်-အီ-အလမ်ရဲ့ ဈာပနကိုတော့ လူပေါင်း ၁၀၀၀ ၀န်းကျင်လောက် တက်ရောက်ခဲ့ပါတယ်။
    နောက်ပြီး မြို့တော်အစ္စလာမ်မာဘတ်အပါအ၀င် နိုင်ငံတစ်ဝှမ်းမှာလည်း သေဆုံးသွားသူတွေအတွက် ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
    paki 2
    သေဆုံးသွားသူတစ်ဦး၏ ဈာပနအခမ်းအနား
    “ပါကစ္စတန် မျိုးဆက်သစ်လူငယ်တွေဟာ အကြမ်းဖက်သမားတွေကို ဦးညွှတ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ သန္ဓိဌာန်ချထားပါတယ်” လို့ ပါကစ္စတန်အားကစားဘုတ်အဖွဲ့ (PSB) ရဲ့ ဒါရိုက်တာဖြစ်သူ အခ်တာရ် နာဝဇ်က ပြောကြားခဲ့ပါတယ်။ အစ္စလာမ်မာဘတ်မှာပြုလုပ်ခဲ့တဲ့ ဆုတောင်းပွဲမှာ PSB က အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ အားကစားသမားတွေ စုစုပေါင်း ၂၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။
    ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ပက်ရှ်ဝါရ်မြို့မှာ စစ်တပ်ကဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက စာသင်ကျောင်းကို တာလီဘန်တွေက ၀င်ရောက်ပစ်ခတ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ကျောင်းသားအများစုအပါအ၀င် စုစုပေါင်း လူ ၁၅၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။
    ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင်ကတော့ ပါကစ္စတန်စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို ပြန်လည်သုံးသပ်ဖို့ ဒီနေ့မှာ တိုက်တွန်းလိုက်ပြီး အကြမ်းဖက်သမားတွေကို လေ့ကျင့်ပေးတဲ့ ဒါမှမဟုတ် ကူညီပေးတဲ့ အဖွဲ့တွေကို မရှင်းလင်းနိုင်သမျှတော့ အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။
    ဘာချာတက္ကသိုလ်ဟာ ယခင်ကလည်း အကြမ်းဖက်သမားတွေရဲ့ အသေးစားတိုက်ခိုက်မှုတွေကို ခံခဲ့ရပြီး ပါကစ္စတန်ပြည်သူတွေကတော့ အစိုးရအနေနဲ့ သူတို့ကို ကာကွယ်မပေးနိုင်ဘူးဆိုရင် သူတို့ဟာသူတို့ ကာကွယ်မယ်လို့ ဖွင့်ဟခဲ့ပါတယ်။
    “လူတော်တော်များများက သူတို့ရဲ့အိမ်တွေကိုပစ်ပြီး သူတို့ရဲ့ကိုယ်ပိုင်လက်နက်တွေနဲ့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေကြပါတယ်။ ကျွန်တော်အပါအ၀င်ပေါ့လေ” လို့ တိုက်ခိုက်မှုအတွင်း ယောက်ဖဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ နာဆင်းမ် အခ်ဘာရ်က ပြောကြားခဲ့ပါတယ်။
    Ref: Channelnewsasia, Aljazeera, PressTV
  • ပါလက်စတိုင်းပိုင်နက်အား အစ္စရေးက ထပ်မံသိမ်းယူမည့်အစီအစဉ်ကို နိုင်ငံတကာက ရှုတ်ချ
    ပါလက်စတိုင်းပိုင်နက်အား အစ္စရေးက ထပ်မံသိမ်းယူမည့်အစီအစဉ်ကို နိုင်ငံတကာက ရှုတ်ချ
    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media
    UN
    – ပါလက်စတိုင်းပိုင်အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းပိုင်နက်များအား သိမ်းယူမည့် အစီအစဉ်တစ်ခုကို အစ္စရေးက ထုတ်ပြန်လိုက်ပြီး ထိုအစီအစဉ်အား ကုလနှင့် အမေရိကန်တို့က ရှုတ်ချပြောဆိုလိုက်သည်။
    ဂျော်ဒန်မြစ်အနီးရှိ ပါလက်စတိုင်းမြို့ အာရီဟာမှ မြေဧက ၃၇၀ ခန့်ကို စိုက်ပျိုးမြေအဖြစ် သိမ်းယူရန် အစ္စရေးက စီစဉ်ခြင်းဖြစ်ပြီး ယမန်နေ့က ထိုအစီအစဉ်ကို ကြေငြာခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ထိုလုပ်ရပ်မှာ နိုင်ငံတကာ ဥပဒေများနှင့် မညီညွတ်ဟု ပြောကြားခဲ့သည်။
    “အနောက်ဖက်ကမ်းက မြေဧက ၃၇၀ ကို သူတို့ပိုင်တဲ့မြေဆိုပြီး အစ္စရေးက ကြေငြာတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးချုပ်က အလွန်အမင်း စိုးရိမ်မိပါတယ်။ ဒီလို တရားမ၀င် အခြေချတည်ဆောက်မှုတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတစ်ခုဖြစ်ပြီး ပြဿနာကို သံတမန်နည်းလမ်းအရ အဖြေရှာဖို့ကိစ္စကို အစ္စရေးက ထောက်ခံတယ်ဆိုတဲ့ လူသိရှင်ကြား ကြေငြာထားမှုနဲ့လည်း ဆန့်ကျင်နေပါတယ်” ဟု ကုလမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူကလည်း အစ္စရေး၏ထိုလုပ်ရပ်မှာ နှစ်နိုင်ငံအဖြေအတွက် ကတိက၀တ်နှင့် ဆန့်ကျင်နေသည်ဟု ပြောကြားခဲ့သည်။
    “တရားမ၀င်အခြေချမှုကို အရှိန်မြှင့်စေတဲ့ ဘယ်လို ဆောင်ရွက်ချက်မျိုးမဆို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ အဲဒါတွေဟာ နှစ်နိုင်ငံအဖြေနဲ့ သဟဇာတမဖြစ်ဘူးလို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ အစ္စရေးအစိုးရရဲ့ ကတိက၀တ်ကို မေးခွန်းထုတ်စရာလည်း ဖြစ်လာပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မာ့က် တိုနာက ပြောကြားခဲ့သည်။
    အစ္စရေးအာဏာပိုင်များက ပါလက်စတိုင်းများအပေါ် ဆက်ဆံမှုနှင့် ပါလက်စတိုင်းတို့၏ မြေများ သိမ်းယူမှုကို အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒန် ရှာပီရိုက ယခုသီတင်းပတ်အစောပိုင်းတွင် ဝေဖန်ရှုတ်ချခဲ့သည်။ ထို့ပြင် ပါလက်စတိုင်းပိုင် အနောက်ကမ်းနှင့်ပတ်သက်၍ အစ္စရေး၏ ရေရှည်သဘောထားကို မေးခွန်းထုတ်ခဲ့ပြီး၊ ပါလက်စတိုင်းပိုင်နက်များအတွင် အစ္စရေးက ဆောက်လုပ်နေသော တရားမ၀င်အခြေချအိမ်ယာများနှင့်ပတ်သက်၍ အမေရိကန်အစိုးရ စိုးရိမ်ကာ၊ နားမလည်နိုင်အောင်ဖြစ်ရသည်ဟု ရှာပီရိုက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: PressTV
  • ချစ်ခြင်းဖြင့် တည်ဆောက်ယူပါ…
    ချစ်ခြင်းဖြင့် တည်ဆောက်ယူပါ…
    ဇန်နဝါရီ ၂၁ ၊ ၂၀၁၆
    M-Media
    ပျံလွှား ရေးသည်။
    No one is born
    ဒီနေ့ ကျောင်းကအပြန် ၂၀၂ ကားလိုင်းပေါ်က ဖြစ်ရပ်လေးတစ်ခုက ဘာသာရေးနဲ့ လူမျိုးရေး နဲ့ ပဋိပက္ခတွေနဲ့ ကမ္ဘာချီ နာမည်ဆိုးရနေတဲ့ နိုင်ငံအတွက် ကျွန်တော့်ရင်ထဲမှာ မျှော်လင့်ချက်တစ်ခု ပီတိနဲ့ယှဉ်ပြီး ဖြစ်ခဲ့ရပါတယ်။
    ကြပ်သည်လည်းမဟုတ် ချောင်သည်လည်းမဟုတ်တဲ့ ကားပေါ်အနေအထားမှာ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ဘက်အခြမ်းမှာ ၄-၅နှစ်အရွယ် ကလေးငယ်တစ်ဦးကို ချီပွေ့ထားသော လူကြီးပိုင်းတစ်ယောက်နဲ့ အခြားလူလတ်ပိုင်းတစ်ဦး။
    ကလေးကို ပွေ့ချီထားတဲ့ လူကြီးက အသားခပ်လတ်လတ်နဲ့ ယနေ့ခေတ်အမြင်နဲ့ ဗမာဟု ယေဘူယျမှတ်ယူနိုင်သည့်ပုံစံမျိုး။
    လူလတ်ပိုင်းကတော့ ယဉ်ကျေးစွာပြောလိုလျှင် အသားညို၊ ဒဲ့ပြောလျှင်တော့ အသားမည်းမည်းပေါ့၊ မုတ်ဆိတ်ပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရပ်ခေါ်တိုင်း အများခေါ်သည့်အတိုင်း ခေါ်မည်ဆိုလျှင် ကုလားဟု ခေါ်ခံရမည့် ပုံစံ။
    သူတို့နှစ်ဦးတွင် တူညီတာက နှစ်ဦးစလုံး ရှပ်အင်္ကျီနှင့် လုံချည်ကို ဝတ်ဆင်ထားခြင်းပင်။ တူညီမှုထဲက မတူညီတာက လူကြီးပိုင်းသူက အင်္ကျီ လက်ရှည်ကို ဝတ်ဆင်ထားပြီး အင်္ကျီအောက်စွန်းကို လုံချည်ထဲ သေသေသပ်သပ်ထည့်က ဝတ်ဆင်ထားသည်။
    လူလတ်ပိုင်းသူကတော့ အင်္ကျီလက်တိုကို အပြင်ထုတ်ဝတ်ထားသည်။
    နောက်တူညီမှုတစ်ခုကတော့ သူတို့ နှစ်ဦးစလုံး အပြုံးကိုယ်ဆီဖြင့် ပွင့်လင်းခင်မင်သည့် အမူအရာဖြင့် တစ်ဦးကို တစ်ဦး စကားပြောဆိုနေကြခြင်းပါ။
    အဲ့ဒီနောက် ကျွန်တော်လည်း လှမ်းနေသည်က တစ်ကြောင်း၊ ကိုယ့်အတွေးနဲ့ ကိုယ်ကတစ်ကြောင်းဖြင့် လိုက်ပါလာပြီး အမှုမဲ့အမှတ်မဲ့ဖြစ်သွားသည်။
    အဝိုင်းမှတ်တိုင်ရောက်ခါနီးမှာ ကားအပေါက်ဘက်ကို အမှတ်မထင် အာရုံပြုမှုလိုက်သည့်အချိန် လူကြီးပိုင်းသူက သားငယ်လေးကို ပွေ့ချီလျက် ဆင်းရန်ဟန်ပြင်နေပြီး သူ့ကလေးငယ်ကို “သားရေ ဦးဦးကို နှုတ်ဆက်လိုက်ဦး” ဆိုပြီးပြောလိုက်သံကြားလိုက်သည်။
    “ဦးဦး သွားတော့မယ် တာ့တာ” ဆိုပြီး လက်ဝှေ့ကာ အပြစ်ကင်း လှိုက်လှဲစွာ ပြုံးပြပြီး သူတို့ နှစ်ဦး ဆင်းသွားကြသည်။ ထိုအချိန် လူလတ်ပိုင်းသူမှာ ပြုံးလျက် ကားပေါ်တွင် ကျန်ခဲ့ကာ ဆက်လိုက်ပါလာခဲ့ပါတယ်။
    ဒီမိနစ်ပိုင်း အဖြစ်အပျက်လေးက ကျွန်တော့်ခေါင်းထဲကို အတွေးပေါင်းများစွာကို ဝင်ရောက်စေခဲ့ပါတယ်။
    အသားအရောင် အမျိုးနွယ် ပုံစံ (ဘာသာတရားလည်း ကွဲပြားမယ်လို့ ယူစမိပါတယ်၊ ဒါပေမယ့် ဘာသာတရားများဟာ ကန့်သတ်မှုကို လွန်မြောက်တဲ့အတွက် အသားအရောင် မျက်နှာအသွင်အပြင်စတာတွေနဲ့ မခွဲကောင်းတဲ့ အတွက် အတိအကျတော့ မပြောနိုင်ပါ)စတာတွေ မတူတဲ့ လူနှစ်ဦး ဘာကြောင့် တူညီစွာ တစ်ဦးကိုတစ်ဦး ပြုံးပြနိုင်ကြတာလဲ။
    ပြုံးရုံတင်မကဘဲ မိမိရဲ့ မျိုးဆက်ဖြစ်တဲ့ ကလေးငယ်လေးကိုပါ ကိုယ်နဲ့ မတူကွဲပြားတဲ့ သူတစ်ဦးကို ဟက်ဟက်ပက်ပက် ရိုးသားစွာ ပြုံးပြတတ်အောင် သင်ပေးနိုင်ရတာလဲ။
    ကျွန်တော် ငြိမ်းချမ်းရေး လူသားကြီး နယ်လ်ဆင် မင်ဒဲလား Nelson Mandela ရဲ့ စကားကို တွေးမိနေရင်း…
    “No one is born hating another person because of the color of his skin, or his background, or his religion. People must learn to hate, and if they can learn to hate, they can be taught to love, for love comes more naturally to the human heart than its opposite.”
    (ဘယ်သူကမှ အခြားသူတစ်ယောက်ကို သူရဲ့ အသားရောင်၊ နောက်ကြောင်း ဒါမှမဟုတ် ဘာသာတရားကြောင့်ဆိုပြီး မုန်းတီးပြီး မွေးလာတာ မဟုတ်ပါဘူး။ မုန်းဖို့ဆိုတာလည်း သင်ယူရတာပဲ။ မုန်းဖို့သင်ယူနိုင်ရင် ချစ်တတ်ဖို့ သင်ပေးနိုင်တာပဲ။ ချစ်ခြင်းမေတ္တာက အမုန်းတရားထက် စာရင် လူသားရဲ့ နှလုံးသားနဲ့ ပိုနီးပါတယ်။)
    မှတ်ချက် – မနှစ်တုန်းက ကိုယ်တွေ့ဖြစ်ရပ်လေးကို ရေးထားပြီး အခုမှ မျှဝေဖြစ်တာပါ။