News @ M-Media

Blog

  • ဖားကန့်တွင် မြေစာပုံ ထပ်မံပြိုကျမှုကြောင့် လူ ၄၀ ပျောက်ဆုံး

    ဖားကန့်တွင် မြေစာပုံ ထပ်မံပြိုကျမှုကြောင့် လူ ၄၀ ပျောက်ဆုံး

    ဇန်န၀ါရီ ၁၄၊ ၂၀၁၆
    M-Media

    ph

    – ကမ္ဘာ့အဆင့်မီ ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်တွင် အင်္ဂါနေ့ညပိုင်းက မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄၀ ပျောက်ဆုံးနေသည်ဟု သိရသည်။

    ဒေသစံတော်ချိန် ည ၁၀ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလက မြေစာပုံပြိုကျမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့သည့် နေရာနှင့် မနီးမဝေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    “၄၀ လောက်ပျောက်ဆုံးတယ်လို့ ကျွန်မကြားပါတယ်။ ဒါပေမယ့် ပျောက်ဆုံးနေသူတွေထဲက ၃ ဦးရဲ့ အမည်တွေကိုသာ ကျွန်မတို့ ရရှိပါသေးတယ်။ ထိခိုက်သူတွေကို ကူညီဖို့ ကျွန်မတို့သွားပေမယ့် နောက်ထပ် မြေစာပုံပြိုကျမယ့် အန္တရာယ်ကြောင့် သိပ်များများစားစား မလုပ်နိုင်ပါဘူး” ဟု ကချင် အမျိုးသားလူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ အတွင်းရေးမှူးဖြစ်သူ နော်လောက ပြောကြားခဲ့သည်။

    နိုဝင်ဘာလအတွင်းက ပေ ၂၀၀ ခန့်ရှိသည့် မြေစာပုံပြိုကျမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ပြီးခဲ့သည့်လကလည်း ထပ်မံပြိုကျမှုကြောင့် လူအချို့သေဆုံးခဲ့သည်။ အစိုးရကမူ ထိုဒေသအန္တရာယ်ကင်းရှင်းရေးအတွက် ယခုအချိန်အထိ မည်သည့်ဆောင်ရွက်မှုမှ ပြုလုပ်ခြင်း မရှိသေးပေ။

    Ref: RFA

  • မန်ယူနည်းပြဗန်ဂါးလ် မီဒီယာနှင့် ပြဿနာဖြစ်ပြန်

    မန်ယူနည်းပြဗန်ဂါးလ် မီဒီယာနှင့် ပြဿနာဖြစ်ပြန်

    ဇန်န၀ါရီ ၁၄၊ ၂၀၁၆
    M-Media

    van

    – အင်္ဂလိပ်မီဒီယာများနှင့် သဟဇာတဖြစ်အောင် မဆက်ဆံတတ်ဟု ဝေဖန်ခံနေရသည့် မန်ယူနည်းပြ ဗန်ဂါးလ်မှာ အသင်း၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးအား ကြိမ်မောင်းပြောဆိုခဲ့သည်ဟု သိရသည်။

    နယူးကာဆယ်အား ၃ ဂိုးစီသရေကျခဲ့သည့်ပွဲပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီဒီယာများက တိုက်စစ်မှူးရူနီအား “လူဝကြီး” ဟု ဝေဖန်ပြောဆိုမှုကို မကျေနပ်၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

    “ခင်ဗျားတို့ပဲ သူ့ကို ဝေဖန်နေတာလေ။ ကျွန်တော်က ဝေဖန်တာမဟုတ်ဘူး” ဟု ဂျာနယ်လစ်တစ်ယောက်ကို လက်ညှိုးထိုး၍ ပြောကြားခဲ့ပြီး “ခင်ဗျားလည်း ဘာထူးလဲ။ လူဝကြီးပဲ” ဟု ကြိမ်းမောင်းပြောဆိုကာ သတင်းစာရှင်းလင်းပွဲမှ ထွက်သွားခဲ့သည်။

    The Sun သတင်းစာ၏ ဂျာနယ်လစ်ဖြစ်သူ နီးလ် ကက်စ်တစ်က ဗန်ဂါးလ်လက်ညှိုးထိုး၍ ပြောခဲ့သူမှာ မိမိဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး ဆိုရှယ်စာမျက်နှာမှတစ်ဆင့် ပြန်လည်တုန့်ပြန်ခဲ့သည်။

    “ခင်ဗျားမှန်တယ် လူးဝစ်။ ကျွန်တော်က ဖက်တီးဖြစ်နေတယ်။ လွန်ခဲ့တဲ့လေးလလောက်က ကျွန်တော် ဒူးခေါင်းခွဲစိပ်လိုက်ရတယ်။ ဒါက ပြေးဖို့၊ ဂျင်မ်သွားကစားဖို့ ကျွန်တော့်ကို အဟန့်အတားဖြစ်စေခဲ့တယ်။ ရလဒ်ကတော့ နှစ်စတုံလောက် ၀ိတ်တက်လာတာပါပဲ။ အနည်းဆုံးတော့ ကျွန်တော့်အားနည်းချက်ကို ထုတ်ပြောနိုင်တယ်လေ။ ထုတ်မပြောနိုင်တဲ့ အခြားလူတွေကတော့ ရှက်စရာပေါ့ဗျာ”

    ဗန်ဂါးမှာ အင်္ဂလိပ်မီဒီယာများနှင့် ဆက်ဆံရေး အဆင်မပြေဟု ယခင်က သတင်းများထွက်ပေါ်ခဲ့ပြီး၊ မန်ယူအသင်း၏ ကျဆင်းမှုကို အကြောင်းခံကာ မီဒီယာများကလည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဗန်ဂါးလ်အား ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သည်။

    Ref: Goal

  • ကြိုးမဲ့အားသွင်းနစ်ကို အသုံးပြုသည့် နာကျင်မှုလျော့ချပေးသော ပစ္စည်းကို မကြာမီ အသုံးပြုနိုင်မည်

    ကြိုးမဲ့အားသွင်းနစ်ကို အသုံးပြုသည့် နာကျင်မှုလျော့ချပေးသော ပစ္စည်းကို မကြာမီ အသုံးပြုနိုင်မည်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    chip

    – နာတာရှည်ဝေဒနာ ခံစားနေရသူများ နာကျင်မှုသက်သာစေရန် အသုံးပြုရသော အာရုံကြော လှုံ့ဆော်ပစ္စည်းများအတွက် ဘက်ထရီဖြုတ်လဲစရာမလိုသည့် ကိရိယာ အသစ်တစ်မျိုး မကြာမီတွေ့မြင်ရတော့မည်ဟု စင်ကာပူရှိ A*STAR သိပ္ပံနှင့်နည်းပညာ သုတေသနဌာနမှ ယမန်နေ့တွင် ကြေငြာလိုက်သည်။

    A*STAR မှ ထုတ်လုပ်သည့် အဆိုပါ ခန္ဓာကိုယ်တွင်း ထည့်သွင်းနိုင်သည့် ကြိုးမဲ့ကိရိယာလေးသည် ဆန်စေ့လောက်သာသာပင် သေးငယ်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် ဘက်ထရီအပိုဆောင်ထားစရာလည်း လိုအပ်မည်မဟုတ်ဟု ဆိုသည်။

    အာရုံကြောလှုံ့ဆော်ပစ္စည်း (neurostimulators) ဟု ခေါ်သည့် နာကျင်မှုသက်သာစေသည့် ကိရိယာရာများမှာ နာတာရှည် နာကျင်မှုဝေဒနာသည်များအတွက် ရေရှည်အဖြေတစ်ခု ဖြစ်နေသည်။ ခန္ဓာကိုယ်အတွင်း ထည့်သွင်းထားရသည့် အဆိုပါကိရိယာမှာ နာကျင်စေသည့် အာရုံခံစားမှုကို ဦးနှောက်သို့မရောက်နိုင်အောင် တားဆီးပေးပြီး ဝေဒနာရှင်များအနေဖြင့် ထုံကျင်နေသည့် အခြေအနေမျိုး ခံစားနေရသည်ပုံစံဖြစ်သည်ဟု A*STAR က ဆိုသည်။

    ယခုလက်ရှိအသုံး အသုံးပြုနေသည့် အဆိုပါ အာရုံကြောလှုံ့ဆောင်ပစ္စည်းများမှာ ဘတ္ထရီစနစ် အသုံးပြုရသောကြောင့် အားကုန်သွားပါက ခွဲထုတ်၍ ဖယ်ရှားရသည်။

    A*STAR မှထုတ်လုပ်သည့် အဆိုပါ ကိရိယာသစ်မှာ မိုက်ခရိုချစ်ပ် တစ်ခုပေါ်တွင် လုပ်ဆောင်ပြီး ကြိုးမဲ့ဒေတာကူးပြောင်းနှုန်း အလွန်မြင့်မားကာ ပါဝါစားအလွန့်အလွန်နည်းသည်။ ထို့ပြင် အားကုန်သွားပါကလည်း ကြိုးမဲ့စနစ်ဖြင့် အားပြန်သွင်းနိုင်သည်ဟု အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ထိုကိရိယကို လူနာများ အဘေးအန္တရာယ်ကင်းမှု ရှိ၊ မရှိ ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ်သွားမည်ဖြစ်ပြီး တစ်နှစ်အတွင်း ဈေးကွက်တင်နိုင်မ်ဟု ခန့်မှန်းထားကြောင်း A*STAR ကထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • မွတ်စလင်များကို စော်ကားခြင်းမှာ မှားယွင်းသည်ဟု အိုဘားမားပြော

    မွတ်စလင်များကို စော်ကားခြင်းမှာ မှားယွင်းသည်ဟု အိုဘားမားပြော

    ဇန်န၀ါရီ ၁၄၊ ၂၀၁၆
    M-Media

    us

    – မွတ်စလင်များအား စော်ကားခြင်းမှာ မှားယွင်းသောကိစ္စဖြစ်သည်ဟု အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ၎င်း၏ နောက်ဆုံး နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားလိုက်ပြီး ပြည်သူများ၏ လူမျိုး၊ ဘာသာတရားတို့ကို ပစ်မှတ်ထားသော နိုင်ငံရေးကို လက်မခံရန် အမေရိကန်ပြည်သူများကို တိုက်တွန်းခဲ့သည်။

    “နိုင်ငံရေးသမားတွေဟာ နိုင်ငံရပ်ခြား ဒါမှမဟုတ် ကျွန်တော်တို့နိုင်ငံသား မွတ်စလင်တွေကို စော်ကားပြောဆိုတာဟာ လုံးဝ မှားယွင်းပါတယ်။ ကမ္ဘာ့ရဲ့အမြင်မှာ ကျွန်တော်တို့ကို အထင်သေးစေပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့လည်း ခက်ခဲစေပါတယ်။ ပြီးတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဖြစ်တည်မှုကိုလည်း သစ္စာဖောက်ရာ ကျပါတယ်” ဟု ယမန်နေ့မိန့်ခွန်း၌ အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    ယခုနှစ်တွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသည့် ဒေါ်နယ်ထရမ့်မှာ မက္ကဆီကိုနွယ်ဖွားများ၊ လူမည်းများ၊ ပြောင်းရွှေ့အခြေချ နေထိုင်သူများ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များအပေါ် စော်ကားသည့် မှတ်ချက်အမျိုးအမျိုးကို ပေးခဲ့ပြီး ၎င်းတို့ပါတီမှ ကိုယ်စားလှယ်လောင်း အချို့ကလည်း ထရမ့်၏ ပြောစကားအချိုကကို သံယောင်လိုက်ခဲ့သည်။

    အိုဘားမားက ယခုကဲ့သို့ ပြောဆိုမှုအပြီးတွင် ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် ပါတီဝင်များအားလုံး မတ်တပ်ရပ်၍ လက်ခုပ်တီးဂုဏ်ပြုခဲ့ကြသည်။ အိုဘားမာကမူ ကမ္ဘာကြီးက မိမိတို့အား လေးစာခြင်းမှာ စစ်အင်အားကြောင့်မဟုတ်ဟု ဆိုသည်။

    “ကျွန်တော်တို့ရဲ့ စစ်အင်အားကြောင့် ကမ္ဘာကြီးက ကျွန်တော်တို့ကို လေးစားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မတူကွဲပြားစွာညီညွတ်မှု၊ ကျွန်တော်တို့ရဲ့ ပွင့်လင်းမှုနဲ့ ဘာသာတရားတိုင်းကို ကျွန်တော်တို့ရဲ့ လေးစားမှုတွေကြောင့် ကျွန်တော်တို့အပေါ် လေးစားကြတာဖြစ်ပါတယ်”

    ပြီးခဲ့သည့်နှစ်က ပုပ်ရဟန်မင်းကြီး ဖရန်စစ် ကွန်ဂရက်တွင် ပြောကြားခဲ့သော “မင်းဆိုးမင်းညစ်များနှင့် လူသတ်သမားများက အသုံးပြုသော အမုန်းတရားနှင့် အကြမ်းဖက်တိုက်ခိုက်မှုကိုတို့ အတုယူခြင်းမှာ ၎င်းတို့၏ နေရာကို ၀င်ယူခြင်းသာဖြစ်သည်” ဟူသော မှတ်ချက်ကိုလည်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့ကာ၊ IS ကဲ့သို့ အကြမ်းဖက်အဖွဲ့များက ဖြစ်စေချင်သည့် လူ့အဖွဲ့အစည်းအတွင်း သွေးကွဲမှုကို မိမိတို့က လိုက်လံ ဆောက်ရွက်၍ မဖြစ်ဟု ထည်သွင်းပြောကြားခဲ့သည်။

    Ref: The Guardian

  • တည်တည်ငြိမ်ငြိမ်ရှိရန် လက်စတာနည်းပြက အသင်းအား သတိပေး

    တည်တည်ငြိမ်ငြိမ်ရှိရန် လက်စတာနည်းပြက အသင်းအား သတိပေး

    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media

    les

    – စပါးအသင်းအား ခက်ခက်ခဲခဲအနိုင်ရပြီး ဦးဆောင်သူ အာဆင်နယ်နှင့် အမှတ်တူလာခဲ့ပြီးနောက် တည်တည်ငြိမ်ငြိမ်ရှိရန် လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက အသင်းကို သတိပေးပြောကြားလိုက်သည်။

    ယခုရာသီတွင် အံ့သြဖွယ်ရာ ခြေစွမ်းများကို ပြသနိုင်ခဲ့သည့် လက်စတာမှာ ယနေ့မနက်က ၀ှိုက်ဟတ်လိန်းတွင် ကစားခဲ့သည့် ထိုပွဲတွင် အိမ်ရှင်အသင်း၏ ဖိအားပေးခြင်းကို အလွန်အမင်းခံခဲ့ရပြီး ဂိုးပေးရလုနီးပါး အခြေအနေကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း စပါးအသင်းမှာ ဂိုးမရခဲ့ဘဲ ၈၃ မိနစ်တွင် ရောဘတ်ဟုသ်၏ ခေါင်းတိုက်ဂိုးဖြင့် လက်စတာက အနိုင်ရခဲ့သည်။

    “ကျွန်တော်တို့ နိုင်ချင်ခဲ့ပေမယ့် ခက်ခဲတဲ့ပွဲတစ်ပွဲဆိုတာကိုလည်း ကျွန်တော်တို့ သိခဲ့ပါတယ်။ စပါးဟာ တော်တော် ကောင်းမွန်စွာနဲ့ စတင်ခဲ့ပြီး ကျွန်တော်တို့ကို ဖိအားပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ယုံကြည်ချက်နဲ့ အနေအထားကိုတော့ အဆုံးအရှုံးမခံခဲ့ပါဘူး။ ဒါကပဲ သူတို့ကို ခက်ခဲစေခဲ့တာပါ” ဟု ပွဲအခြေအနေနှင့်ပတ်သက်၍ ရာနီယေးရီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ တည်ငြိမ်ရမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ၃ ပွဲဆက်တိုက် ဂိုးမပေးရတဲ့မှတ်တမ်းရခဲ့တယ်။ ကံမကောင်းစွာပဲ ဒါက ဇန်န၀ါရီမှာဖြစ်နေတယ်။ မေလမှာမဟုတ်ဘူး။ လုပ်စရာတွေအများကြီး ရှိပါတယ်။ ကျွန်တော်တို့ဟာ တည်တည်ငြိမ်ငြိမ်ရှိရမှာဖြစ်ပြီး ကျွန်တော်တို့ လုပ်နေတာတွေအပေါ်မှာ ယုံကြည်နေရပါမယ်”

    Ref: Goal