News @ M-Media

Blog

  • ဆီးရီးယားရှိ ပိတ်ဆို့ခံပြည်သူများထံသို့ အကူအညီများရောက်ရှိ

    ဆီးရီးယားရှိ ပိတ်ဆို့ခံပြည်သူများထံသို့ အကူအညီများရောက်ရှိ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    syria

    – ပြည်သူ ထောင်ပေါင်းများစွာ ပိတ်မိနေပြီး၊ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးမှုများပင်ရှိခဲ့သည့် ဆီးရီးယားရှိ ပိတ်ဆို့ခံဒေသ ၃ ခုသို့ ဒေသတွင်းနှင့် နိုင်ငံတကာမှ အကူအညီပေးရေးအဖွဲ့များ ရောက်ရှိနေပြီဟု သိရသည်။

    ပိတ်ဆို့ခံဒေသများတွင် အကူအညီများ ထောက်ပံ့ပေးအပ်ရေးအတွက် ဆီးရီးယားအစိုးရနှင့် သူပုန်များအကြား သဘောတူညီမှု၏ အစိတ်အပိုင်းအဖြစ် အဆိုပါ အကူအညီပေးရေးအဖွဲ့များ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    ဒမတ်စတ်အနောက်ပိုင်း သူပုန်များထိန်းချုပ်ထားရာ မဒ်ရာမြို့တွင် အကူအညီပေးရေး ထရပ်ကားများမှာ ပထမဆုံး ရောက်ရှိလာခဲ့သည်။ အဆိုပါမြို့မှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လကတည်းက အစိုးရတပ်ဖွဲ့ဝင်များနှင့် ဟစ်ဇ်ဘိုလာတို့၏ ပိတ်ဆို့မှုကို ခံထားရသည့် နေရာဖြစ်သည်။

    ထို့ပြင် အစ်ဒ်လစ်ဘ်ပြည်နယ်ရှိ ပိတ်ဆို့ခံ မြို့ ၂ မြို့ဖြစ်သော ဖူအာနှင့် ကီဖရာယာတို့တွင်လည်း အကူအညီပေးရေးအဖွဲ့များ ရောက်ရှိခဲ့ကြသည်။ မဒ်ရာတွင် အကူအညီပေးမှုမှာ လူပေါင်း ၄၀၀၀၀ အတွက် တစ်လတာ စားနပ်ရိက္ခာ လုံလောက်စေမည်ဟု ကမ္ဘာ့စားနိပ်ရိက္ခာအစီအစဉ်က ပြောကြားခဲ့သည်။

    ဆီးရီးယားနိုင်ငံတစ်ဝှမ်း နေရာ ၁၅ နေရာတွင် အနည်းဆုံး ပြည်သူ ၄ သိန်းမှာ ၀န်းရံပိတ်ဆို့မှုများအောက်တွင် နေထိုင်နေရသည်ဟု ကုလက ပြောကြားခဲ့သည်။ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က မဒ်ရာတွင် အသက် ၁ နှစ်အောက်အရွယ် ကလေးငယ် ၆ ဦးအပါအ၀င် အနည်းဆုံး လူ ၂၈ ဦးမှာ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆက်စပ်သည့် အကြောင်းအရင်းများကြောင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

    ထို့ပြင် အလွန်အမင်းအဟာရချို့တဲ့နေသူ ၂၅၀ ရှိနေပြီး ၎င်းတို့ထဲမှ ၁၀ ဦးမှာ အသက်ရှင်ရေးအတွက် ချက်ခြင်း ဆေးရုံတင်ကုသရန် လိုအပ်နေသည်ဟု MSF က ထည့်သွင်းပြောကြားခဲ့သည်။ အခြားသော ပိတ်ဆို့ခံဒေသများတွင်လည်း အလားတူအဖြစ်မျိုးရှိနေပြီး အကူအညီပေးရေးအဖွဲ့များမှာ ထိုဒေသများသို့လည်း သွားရောက်လျက်ရှိနေသည်။

    Ref: Aljazeera

  • ဇီဒိန်းအဖွင့်လှမှုနဲ့အတူ ထိပ်ဆုံးနေရာ အပြောင်းအလဲမရှိခဲ့တဲ့ လာလီဂါပွဲစဉ် ၁၉

    ဇီဒိန်းအဖွင့်လှမှုနဲ့အတူ ထိပ်ဆုံးနေရာ အပြောင်းအလဲမရှိခဲ့တဲ့ လာလီဂါပွဲစဉ် ၁၉

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    laliga
    – ဒီတစ်ပတ်လာလီဂါမှာတော့ နည်းပြသစ်နဲ့ရီးယဲလ် ဂိုးပြတ်ခဲ့ပြီး ဘာစီလိုနာကလည်း အားကျမခံ ဂိုးပြတ်နဲ့ အနိုင်ရအောင် ကစားခဲ့ပါတယ်။

    အိမ်ကွင်းဘာနေဗျူး နည်းပြဇီဒိန်းရဲ့ ပထမဆုံးပွဲမှာ ရီးယဲလ်တို့ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဒီပို့တီဗိုကို ဘေးလ်ရဲ့ ဟက်ထရစ်ဂိုး၊ ဘန်ဇီမာရဲ့ ဂိုး ၂ ဂိုးနဲ့ ၅ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုရဲ့ ကျော်တက်မှုကို ခံထားရတဲ့ ဘာစီလိုနာကလည်း တန်းဆင်းဇုန်နားက ဂရာနာဒါကို တစ်ဖက်သတ်ကစားကာ ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဂိုးတွေကိုတော့ မက်ဆီက ဟက်ထရစ်နဲ့ နေးမာက ၁ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဟက်ထရစ်ဟာ မက်ဆီရဲ့ ဒီရာသီ ပထမဆုံးဟက်ထရစ် ဖြစ်ပါတယ်။

    ကစားရခက်တဲ့ အဆင့် ၅ က ဆဲလ်တာဗီဂိုကို အက်သလက်တီကိုက ဒုတိယပိုင်းသွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး တစ်ပွဲပို ၂ မှတ်အသာနဲ့ ဇယားထိပ်ဆုံးကို ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဂယ်ရီနဗီးလ်ရဲ့ ဗလင်စီယာကလည်း အဝေးကွင်းမှာ ဆိုစီဒက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရပြီး နဗီးလ်လက်ထက် ကစားပုံ ပိုကောင်းလာပေမယ့် နိုင်ပွဲတော့ မရသေးပါဘူး။

    Laliga 2ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၁၉ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဘာစီလိုနာ ၄-၀ ဂရာနာဒါ
    ဆီးဗီးလား ၂-၀ ဘီဘာအို
    ဂီတာဖေး ၁-၀ ဘက်တစ်
    ရီးယဲလ် ၅-၀ ဒီပို့တီဗို
    လီဗန်တေး ၂-၁ ဗယ်လက်ကာနို
    ဗီလာရီးယဲလ် ၂-၀ စပို့တင်းဂီဂျွန်
    ဆိုစီဒက် ၂-၀ ဗလင်စီယာ
    လက်စ်ပါးလ်မက်စ် ၁-၁ မာလာဂါ
    အိုက်ဘာ ၂-၁ အက်စပန်ညို
    ဆဲလ်တာဗီဂို ၀-၂ အက်သလက်တီကို

     

  • အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါကစ္စတန်တွင် ပြန်စ

    အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါကစ္စတန်တွင် ပြန်စ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    af

    – အာဖဂန်နစ္စတန် နောက်ဆုံးအဆင့် ငြိမ်းချမ်းရေး တရားဝင်သဘောတူညီချက် ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို ပါကစ္စတန်တွင် စတင်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်က အာဖဂန် တာလီဘန်ခေါင်းဆောင် မွလ္လာအိုမာရ် ပါကစ္စတန်ဆေးရုံတစ်ခုတွင် သေဆုံးခဲ့သည်ဟု ပြီးခဲ့သည့်နွေရာသီက သတင်းထွက်လာပြီးနောက် ပျက်ပြယ်သွားခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်အသက်ဝင်လာခြင်းလည်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နှင့် အမေရိကန်တို့မှ တာဝန်ရှိသူများလည်း ပါဝင်မည်ဖြစ်သည်။

    အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တာလီဘန်အဖွဲ့တွင်း သဘောထားကွဲလွဲနေခြင်း၊ အာဖဂန်အရှေ့ဘက်တွင် ISIL အဖွဲ့ ပေါ်ထွက်လာခြင်းနှင့် ပါကစ္စတန်နှင့် အာဖဂန်ကြား ယုံကြည်မှုမရှိခြင်း စသည့်ကိစ္စများ ပါဝင်မည်ဖြစ်သည်။ အမေရိကန်နှင့် တရုတ်တို့၏ ပါဝင်မှုက ဆွေးနွေးပွဲအား ထိန်းသိမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

    သဘောတူညီချက်တွင် “အကြမ်းဖက်မှုများနှိမ်နှင်းရာ၌ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး” လည်း ပါဝင်မည်ဟု အာဖဂန်၏ ပြောရေးဆိုခွင့်ရှိသူ ဖိုင်ဆယ်က ပြောကြားခဲ့သည်။

    “ငြိမ်းချမ်းရေးကို လိုလားသူတွေက ဆွေးနွေးပွဲမှာ ပူးပေါင်းပါဝင်နိုင်ပြီး တိုက်ခိုက်ရေးကိုသာ စိတ်အားထက်သန်သူတွေကိုတော့ အကြမ်းဖက်နှိမ်နှင်းရေးရှုထောင့်ကနေ ဘုံရန်သူအဖြစ် ပစ်မှတ်ထားခံရမှာဖြစ်ပါတယ်” ဟု ဖိုင်ဆယ်က ဆိုသည်။

    ပါကစ္စတန်ဝန်ကြီးချုပ်၏ နိုင်ငံခြားရေးရာအကြံပေး ဆာတက်ဂ်ျ အဇစ်က “ပြန်လည်ရင်ကြားစေ့ရေးရဲ့ အဓိကရည်ရွယ်ချက်က တာလီဘန်အုပ်စုကို ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်ရောက်အောင် တွန်းပို့နိုင်မယ့်အခြေအနေကို ဖန်တီးပေးဖို့နဲ့ နိုင်ငံရေးရည်မှန်းချက်တွေအတွက် အကြမ်းဖက်ခြင်းကို လက်နက်တစ်ခုသဖွယ် အသုံးပြုနေတာကနေ ကင်းကွာစေဖို့ မက်လုံးပေးတာပါပဲ” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် တာလီဘန်အုပ်စုအတွင်း ဂိုဏ်းကွဲမှုအပါအ၀င် အခြားစဉ်းစားရမည့် အအကြောင်းအချက် အများအပြား ရှိနေသေးသည်ဟုလည်း ထောက်ပြခဲ့သည်။

    “တာလီဘန်ဟာ ခေါင်းဆောင်သစ် မွလ္လာအခ်တာ မန်ဆူးရ်ကို တင်မြှောက်ပြီးကတည်းက စုစည်းညီညွှတ်တဲ့အဖွဲ့တစ်ခုမဟုတ်တော့ပါဘူး” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Al-jazeera

  • ၂၀၁၅ အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီရရှိ

    ၂၀၁၅ အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီရရှိ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    messi

    – ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ရီးယဲလ်မက်ဒရစ်မှ ရော်နယ်ဒိုနယ်နှင့် အသင်းဖော် နေးမာတို့အား ကျော်ဖြတ်ကာ ရရှိခဲ့သည့် အဆိုပါဆုမှာ မက်ဆီ၏ ၅ ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုလည်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ Ballon d’Or ဆုကို ဆက်တိုက်ရယူခဲ့သည့် မက်ဆီမှာ ပြီးခဲ့သည့် ၂ နှစ်တွင် ရော်နယ်ဒို၏ ကျော်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ယခုတွင်မူ မဲအပြတ်အသတ်ဖြင့် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဖလား ၅ လုံးရရှိခဲ့သည့် ဘာစီလိုနာတွင် မက်ဆီမှာ အကောင်ဆုံးခြေစွမ်းများကို ပြသနိုင်ခဲ့ပြီး အာဂျင်တီးနားလက်ရွေးစင်အသင်း ကိုပါအမေရိက ဖိုင်နယ်သို့ ရောက်ရှိရာတွင်လည်း မက်ဆီ၏ စွမ်းဆောင်မှုများက အဓိကကျခဲ့သည်။

    “မယုံနိုင်စရာပါပဲ။ ကလေးဘ၀က ကျွန်တော် အိပ်မက် မက်ခဲ့တာထက်ကို အများကြီး ပိုသွားပါပြီ။ အသင်းဖော်တွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ သူတို့တွေမရှိဘဲနဲ့ ဒါမျိုး တစ်ခုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး” ဟု ယမန်နေ့တွင် ဇူးရစ်ခ်ျ၌ ပြုလုပ်ခဲ့သည့် ဆုပေးပွဲအခမ်းအနားတွင် မက်ဆီက ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး နည်းပြဆုကို ဘာစီလိုနာနည်းပြ လူးဝစ် အန်းရစ်က ရရှိခဲ့ပြီး၊ အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျပန်အသင်းအား ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် အမေရိကန် အမျိုးသမီးဘောလုံးသမား ကာလီ အလ်လွိုက်ဒ်က အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို ရရှိခဲ့သည်။

    Ref: Aljazeera

  • သြစတေးလျရှိ အသစ်ဆောက်မည့် အားကစားရုံတွင် ၀တ်ပြုခန်း ၃ ခု ထည့်သွင်းပေးမည်

    သြစတေးလျရှိ အသစ်ဆောက်မည့် အားကစားရုံတွင် ၀တ်ပြုခန်း ၃ ခု ထည့်သွင်းပေးမည်

    ဇန်န၀ါရီ ၁၁၊ ၂၀၁၆
    M-Media

    aus
    ဆောက်လုပ်မည့် အားကစားရုံ ပုံစံငယ်

    – သြစတေးလျနိုင်ငံ ပါ့သ်မြို့မှာ ဆောက်လုပ်ဖို့စီစဉ်နေတဲ့ အားကစားရုံတစ်ခုမှာ ၀တ်ပြုဆောင် ၃ ခု ထည့်သွင်းပေးမှာဖြစ်ပြီး သြစတေးလျမွတ်စလင်တွေကတော့ ဒီဆောင်ရွက်မှုကို ကြိုဆိုလိုက်ကာ သူတို့ဟာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာ မှတ်ယူခံစားနိုင်ဖို့ အကူအညီဖြစ်လိ့မ်မယ်လို့ ပြောကြားခဲ့ကြပါတယ်။

    ကန်ဒေါ်လာ ၁.၄ ဘီလီယံလောက်ကုန်ကျမယ့် အဲဒီအားကစားရုံကို ပါ့သ်မြို့ရဲ့ ဘာ့စ်ဝုဒ်မြို့နယ်မှာ ဆောက်လုပ်မှာဖြစ်ပြီး ကိုယ်လက်သန့်စင်တဲ့နေရာ၊ စာအုပ်စင်နဲ့ ဖိနပ်စင်တွေပါဝင်တဲ့ ၀တ်ပြုခန်းတွေ ပါဝင်မှာဖြစ်ပါတယ်။

    သြစေတးလျ သစ်လွင်မွတ်စလင်အသင်း ဥက္ကဌ စအီဒ် ကာနာဝါတီက အနောက်သြဈေးလျပြည်နယ် အစိုးရရဲ့ ဒီလုပ်ရပ်ကို ချီးကျူးခဲ့ပါတယ်။ သူက မွတ်စလင်များစုဟာ သူတို့ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာအတွင်းမှာ ၀တ်ပြုဖို့အတွက် ထည့်သွင်းထားပေမယ့်၊ အဲဒီလို စီစဉ်မှုဟာ အမြဲတမ်းတော့ အလုပ်မဖြစ်ဘူးလို့ ဆိုပါတယ်။

    “ဥပမာအားဖြင့် ကျွန်တော်ဟာ မနေ့က Big Bash (ခရစ်ကတ်) ပွဲသွားကြည့်တယ်။ ပြီးတော့ နေ၀င်ချိန်ဝတ်ပြုမှုကို ဘယ်လို ၀တ်ပြုရမလဲဆိုတာ ကျွန်တော် စဉ်းစားခဲ့ရပါတယ်။ ဒါပေမယ့် ကွင်းထဲကနေထွက်သွားပြီး ပန်းခြံသေးသေးလေးတစ်ခုရှာ ၀တ်ပြုပြီး ပြန်လာခဲ့ပါတယ်” လို့ ကာနာဝါတီက ဆိုပါတယ်။

    အားကစားရုံမှာ ၀တ်ပြုခန်းတွေ ဒီလိုထည့်သွင်းပေးမှုဟာ သြစတေးလျမွတ်စလင်တွေကို လူ့အဖွဲ့အစည်းရဲ့ အစိတ်ပိုင်းအဖြစ် ခံစားရစေတယ်လို့လည်း သူက ဆိုပါတယ်။

    “ဒီလိုကိစ္စတွေက ခင်ဗျားအနေနဲ့ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းဖြစ် ခံစားရတယ်လို့ မှတ်ယူလို့ ရပါတယ်။ အရေးအကြီးဆုံးကိစ္စက ဒီနေ့ခေတ်ဟာ မွတ်စလင်ရော၊ မွတ်စလင်မဟုတ်သူတွေပါ လူ့အဖွဲ့အစည်းမှာ ပါဝင်တယ်လို့ ခံစားရဖို့ပါ။ အစွန်းရောက်မှုကို ရပ်တန့်ဖို့ တစ်ခုလောက်ဆောင်ရွက်ရုံနဲ့ မရပါဘူ။ အများကြီးလုပ်ရမှာပါ”

    aus 2
    ၅ ကြိမ် အချိန်မှန်ဝတ်ပြုလေ့ရှိသည့် သြစတေလျးမွတ်စလင် ရဘ်ဘီကစားသမား ဘာချာဟူလီ

    တိုင်းရင်းသားလူမျိုးများကောင်စီရဲ့ ဥက္ကဌဟောင်းဖြစ်သူ ဆူရက်ရှ် ရာဂျန်ကလည် အားကစားရုံမှာ ၀တ်ပြုဆောင်တွေ ထည့်သွင်းမယ့်အစီအစဉ်ကို သဘောတူခဲ့ပြီး၊ သြစတေးလျရဲ့ ရပ်ဘီရာသီဟာ များသောအားဖြင့် မွတ်စလင်တွေရဲ့ ရမ်ဇန်ဥပုသ်လနဲ့ တိုက်ဆိုင်တတ်တယ်လို့ ပြောခဲ့ပါတယ်။

    ဒါ့အပြင် မွတ်စလင်လူငယ်တွေကို လူ့အဖွဲ့အစည်းက ပင်မရေစီးကြောင်းရဲ့ တန်ဖိုးရှိတဲ့အစိတ်အပိုင်းအဖြစ် ခံစားရလာအောင် လုပ်ဆောင်ရမယ်လို့လည်း ရာဂျန်က ဆိုပါတယ်။

    အားကစားဝန်ကြီး ကိုလင်ဟော့လ်တ်ကတာ့ အားကစားရုံအသစ်မှာ ဘာသာပေါင်းစုံဝတ်ပြုခန်းတွေ ထည့်သွင်းတာဟာ အနောက်သြစတေးလျရဲ့ ယဉ်ကျေးမှုပေါင်းစုံ အသိုင်းအ၀ိုင်းဟာ ပြောင်းလဲနေတာဆိုတာကို ပြသဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    အားကစားရုံရဲ့ မြောက်ဘက် ပထမထပ်အခန်းမှာရှိတဲ့ ၀တ်ပြုခန်းဟာ ပရိတ်သတ်တွေအတွက်ဖြစ်ပြီး အသင်းအ၀တ်လဲခန်းနဲ့ကပ်နေတဲ့နေရာက ၀တ်ပြုခန်း ၂ ခန်းကတော့ ကစားသမားတွေအတွက်ဖြစ်တယ်လို့ ဟော့လ်တ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    အားကစားရုံတွေမှာ ၀တ်ပြုခန်းတွေထည့်သွင်းဖို့ကိစ္စဟာ ၂၀၁၂ ခုနှစ်မှာ သြစတေးလျ ရဘ်ဘီလိဂ် AFL က သူတို့ရဲ့ ပရိတ်သတ်တွေ၊ ကစားသမားတွေ ၀တ်ပြုနိုင်ဖို့အတွက် နေရာလေးတွေ ဖန်တီးပေးဖို့ မေတ္တာရပ်ခံပြီး နောက်ပိုင်းမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    Ref: Dialymail